စုပေါင်းကာကွယ် အေအိုင်ဒီအက်စ်အန္တရာယ်

Type

စိုးဝင်း - MANA (ဗဟို)
 

 

ဒီဇင်ဘာလ ၁ ရက်နေ့သည်  World AIDS Day နေ့ဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂ(UN) တွင် World AIDS Day နေ့ကို သတ်မှတ်ထား ခြင်းမရှိမီက ဇွန်လ ၂၆ ရက်ကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်နေ့အဖြစ် သတ်မှတ်ပေးခဲ့ သည့်နည်းတူ  World AIDS Day နေ့ကိုလည်း သတ်မှတ်ပေးသင့်ကြောင်း ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့  (WHO)မှ   Jane  W Bunn  နှင့် Thomas Netter တို့က အဆိုပြုတင်ပြခဲ့ရာ  ထိုစဉ်က Global Programme on AIDS  အဖွဲ့ကြီးဟု ခေါ်ခဲ့ပြီး ယခုအခါ UNAIDS ဟုခေါ်သည့် အဖွဲ့ကြီးမှ ညွှန်ကြားရေးမှူး Dr. Joe Nathan Mann က ၁၉၈၈ ခုနှစ်မှစ၍ ဒီဇင်ဘာလ ၁ ရက်နေ့ကို World AIDS Day (ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့)အဖြစ် သတ်မှတ်ပေးခဲ့သည်။

 

စတင်ပေါ်ပေါက်


ထို့ကြောင့် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ၍ World AIDS Day နေ့စတင်ပေါ်ပေါက်ခဲ့ရာ ယခု ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် နှစ်ပေါင်း ၃၃ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ World AIDS  Day  နေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖဲကြိုးနီ လှုပ်ရှားမှုများ၊ ပညာပေး ဟောပြောပွဲများ ဂုဏ်ပြုအခမ်းအနားများ ကျင်းပ ပြုလုပ် လျက်ရှိကြပါသည်။ မိမိတို့  မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ကြီး ဌာနနှင့်  ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍  မြန်မာ့ရုပ်မြင်သံကြား နှင့် မြန်မာ့အသံရေဒီယိုတို့မှလည်းကောင်း၊ နိုင်ငံပိုင်သတင်းစာများနှင့် စာနယ်ဇင်းများမှလည်းကောင်း၊ အသိပညာပေးမှုများလုပ်ဆောင် လေ့ရှိပါသည်။

 


AIDS ၏  အဓိပ္ပာယ်မှာ  Acquired  Immune  Deficiency Syndrome  ခုခံအားကျဆင်းမှု ရောဂါလက္ခဏာစုဖြစ်သည်။ AIDS အကြောင်းပြောလျှင် HIV ရောဂါအကြောင်းမပါက ပြီးပြည့်စုံနိုင်မည် မဟုတ်ပါ။ HIV  ဆိုသည်မှာ Human Immunodeficiency Virus   လူ့ခန္ဓာကိုယ်မှ ကိုယ်ခံအားစနစ် (ခုခံအားစနစ်) ကို  ပျက်စီးအောင် ဖျက်ဆီးသည့်ရောဂါပိုးဖြစ်သည်။ HIV ပိုးသည်  လွန်စွာကြောက်မက် ဖွယ်ကောင်းသည့် ကူးစက်တတ်သောရောဂါပိုးဖြစ်သည်။ HIV ပိုး သည် သာမန်အားဖြင့် လူတစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ရမ်းနမ်းရှုပ်ခြင်းတို့ဖြင့်   မကူးစက်နိုင်ပါ။   သွေးနှင့်ခန္ဓာကိုယ်မှ ထွက်သော အရည်တို့မှသာ ကူးစက်နိုင်သည်။  လိင်ဆက်ဆံခြင်းမှ လည်းကောင်း၊ ဆေးထိုးအပ် Needle Syringe အသုံးပြု ဆေးထိုး၊ ဆေးသွင်းခြင်းမှ  လည်းကောင်း  လွယ်ကူစွာ  ကူးစက်နိုင်သည်။   လိင်ဆက်ဆံရာတွင် အကာအကွယ်ဖြစ်သည့် ကွန်ဒုံး အသုံးမပြုခြင်း နှင့် ဆေးထိုးအပ်တစ်ချောင်းတည်းဖြင့် လူအများကို ဆေးထိုးနှံခြင်း တို့ဖြင့် သွေးမှတစ်ဆင့် ကူးစက်နိုင်သည်။

 

