စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

 

နေပြည်တော် ဩဂုတ် ၂၁

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင် ရေး မဏ္ဍိုင် (၃) ရပ်နှင့် စတုတ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာတို့အကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေရန်နှင့် ပြည်သူများအား တိကျခိုင်မာသည့် သတင်းအချက် အလက်များ ပေးနိုင်ရန်တို့အတွက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်မှ တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်နှင့် ကောင်စီဝင်များ၊ မြန်မာနိုင်ငံသတင်း စာဆရာအသင်း၊ မြန်မာစာနယ်ဇင်း သမဂ္ဂ၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ နိုင်ငံတကာ မြန်မာသတင်းအဖွဲ့နှင့် မြန်မာအမျိုးသမီး သတင်းစာဆရာ များအဖွဲ့တို့မှ သတင်းမီဒီယာသမား များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲမှ ရလဒ်များ

အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့် က စတုတ္ထအကြိမ်မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံသား များ၏ သတင်းသိပိုင်ခွင့်ကို ဖြည့် ဆည်းရန်၊ သတင်းမီဒီယာသမား များ၏ ရပိုင်ခွင့် နှင့် လွတ်လပ်ခွင့်များ အပြည့်အဝရရှိ စေရန်အတွက် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေး မဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့နှင့် သတင်းမီဒီယာများအကြား တွေ့ဆုံ ဆွေးနွေး အဖြေရှာရန်၊ မဏ္ဍိုင်တစ်ရပ် ချင်းစီ၏ လုပ်ငန်းသဘာဝနှင့် သတင်းမီဒီယာလုပ်ငန်း သဘာဝတို့ကို အချင်းချင်း အပြန်အလှန် အသိအမှတ် ပြုလက်ခံကာ  ပူးပေါင်းညှိနှိုင်းခြင်းဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိသည့် ပြည်သူ့ အကျိုးပြု အစိုးရစနစ် (Good Governance) ပေါ်ထွန်းရေးအတွက် အထောက်အကူပြုရန်နှင့် တတိယ အကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံ ဆွေးနွေးပွဲမှ ရလဒ်များအား ပြန်လည် သုံးသပ်ရန်ဟူသည့် ရည်ရွယ်ချက် များဖြင့် ကျင်းပခြင်း ဖြစ်ပါ ကြောင်း။

သတင်းမီဒီယာ၏ အခန်းကဏ္ဍ

ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် သတင်းမီဒီယာ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံတစ်ခုတွင် အများ ပြည်သူသည် တိုင်းပြည်၏ အခြေအနေ၊ အကြောင်းအရာများ၊ သတင်းအချက်အလက်များကို သိရှိရ မည်ဖြစ်ပါကြောင်း၊ ပြည်သူသိသင့် သိထိုက်သည့် အချက်အလက်များကို ပြည့်ပြည့်ဝဝ သိရှိရန်အတွက် သတင်း မီဒီယာများကို အားကိုးရမည်ဖြစ်ပြီး သတင်းမီဒီယာသည် အများပြည်သူ သိရှိအောင် လုပ်ဆောင်ရမည်ဖြစ်ပါ ကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် မူလ ချမှတ်ထားသည့် ရည်ရွယ်ချက်များကို အခြေခံ၍  ကြိုတင်ညှိနှိုင်း အစည်း အဝေးများတွင် ဆွေးနွေးခဲ့ကြသည့် အချက်များ၊ မဏ္ဍိုင် (၃) ရပ်နှင့် ဆွေးနွေးပွဲမှ ပေါ်ပေါက်ခဲ့သည့် အချက် ၆ ချက်၊ သတင်းမီဒီယာများနှင့် ကြိုတင်ညှိနှိုင်း အစည်းအဝေးမှ အချက် ၈ ချက်၊ တတိယအကြိမ် မဏ္ဍိုင် (၄) ရပ်ဆွေးနွေးပွဲမှ ရရှိခဲ့သည့် ရလဒ် ၁၃ ချက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို ဆွေးနွေး သွားကြရန်ရှိပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲမှ ကောင်းမွန်သော အကျိုး ရလဒ်များ ထွက်ပေါ်စေရန်နှင့် ပါဝင် သည့် မဏ္ဍိုင်အချင်းချင်းအကြား နားလည်သိရှိမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်စေရန် ရလဒ် ကောင်းများ ထွက်ပေါ်စေပြီး အဆိုပါ ရလဒ်များမှ ဆက်လက်၍ မိမိတို့နိုင်ငံ တွင် ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ဖြစ်ပေါ်ရန် ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အထောက် အကူပြုနိုင်စေရန် ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြား သည်။

