
နေပြည်တော် မတ် ၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၁/၂၀၂၀)မှတစ်ဆင့် ပြည်သူများနှင့် ကျန်းမာရေးဝန်ထမ်းများထံသို့ အသိပေးစကားပြောကြားသည်။
တစ်ဦးချင်းစီ၌ တာဝန်ရှိ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကဆောင်ရွက်နေသည်မှာ ဇန်နဝါရီ ၅ ရက်မှ ယခုအချိန်အထိ နှစ်လကျော်ကာလ ရှိပြီဖြစ်ပါကြောင်း၊ အစဦးတွင် ဝန်ကြီးဌာန၏ဆောင်ရွက်ချက်များသည် အရေးကြီးသော်လည်း နှစ်လကြာပြီး ယခုအချိန်၌ ပြည်သူများ၏ သိရှိပါဝင်မှု အခန်းကဏ္ဍသည် ပိုမိုအရေးကြီးလာပြီဖြစ်ပါကြောင်း၊ ပြည်သူများ၏ COVID-19 ရောဂါအပေါ်ခံယူချက်၊ ရောဂါ၏ကူးစက်ပျံ့နှံ့မှုနှင့် ကာကွယ်ထိန်းချုပ်မှုတို့ကို သိရှိနားလည်မှု အတိုင်းအတာ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပြည်သူများ မိမိတို့ကိုယ်တိုင် လိုက်နာဆောင်ရွက်ရမည့်အခန်းကဏ္ဍ၊ မိမိ၌လည်း ကောင်း၊ မိမိ၏ပတ်ဝန်းကျင်၌လည်းကောင်း သံသယရောဂါလက္ခဏာဖြစ်ပွားမှု တွေ့ရှိပါက အနီးဆုံးကျန်းမာရေးဝန်ထမ်း၊ ကျန်းမာရေးဌာနထံသို့ သတင်းပေးပို့ ရန်တာဝန်ရှိမှု၊ မိမိတို့ပါဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းပါက ရောဂါ ဖြစ်ပွားမှုနှင့် ကူးစက်မှုများ ကာကွယ်နိုင်မည်၊ ထိန်းချုပ်နိုင်မည်ဆိုသည့်အချက်၊ မိမိတို့ တစ်ဦးချင်းစီတွင် မြန်မာနိုင်ငံ၌ ရောဂါပျံ့နှံ့မှုမရှိရန် အသီးသီးတာဝန်ရှိသည် ဟူသော ခံယူချက်များရှိမှု စသည့် အချက်များသည် ယခုအချိန်၌ အလွန်အရေး တကြီးလိုအပ်ပါကြောင်း။
ယခုအချိန်၌ ပြည်သူများသည် စိုးရိမ်ထိတ်လန့်မှုလွန်ကဲစွာ (panic) ဖြစ်ပြီး လုပ်ဆောင်ရမည့်အချက်များကို မလုပ်ဆောင်မိခြင်းမျိုးမဖြစ်စေရန် လိုအပ် ပါကြောင်း၊ မဟုတ်မှန်သော ကောလာဟလသတင်းတုများ၊ သတင်းမှားများ ကို ထပ်ဆင့်ဖြန့်ဝေခြင်းနှင့် ကိုယ်တိုင်ပြောကြားခြင်း၊ ဖန်တီးခြင်းများ မပြုလုပ် ကြစေလိုပါကြောင်း၊ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်သည်ဖြစ်ပါကြောင်း၊ မိမိထပ်မံအသိပေးပြောကြားလိုသည်မှာ လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းများဖြန့်ဖြူးနေသူများအနေဖြင့်လည်း ကျင့်ဝတ်နှင့်အညီ တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပ အင်တာနက်စာမျက်နှာများ၊ လူမှုကွန်ရက်စာမျက်နှာများ၊ facebook စသည့် နေရာအနှံ့မှသတင်းများကို ခိုင်မာတိကျမှုရှိသည့် သတင်း ရင်းမြစ်နှင့် ချိန်ထိုးတိုက်ဆိုင်စစ်ဆေးပြီးမှ မှန်ကန်သည့်သတင်းများကိုသာ ယုံကြည်ကြရန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ တရားဝင်ထုတ်ပြန်ချက်များကို ကြည့်ရှုစေလိုပါကြောင်း။
ထိရောက်စွာဆောင်ရွက်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း မတ် ၇ ရက်တွင် ယခုအခါ ကမ္ဘာတစ်ဝန်း၌ COVID-19 ဓာတ်ခွဲအတည်ပြု ရောဂါဖြစ်ပွားသူဦးရေ ၁၀၀၀၀၀ ကျော်သွားပြီ ဖြစ်ကြောင်း၊ ရောဂါပျံ့နှံ့မှုကို အတိုင်းအတာတစ်ခုအထိ နှေးကွေးသွားစေရန် နှင့် ဖြစ်ပွားမှုကျဆင်းသွားရန်အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ရောဂါပျံ့နှံ့ မှုထိန်းချုပ်ရေး (containment) လုပ်ငန်းစဉ်များကို အားသွန် ခွန်စိုက် ဆက်လက်ဆောင်ရွက်သွားရန်၊ ပြည်သူများအတွင်း ဖျားနာသည့်လူနာ များအား အမြန်ဆုံးရှာဖွေခြင်း၊ အသွားအလာကန့်သတ်ပိတ်ပင်ခြင်း (quarantine)၊ လူနာများအတွက် ဆေးရုံများနှင့် ဆေးခန်းများ ပြင်ဆင် ထားရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေးခြင်း စသည့် နည်းလမ်း များဖြင့် ထိရောက်စွာဆောင်ရွက်ရန်တို့ကို တိုက်တွန်းထားပါကြောင်း၊ အဆိုပါ တိုက်တွန်းချက်များအားလုံးကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လုပ်ဆောင်လျက်ရှိပါကြောင်း။
ယခုကာလတွင် ဝန်ကြီးဌာန၏ ဆေးရုံများတွင် ရောဂါဖြစ်ပွားသူများ အတွက် ကုသမှုပေးရန် ပြင်ဆင်ထားရှိမှု၊ အသင့်အနေအထားရှိမှုတို့သည် အရေးကြီးသဖြင့် မိမိတို့သည် သတ်မှတ်ဆေးရုံ (designated hospital) များတွင် အထူးဦးစားပေးသတ်မှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိအချိန်၌ မိမိတို့နိုင်ငံအတွင်းသို့ ပြည်ပမှဝင်ရောက်လာသူ အရေအတွက်များနည်းပါးလာ သည်နှင့်အမျှ ရောဂါဖြစ်ပွားကူးစက်ရန် အလားအလာရှိမှုသည် တိုက်ရိုက်အချိုး ကျ နည်းပါးသွားမည်ဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားကူးစက်မှုများပြားနေသော ကိုရီးယားသမ္မတနိုင်ငံမှ လေကြောင်းလိုင်းများ မိမိတို့နိုင်ငံသို့ ဝင်ရောက်မှုကို ယခုလ ၉ ရက်နေ့မှ ဧပြီလ ၂၄ ရက်နေ့အထိ ရပ်နားထားမည်ဟု သိရှိရပါကြောင်း၊ မိမိတို့နိုင်ငံရှိ မြန်မာအမျိုးသားပိုင်လေကြောင်းလိုင်းမှ ကိုရီးယားသမ္မတနိုင်ငံသို့ တစ်ပတ်လျှင် သုံးကြိမ် သွားလာမှုများကို လျှော့ချခြင်း (သို့မဟုတ်) လုံးဝပိတ် ခြင်းတို့ကို အမြန်ဆုံးစတင်ဆောင်ရွက်ရန်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာန ထံသို့ ယမန်နေ့တွင် အကြံပြုမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန် ကမ္ဘာ့နိုင်ငံများ၌ ကပ်ရောဂါဖြစ်ပွားမှုအခြေအနေအရပ်ရပ်ကို သုံးသပ်ပါက COVID-19 ရောဂါကြောင့် အကြမ်းဖျင်းသေဆုံးနှုန်းမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိနေပါကြောင်း။
ပြည်သူများအနေဖြင့် မိမိတို့၏ ဆွေမျိုး၊ မိတ်ဆွေနှင့် ပတ်ဝန်းကျင်ရှိ အသက်အရွယ်ကြီးသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါရှိသူများ၊ ကျောက်ကပ် ဆေးနေရသူများ၊ ကင်ဆာ စသည့် နာတာရှည်ရောဂါအခံရှိသူများတွင် ရောဂါ ဖြစ်ပွားပါက ပြင်းထန်ပြီး သေဆုံးနိုင်ရန် အလားအလာများပါကြောင်း၊ အသက် အရွယ်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လူစုလူဝေးများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို အထူးအလေးပေးလိုက်နာကျင့်သုံးရန်အတွက် တစ်ဦးမှတစ်ဦးသို့ ဆင့်ပွား အကြောင်းကြားပြောကြားကြစေလိုပါကြောင်း၊ မိမိအနေဖြင့်လည်း သက်ကြီး ဘိုးဘွားရိပ်သာများ၊ သက်ကြီးရွယ်အိုနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ ပရဟိတ ဂေဟာများ၊ လူငယ်စောင့်ရှောက်ရေးဂေဟာများ၊ အမျိုးသမီးသင်တန်းကျောင်း၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ မသန်စွမ်းကျောင်းများနှင့် လူငယ်သင်တန်းကျောင်းများတွင် ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားနိုင်သဖြင့် သတိပြုဆောင်ရွက်ရန်ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနသို့ အကြံပြုအကြောင်း ကြားထားပြီးဖြစ်ပါကြောင်း။