ထို့ကြောင့် လိင်လုပ်သားများ အနေဖြင့် ကွန်ဒုံးကိုမဖြစ်မနေ အသုံးပြုရန်လိုအပ်သလို ဆေးထိုးနှံရန် လိုအပ်သူများသည်လည်း ဆေးထိုးအပ် တစ်ချောင်းတည်းကို အလှည့် ကျ အသုံးပြုခြင်း မပြုဘဲ တစ်ခါသုံး ဆေးထိုးအပ်များကိုသာ အသုံးပြု ကြရမည်ဖြစ်ပါသည်။ မလိုအပ်ဘဲ ဆေးထိုးခြင်း၊ ဆေးသွင်းခြင်းတို့ကို လည်း မပြုလုပ်သင့်ပါ။ ယနေ့လူငယ်လေးများသည် ဘိန်းဖြူ(Heroin)   ကို အကြောထဲသို့ ထိုးသွင်းကြရာတွင် Needle Syringe ဆေးထိုးအပ် တစ်ခုတည်းကိုသာ အသုံးပြု၍ အလှည့်ကျစနစ်ဖြင့်  တစ်လှည့်စီ ထိုးသွင်းအသုံးပြုနေကြသဖြင့် ရောဂါပိုးများ အလွယ်တကူ လျင်မြန် စွာ ကူးစက်ပျံ့နှံ့လျက်ရှိသည်ကို ကြားသိနေရသည်။ 

 


ကုသဆေးမပေါ်သေး


HIV ပိုးရှိသူ ၇၅ ရာခိုင်နှုန်းခန့်သည်  ခုနစ်နှစ်ခန့်အထိ ရောဂါ လက္ခဏာမပြဘဲ   ရှိနေတတ်သည်။  HIV  ပိုးရှိသူများသည်   AIDS ရောဂါမဖြစ်ပွားအောင် အချိန်ကာလအတိုင်းအတာတစ်ခုထိ ဆေးဖြင့် ထိန်းထားနိုင်သော်လည်း  မဆင်မခြင်  ဆက်လက်ပြုမူနေထိုင်ပါက AIDS    ရောဂါဝေဒနာရှင်အဆင့်  သေချာပေါက်   ရောက်ရှိမည် ဖြစ်သည်။ ကမ္ဘာပေါ်တွင် AIDS ရောဂါကုသသည့်ဆေးဝါးများ ယနေ့ အချိန်အထိ  မပေါ်ထွက်သေးပါ။  AIDS ရောဂါဖြစ်လာပြီဆိုလျှင် မိသားစုတစ်ခုလုံး၊ ဆွေမျိုးသားချင်းတစ်သိုက်လုံး လူ့အသိုင်းအဝိုင်း လူမှုပတ်ဝန်းကျင်မှ ဖယ်ကြဉ်ရှောင်ကွင်း ခွဲခြားဆက်ဆံခြင်းခံရပြီး လူမှုအသိုင်းအဝိုင်းအတွင်း မဝင်ဆံ့တော့သည့်ဘ၀ဖြင့်  ဂုဏ်သိက္ခာ မဲ့စွာ နေထိုင်သွားရတော့မည်သာဖြစ်သည်။ နောက်ဆုံးတွင် ရောဂါ အမျိုးအစား ရောဂါအမည်ကိုပင် ထုတ်ဖော်မပြောဝံ့သည့် အခြေအနေ မျိုးဖြင့် အသက်ပါဆုံးရှုံး  ဘ၀နိဂုံး အဆုံးသတ်ကြရမည်ဖြစ်သည်။

 

ယနေ့ကာလတွင် ဘိန်းဖြူ (Heroin) ကို အကြောထဲထိုးသွင်းခြင်းမှာ  ငွေကြေးအကုန်အကျများသဖြင့်  ငွေကြေးတတ်နိုင်သည့်  လူတန်း စားများသာ သုံးစွဲနိုင်ကြပြီး လူငယ်အများစုမှာ Amphetamine Type Stimulant(ATS) ခေါ်  စိတ်ကြွရူးသွပ်ဆေးပြားများကို ဈေးပေါပေါဖြင့်  အလွယ်တကူဝယ်ယူ   သုံးစွဲနေကြသည်မှာလည်း   များစွာမှပင် ရင်လေးဖွယ်ရာ၊ စိတ်မအေးစရာ ဖြစ်နေကြရပါသည်။ 

 


အမျိုးသားရေးတာဝန်


ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့်အတိုင်း မိမိတို့နိုင်ငံနှင့် နိုင်ငံသားတို့၏ အနာဂတ်ကို ဦးဆောင်ပဲ့ကိုင်ကြမည့် လူငယ်လေးများ အေအိုင်ဒီအက်စ်ရောဂါဆိုးကြီး၏    သားကောင်ဘ၀   မကျရောက် ရအောင်    မူးယစ်ဆေးဝါး၏   ကျေးကျွန်ဘ၀ မသက်ဆင်းရလေအောင် တာဝန်အသီးသီးရှိကြသည့် မိဘအုပ်ထိန်းသူများ ကျောင်းဆရာ/ဆရာမများ၊ မိဘဆရာအသင်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA)၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးအသင်း (BDA)၊   မြန်မာနိုင်ငံ မူးယစ် ဆေးစွဲသူများ ပြန်လည် ထူထောင်ရေးအသင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ အစရှိသည့် NGO အသင်းအဖွဲ့များ အပါအဝင် နိုင်ငံသား အားလုံးက အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ခံယူလျက်  လူငယ် လေးများ၏ အနာဂတ်ကို  စုပေါင်းကာကွယ်စောင့်ရှောက်ပေးကြ ပါရန် အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းလိုက်ရပါသည်။    ။