ကောင်းမြတ်သည့် လက္ခဏာများ

ထို့နောက် မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်က မဏ္ဍိုင် (၄) ရပ် အလုပ်ရုံ ဆွေးနွေးပွဲများသည် ဒီမိုကရေစီနိုင်ငံတစ်ခု၏ ကောင်းမြတ် သည့် လက္ခဏာများ ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် နိုင်ငံတိုးတက်ရန် လမ်းကြောင်းခင်းခြင်းလည်း ဖြစ်ပါ ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အချုပ်အခြာအာဏာသည် ပြည်သူတွင် တည်ပါကြောင်း။

မဏ္ဍိုင် (၃) ရပ်သည် အပြန်အလှန် ထိန်းကျောင်းသည့်စနစ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေက တာဝန်ပေးအပ်ထား ပါကြောင်း၊ အဆိုပါမဏ္ဍိုင်များကဲ့သို့ မင်းတုန်းမင်းလက်ထက် ကုန်းဘောင် ခေတ် နှောင်းပိုင်းတွင်  သတင်းမီဒီယာ သမားများကို ပြည်ကြီးပခုံး၊ ပြည့် မျက်လုံးအဖြစ်နှင့် တာဝန်သတ်မှတ် ပိုင်းခြား ပေးထားခဲ့ပါကြောင်း၊ ယနေ့ ခေတ်တွင်  သတင်းမီဒီယာသမားများ သည် ပြည်သူများ သတင်းအမှန်ရရှိ ရေးအတွက် အဆိုပါတာဝန်များကို ထမ်းဆောင်နေကြပါကြောင်း ပြော ကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မီဒီယာသမား များ အပါအဝင် ပြည်သူများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားပိုင်ခွင့်ကို ဘေးအန္တရာယ်ကင်းရှင်း စွာ ခံစားနိုင်ရန်အတွက် မီဒီယာ ကျင့်ဝတ်၊ ဒစ်ဂျစ်တယ်မီဒီယာပညာ၊ သတင်းအချက်အလက်ဆိုင်ရာ သိနား လည်မှု စသည်တို့ကို နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူအားလုံးက မြှင့်တင် ပေးနိုင်အောင် ပူးပေါင်းဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ ဖြစ်ရပ်များကို လေ့လာကြည့်ပါက မီဒီယာများ မမှန်မကန် ရေးသား ဖော်ပြမှုကြောင့် ပြည်တွင်း စစ်မီးတောက်ခဲ့ရသည်များ ရှိသကဲ့သို့၊ နိုင်ငံတစ်ခု၏ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကို ပြည်ပ အဖျက် အမှောင့်များက လူသုံးများသော အွန်လိုင်းမီဒီယာများမှ တစ်ဆင့် ဝင်နှောက်ခဲ့ကြသည်ကိုလည်း ကြား ဖူးကြမည်ဖြစ်ပါကြောင်း။