လျင်မြန်စွာပျံ့နှံ့
မိမိတို့သတိပြုရမည့်အချက်မှာ အမေရိကန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံစသည်တို့တွင် ရောဂါဖြစ်ပွားမှုစတွေ့ပြီးနောက် မကြာခင်အချိန်အတွင်းမှာပင် လျင်မြန်စွာပျံ့နှံ့များပြားလာသည်ကို တွေ့ရှိရသည့် အချက်ဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံများကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဤရောဂါ ဖြစ်ပွားရောက်ရှိကာ ပျံ့နှံ့မှုဖြစ်ပွားလာပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဝန်ထမ်းများအတွက်လည်း ကြီးစွာသော လုပ်ငန်းဖိအားဒဏ်များ အပါအဝင် ဘက်စုံဖိအားများဝင်လာမည်ဖြစ်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ရောဂါစတင်ဖြစ်ပွားစဉ် မိမိတို့၏ဝန်ထမ်းများသည် ဇန်နဝါရီ ၅ ရက် ကတည်းက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့မအား၊ ညမနား ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် မိမိတို့နိုင်ငံ၌လည်း အလားတူပုံစံ ဖြစ်ပေါ်မလာစေရေးအတွက် လိုအပ်သောအစီအမံများကို စဉ်းစားဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ရောဂါ ကူးစက်ဖြစ်ပွားသူများကို ကိုင်တွယ်ကုသမှုပေးနေရသည့် ကျန်းမာရေးဝန်ထမ်း များတွင် ရောဂါကူးစက်ခံရနိုင်ခြေရှိသဖြင့် ဝန်ကြီးဌာနရှိ clinical management committee၊ Infection prevention and control committee နှင့် အထူးကု ဆရာဝန်ကြီးများက ပြုစုထုတ်ဝေထားရှိသော လူနာသတ်မှတ်မှု၊ လူနာကုသမှု၊ Infection prevention and control စသည့် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံး လုပ်နည်းများကို တိကျစွာလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ခံရနိုင်ခြေမရှိစေရန်နှင့် ဘေးကင်း လုံခြုံစေရန် မိမိတို့တတ်နိုင်သမျှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးအသိပေးနှိုးဆော်မှုများ ပြုလုပ်သောအခါတွင်လည်း နားလည်ရန် လွယ်ကူသော၊ မှတ်သားရန် ရိုးရှင်းတိုတောင်းသောနှိုးဆော်ချက်များနှင့် မှန်ကန် တိကျပွင့်လင်းသော သတင်းပြန်ကြားချက်များကိုသာ ပေးအပ်ရမည်ဖြစ်ပါ ကြောင်း။
အပြည့်အဝသိရှိနိုင်ခြင်းမရှိသေး
ရောဂါကာကွယ်နှိမ်နင်းရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ချက်ချင်း တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်များကို ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒ၊ လူမှုရေး၊ စီးပွားရေး၊ ခရီးသွားလာရေး၊ ကုန်သွယ်ရေး စသည့် ရှုထောင့်ပေါင်းစုံမှ ဝိုင်းဝန်းဆွေးနွေးစဉ်းစားပြီးမှသာ ချမှတ်လျက်ရှိပါကြောင်း၊ သို့မှသာ မိမိတို့ ဆောင်ရွက်ချက် ငွေကြေးကုန်ကျမှု၊ အချိန်ပေးရခြင်း အတိုင်းအတာအလေ အလွင့်မရှိဘဲ အကျိုးရှိထိရောက်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ ပညာရှင် များအနေဖြင့်လည်း အဆိုပါအချက်ကို အမြဲသုံးသပ်စဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ COVID-19 ရောဂါ၏ သဘောသဘာဝဖြစ်ပေါ်ပြောင်းလဲမှု (natural history of