
မက်ဒရစ် ဒီဇင်ဘာ ၂၀
စပိန်နိုင်ငံ၌ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်စ်သည် နိုင်ငံအတွင်းရှိ ဒေသ ၁၇ခုမှ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် နိုင်ငံအတွင်း လူဦးရေ တစ်သိန်းလျှင် ၅၁၁ ဦးနှုန်း ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရလျက်ရှိရာ အဆိုပါအရေအတွက်သည် ဩဂုတ်လမှစတင်၍ အလွန်မြင့်မားသော ရောဂါ ကူးစက်မှုအခြေအနေသို့ ပြန်လည်ရောက်ရှိ နေကြောင်းတွေ့ရှိခဲ့ရပြီးနောက် ဆန်းချက်စ်က
တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရန် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင်နိုင်ငံအတွင်း ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းမျဉ်းများအား လက်ရှိအချိန်တွင် မြှင့်တင်သွားရန်လိုအပ်ကြောင်း ပက်ဒရိုဆန်းချက်စ်က ပြောကြားသည်။ နိုင်ငံအတွင်း လက်ရှိဆောင်ရွက်နေသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်သည် အောင်မြင် မှုရှိပြီး အသက် ၁၂ နှစ်အထက်ရှိသူ လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။
ကိုးကားဆင်ဟွာ
ဘာသာပြန်-စိုးသူရ