
စပိန်စူပါဖလားဗိုလ်လုပွဲစဉ်အဖြစ် ဘီလ်ဘာအို အသင်းနှင့် ရီးရဲမက်ဒရစ်အသင်းတို့ပွဲစဉ်ကို ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းက ဆော်ဒီ အာရေဗျနိုင်ငံ ရီယာ့ဒ်ရှိ King Fahd Interna-tional အားကစားကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး စပိန်စူပါဖလား ကို အသင်းသမိုင်းတစ်လျှောက် (၁၂) ကြိမ် မြောက် ဆွတ်ခူးနိုင်ခဲ့သည်။
ဘီလ်ဘာအိုအသင်းသည် စူပါဖလား ဆီမီးဖိုင်နယ်တွင် အက်သလက်တီကို မက်ဒရစ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခဲ့ကာ ပြိုင်ဘက် ရီးရဲမက်ဒရစ်အသင်းက နာမည်ကြီး ဘာစီလိုနာအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခဲ့သည်။
ယခုဗိုလ်လုပွဲစဉ်တွင် ဘီလ်ဘာအို အသင်းရော ရီးရဲမက်ဒရစ်အသင်းပါ အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ သည့်အတွက် ပွဲမှာအကြိတ်အနယ်ရှိခဲ့သည်။ ယခုပွဲစဉ်တွင် နှစ်သင်းစလုံး နည်းဗျူဟာပိုင်း၊ ကစားကွက် ပိုင်း၊ ဂိုးကန်သွင်းမှုပိုင်းတွင် သိသိသာသာ ကွာခြားခြင်း မရှိသော်လည်း အဆုံးသတ်ပိုင်း သေချာခဲ့သည့် ရီးရဲမက်ဒရစ် အသင်းက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ရီးရဲမက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် ရိုဒရီဂို၏ ဖန်တီးမှုမှ မိုဒရစ် က သွင်းယူပေးနိုင်ခဲ့ပြီး အသင်းအတွက် ဒုတိယဂိုးကို ယခုနှစ်ရာသီ ခြေစွမ်းပြသထား နိုင်သည့် ဘင်ဇီမာက ပယ်နယ်တီမှတစ်ဆင့် ပွဲချိန် ၅၂ မိနစ်တွင် သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၈၇ မိနစ်တွင် ရီးရဲမက်ဒရစ်အသင်းမှ မီလီတာအို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ် ခံခဲ့ရသည်။ ပွဲချိန်ပြည့်ခါနီးတွင် ဘီလ်ဘာအို အသင်း ပယ်နယ်တီကန်သွင်းခွင့်ရရှိခဲ့သော်လည်း ရာအူးလ် ဂါစီယာ အဆုံးသတ်ကန်သွင်း ရာ ရီးရဲမက်ဒရစ်ဂိုးသမား ကော့တွိုက်စ်ကာကွယ်နိုင်ခဲ့သဖြင့် ဘီလ်ဘာအိုအသင်း နစ်နာခဲ့ ရသည်။ ယခုပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ရီးရဲမက်ဒရစ်ကစားသမား မိုဒရစ်က ရရှိခဲ့သည်။ ရီးရဲမက်ဒရစ်အသင်း သည် စပိန်စူပါဖလားကို (၁၂) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ဘာစီလိုနာ အသင်း (၁၃) ကြိမ်မြောက်ပြီးလျှင် ဒုတိယ အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ သည်။ အောင်ဇော်