
မနီလာ ဒီဇင်ဘာ ၃၀
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် ကိုဗစ်-၁၉ ကပ်ရောဂါ ပြန်လည်ထူထောင်ရေးရန်ပုံငွေအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါးရှိ ၂၀၂၂ ခုနှစ် အမျိုးသားဘတ်ဂျက်ကို ဒီဇင်ဘာ ၃၀ ရက်က လက်မှတ်ရေးထိုးခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကြံ့ကြံ့ခံ သောအခြေအနေကို တည်ဆောက်နိုင်ရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆိုပါဘတ်ဂျက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း မနီလာရှိ မာလာကာနန် သမ္မတနန်းတော် လက်မှတ်ရေးထိုးပွဲ၌ ဒူတာတေးက ပြောကြားခဲ့သည်။
၂၀၂၂ ဘတ်ဂျက်သည် ၂၀၂၁ ဘတ်ဂျက်ထက် ၁၀ ရာခိုင်နှုန်း ပိုမိုမြင့်မားပြီး ပီဆို ၅ ဒသမ ၀၂၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၄၄ ဘီလီယံ) တန်ဖိုးရှိကြောင်းနှင့် ပြည်သူအားလုံး၏ ကျန်းမာရေးကို ဦးစားပေးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒူတာတေးက ဆက်လက်ပြောကြား ခဲ့သည်။ လက်ရှိ ကျန်းမာရေးစနစ်ကို အာမခံချက်ပေး ရန် ဒူတာတေးသည် ၈၈ ဒသမ ၉ ဘီလီယံ ပီဆိုကို ကျန်းမာရေးကဏ္ဍအတွက် ခွဲဝေချထားခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများအတွက် အကျိုးခံစား ခွင့်နှင့် လစာရန်ပုံငွေထောက်ပံ့ပေးနိုင်ရန် ကျန်းမာရေးဖြန့်ကြက်အစီအစဉ်ဆိုင်ရာ လူ့စွမ်းအားအရင်း အမြစ်အတွက် ဖိလစ်ပိုင် ပီဆို ၁၇ ဘီလီယံ ခွဲဝေ ချထားခဲ့သည်။
၂၀၂၂ ဘတ်ဂျက်သည် ကိုဗစ်-၁၉ သက်ရောက်မှု ကြောင့်ဖြစ်ပေါ်လာသော ရွှေ့ပြောင်းအလုပ်သမား များကို ထောက်ပံ့ပေးရန်နှင့် ကာကွယ်နိုင်ရန် မရှိ မဖြစ် ရန်ပုံငွေလိုအပ်မှုများကိုလည်း ထောက်ပံ့ပေး သွားမည်ဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ခုနှစ်ကတည်းက ခံစားခဲ့ရသည်။ ယခုအခါတွင် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၂ ဒသမ ၈ သန်း ကျော်လွန်လာပြီဖြစ်ပြီး ၅၁၂၁၃ ဦး သေဆုံးခဲ့ပြီဖြစ်သည်။
ဆင်ဟွာ