disease) ကို ယခုအချိန်အထိ အပြည့်အဝသိရှိနိုင်ခြင်းမရှိသေး ဆိုသည့်အချက်ကိုလည်း ဂရုပြု၍ မိမိတို့သည် ကာကွယ်ထိန်းချုပ်မှုလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိတို့ဝန်ကြီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ နိုင်ငံတကာကျန်းမာရေးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ရုံးချုပ်၊ အမေရိကန် CDC၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CDC နှင့် ရောဂါဖြစ်ပွားမှုများပြားသောနိုင်ငံများ၏ တရားဝင် အင်တာနက် စာမျက်နှာများရှိ သတင်းအချက်အလက်များကို အမြဲမပြတ်လေ့လာဆန်းစစ် သုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုအားလုံးရောဂါကူးစက်ခံရခြင်းမှ ကင်းဝေးစေရန် ဝန်ကြီးဌာနကဆောင်ရွက်လျက်ရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကျန်းမာရေးအသိပေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊ သံသယ လူနာများတွေ့ရှိပါက သတင်းပေးပို့ခြင်းတို့ဖြင့် ပါဝင်ဆောင်ရွက်သွားကြစေလို ပါကြောင်း၊ COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်များသည် မြန်မာနိုင်ငံ ပြည်သူ့ ကျန်းမာရေးကဏ္ဍကို စိန်ခေါ်နေသည့် ကိစ္စတစ်ရပ်ဖြစ်သဖြင့် မိမိတို့နှင့် ပြည်သူ များ၊ နှီးနွှယ်ဝန်ကြီးဌာန၊ လူမှုရေးအဖွဲ့အစည်းများနှင့် တညီတညွတ်တည်း ပူးပေါင်း၍ ကာကွယ်ထိန်းချုပ်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆွေးနွေးတင်ပြ
အစည်းအဝေးတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့် ပတ်သက်သည့် Daily Update Situation များနှင့် ထုတ်ပြန်ကြေညာချက်များ၊ အခြားနိုင်ငံများမှ ထူးခြားဖြစ်စဉ်များနှင့် သတင်းများ၊ အမေရိကန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အီတလီနိုင်ငံ၊ အီရန်နိုင်ငံတို့တွင် COVID-19 ရောဂါဖြစ် ပွားသူများ စတင်တွေ့ရှိခဲ့ပြီးနောက် မကြာခင် လျင်မြန်စွာ ဖြစ်ပွားပျံ့နှံ့မှုအပေါ် ဆန်းစစ်သုံးသပ်မှု၊ ဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းဆောင် ရွက်နေမှုများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ စောင့်ကြည့်လူနာ များ၏ အခြေအနေများ၊ ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ ဆောင်ရွက်ချက်များ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဆေးရုံများ၊ ပါမောက္ခ များ၊ ဆေးပညာအထူးကုဆရာဝန်များ၊ ကပ်ရောဂါဗေဒပညာရှင်များ အင်တာနက်ကွန်ရက်အသုံးပြု၍ video conferencing ပြုလုပ်၍ ကုသရေး လုပ်ငန်းများတွင် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကုသရေးလုပ်ငန်းလမ်းညွှန်များ စသည်တို့ကို ဆွေးနွေးတိုင်ပင်ခဲ့မှု၊ ဗဟိုအဆင့်တာဝန်ရှိသူများနှင့် တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများ video conferencing ပြုလုပ်၍ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းများ နှင့် အားဖြည့်ဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ခဲ့မှု၊ ဆေးနှင့် ဆေး ပစ္စည်းများဝယ်ယူမှုနှင့် လှူဒါန်းလက်ခံရရှိမှု၊ ဖြန့်ဖြူးမှုစသည်တို့ကို ဆွေးနွေး တင်ပြကြသည်။
သတင်းစဉ်