တိကျမှန်ကန်သော သတင်းအချက်အလက်

ထိုပြဿနာများကို ဟန့်တား ကာကွယ်ရန် အကောင်းဆုံးနည်းလမ်း မှာ တိကျမှန်ကန်သော သတင်းအချက် အလက်များသည် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် သတင်းအရင်း အမြစ်များမှ အချိန်နှင့်တစ်ပြေးညီ စီးဆင်းနေရန် ဖြစ်ပါကြောင်း၊ ယင်း တာဝန်ကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရေး အကြီးဆုံးမှာ မိမိတို့မဏ္ဍိုင် (၄) ရပ် အကြား အပြန်အလှန် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန် ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက မိမိအနေဖြင့် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် ဆွေးနွေးပွဲတွင်လည်း ပါဝင်ခဲ့ပါ ကြောင်း၊ တတိယအကြိမ် ဆွေးနွေး ပွဲကို ပြန်လည်လေ့လာရာတွင် အကြောင်းအရာ ၆ ခုကို အဓိကထား ဆွေးနွေးခဲ့ပါကြောင်း၊ ပထမအချက် အနေဖြင့် သတင်းသမားများအား အသိအမှတ်ပြုမှု၊ သတင်းဌာနများ ကိုယ်စားပြုမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါကြောင်း၊ ဒုတိယအချက် အနေဖြင့် ဌာန၊ အဖွဲ့အစည်းများ၏ တာဝန်ခံ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါကြောင်း၊ တတိယအချက်အနေဖြင့် Capacity Building and Development နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါကြောင်း၊ စတုတ္ထအချက်အနေဖြင့် ကျင့်ဝတ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါကြောင်း၊ ပဉ္စမအချက်အနေဖြင့် ထားရှိရမည့် သဘောထားများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးအချက် အနေဖြင့် သတင်းမီဒီယာဘက်လိုက်မှု ကင်းရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါကြောင်း။

ထိုအကြောင်းအရာ ၆ ခုအပေါ် မူတည်ဆွေးနွေးခဲ့ကြပြီး တိုးတက်မှု များရှိမည်ဟု ထင်မြင်မိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင်လည်း ထို အကြောင်းအရာ ၆ ခုအနက်မှ အချို့ အကြောင်းအရာများကို ဆက်လက် ဆွေးနွေးမည့် အခြေအနေကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆွေးနွေးမှုအပြီးတွင် မိမိတို့ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပြည့်ပြည့်စုံစုံ မျှမျှတတ အောင်အောင် မြင်မြင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရဦးမည်ဆိုသည့် အခြေ အနေတစ်ခုကို တွေ့မြင်ရပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးညိုထွန်းက တရားရုံး အဆင့်ဆင့်ရှိ သတင်းပြန်ကြားရေး အဖွဲ့များ၊ တရားရုံး သတင်းပြန်ကြား ရေး အရာရှိများနှင့် သတင်းမီဒီယာများ တွေ့ဆုံခဲ့မှုမှတ်တမ်းများကို ပြန်ကြည့် မည်ဆိုပါက ၂၀၁၉ ခုနှစ်အတွင်း အကြိမ် ၂၁၀ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ယခုအချိန်အထိ အကြိမ် ပေါင်း ၁၇၃ ကြိမ် ရှိပါကြောင်း၊ ထို့အပြင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်အနေဖြင့် ရာဇဝတ် အကြောင်း သိကောင်းစရာ၊ တရားမ အကြောင်း သိကောင်းစရာ၊ စာချွန်တော်အကြောင်း သိကောင်း စရာ၊ သင့်အတွက် တရားရုံးဟူသည့် လက်ကမ်းစာစောင် ၄ မျိုးရိုက်နှိပ်ပြီး တရားရုံးများမှတစ်ဆင့် အများ ပြည်သူသို့ ဖြန့်ဝေပေးနိုင်ခဲ့ပါကြောင်း၊ ယင်းစာစောင် ၄ မျိုးထဲမှ ၃ မျိုးကို My Justice နှင့် ပူးပေါင်းပြီး ကချင်၊ ကယား၊ ပိုးကရင်၊ စကောကရင်၊ မွန်၊ ရှမ်းနှင့် ပအိုဝ်းဘာသာ စကားများဖြင့် ပြန်ဆိုပြီး သက်ဆိုင်ရာ ဒေသများသို့ တရားရုံးများမှတစ်ဆင့် ဖြန့်ဝေနိုင်ခဲ့ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရဲရင့်အောင်က နေ့စဉ် ပြည်တွင်း၊ ပြည်ပ မီဒီယာအဖွဲ့များက တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံ ဖုန်းဖြင့် မေးမြန်းလျက်ရှိရာ သတင်းမှန်ကန်မှု ရှိ/ မရှိ စိစစ်၍ ပြန်လည် ရှင်းလင်းဖြေကြားပေး လျက်ရှိပါကြောင်း၊ သတင်းမီဒီယာ သမားများ ခွဲခြားဆက်ဆံမှုမရှိ တန်းတူသတင်း ရယူနိုင်အောင်

တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို လစဉ်ကျင်းပပြုလုပ်ပေးလျက်ရှိပြီး သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် လာသော သတင်းမီဒီယာသမားများကို အနီးကပ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး သတင်း မီဒီယာသမားများ၏ သိရှိလိုသည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေ ကြားပေးလျက်ရှိပါကြောင်း ပြော ကြားသည်။

ယင်းနောက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေး မ ဏ္ဍိုင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တို့မှ တာဝန်ရှိသူများက သတင်း မီဒီယာသမားများအနေဖြင့် မဏ္ဍိုင် (၃) ရပ်တွင် သတင်းရယူခြင်းနှင့် သတင်းသမားများ ဘေးကင်း လုံခြုံရေးဆိုင်ရာများကို ဆွေးနွေးကြ သည်။

ဆက်လက်၍ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာ စာနယ်ဇင်းသမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ရက်၊ နိုင်ငံတကာ မြန်မာသတင်း အဖွဲ့နှင့် မြန်မာအမျိုးသမီးသတင်းစာဆရာများအဖွဲ့တို့မှ တာဝန်ရှိသူများက မေးမြန်းဆွေးနွေးကြပြီး မဏ္ဍိုင် (၃) ရပ်မှ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် စတုတ္ထအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးပွဲရလဒ်များကို တက်ရောက် လာကြသူများက အတည်ပြုဆုံးဖြတ် ကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲ၌ မဏ္ဍိုင် (၄) ရပ်ကြား သတင်းရယူခြင်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာကျင့်ဝတ် ကို အခြေခံသော၊ အပြန်အလှန် လေးစားမှုကို အခြေခံသော၊ ခွဲခြားမှု မရှိသော ဆက်ဆံရေး အခြေအနေ မျိုးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ရန်၊ သတင်းသမားများ သတင်းရယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများ ဖြေရှင်းဆောင်ရွက်နိုင် ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲ များကို ဆက်လက်ဆောင်ရွက်ရန်၊ မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲများ တွင် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များ နှင့် ပတ်သက်၍ သက်ဆိုင်ရာအလိုက် တစိုက်မတ်မတ် အကောင်အထည် ဖော် ဆောင်ရွက်သွားရန်၊ သတင်းဌာန များ၏ Website များအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါက ပိတ်ပင်မှုမခံရစေ ရေး ဆောင်ရွက်ပေးရန်၊ တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် သတင်းရယူ ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက် ၍  ဌာနဆိုင်ရာများနှင့် မီဒီယာများ အကြား အဆင်ပြေချောမွေ့မှု ရှိစေရေး လိုအပ်သလို ပေါင်းစပ်ညှိနှိုင်းပေးရန်၊ သတင်းရေးသား တင်ဆက်မှုများနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ နှင့် အညီ ရှေးဦးစွာ အရေးယူတိုင်ကြား နိုင်ရေး ဆောင်ရွက်ရန်၊ သတင်းမီဒီယာ ဆိုင်ရာကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် သတင်း မီဒီယာဆိုင်ရာ မဏ္ဍိုင် (၄) ရပ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (သို့မဟုတ်) ကော်မတီဖွဲ့စည်းနိုင်ရေး ဆောင်ရွက် ရန်၊ သတင်းမီဒီယာသမားများ အသိအမှတ်ပြုလက်မှတ် ထုတ်ပေး ရေးအတွက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီက သက်ဆိုင်ရာ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ သက်ဆိုင် ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများက အရေးကြီး၊ အရေးပေါ်အခြေအနေ များတွင် သတင်းထုတ်ပြန်ချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေး ရန်နှင့် ဖြေကြားပေးရန်၊ အွန်လိုင်း မီဒီယာ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်သူအားလုံးနှင့် ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်ရန် ဟူသည့် အချက် ၁၀ ချက်ကို အတည် ပြုခဲ့ကြသည်။

မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ များကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် တွင် ပထမအကြိမ်၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ဒုတိယ အကြိမ်နှင့် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက် တွင် တတိယအကြိမ် ကျင်းပခဲ့ သည်။

 

 

သတင်းစဉ်