ဥပ​ဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type
1

 

ကော်ရယ်လ်ခိုင်

နိဒါန်း


ဖိလစ်ပိုင်သမ္မတနိုင်ငံသည်   ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် တည်ရှိသော ကျွန်းပေါင်း ၇၀၀၀ ကျော်ဖြင့်      ဖွဲ့စည်းထားသည့်     နိုင်ငံတစ်နိုင်ငံ  ဖြစ်ပါသည်။   အရှေ့ဘက်တွင်      ဖိလစ်ပိုင်ပင်လယ်၊ အနောက်ဘက်တွင်     တောင်တရုတ်ပင်လယ်၊ အနောက်တောင်ဘက်တွင်   ဆဲလဘီပင်လယ် (Celebes Sea) တို့က ဝန်းရံလျက်ရှိပြီး မြောက်ဘက် တွင် ထိုင်ဝမ်၊ အနောက်ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ တောင်ဘက်တွင် မလေးရှားနိုင်ငံနှင့်   အင်ဒိုနီးရှား နိုင်ငံ၊  အရှေ့ဘက်တွင်    ပလောင်းနိုင်ငံတို့ တည်ရှိ ပါသည်။ ကမ္ဘာပေါ်တွင် ပဉ္စမမြောက်ကမ်းရိုး တန်း  အရှည်ဆုံးနိုင်ငံဖြစ်ပြီး   လူဇွန်း  (Luzon)၊ ဗီဆားယပ် (Visayas)၊ မက်ဒါနောင်း (Mindanao) ဟူ၍ အဓိကအပိုင်းကြီး သုံးပိုင်း ခွဲခြားထားပါသည်။ နိုင်ငံ၏    ဧရိယာအကျယ်အဝန်းမှာ  စတုရန်းကီလို မီတာ ၃၀၀၀၀၀ခန့် ကျယ်ဝန်းသည်။ 


လူဦးရေနှင့်ဘာသာစကား


လက်ရှိတွင် လူဦးရေ သန်း ၁၁၀ခန့်ရှိပြီး မှတ်ပုံတင် ထားသည့် မဲဆန္ဒရှင်ဦးရေမှာ ၂၀၁၉ ခုနှစ် စာရင်း အရ ၆၃၆၆၅၉၂၃ ဦး ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်စာရင်း အရ  ကမ္ဘာပေါ်တွင်  အဋ္ဌမမြောက်  လူဦးရေအများ ဆုံး   နိုင်ငံဖြစ်ပြီး  လူဦးရေသိပ်သည်းဆမှာ  တစ် စတုရန်းကီလိုမီတာလျှင် ၃၆၃ ဦး   ဖြစ်ပါသည်။  ရုံးသုံးဘာသာမှာ ဖိလစ်ပိုင်နှင့်  အင်္ဂလိပ်ဘာသာ စကားဖြစ်ပါသည်။  ဖိလစ်ပိုင်နိုင်ငံတွင်  ဒေသကြီး (Region) ၁၇ ခု၊   ပြည်နယ်   (Province) ၈၁ ခု၊   မြို့ (City)  ၁၄၆ ခု၊ ဒေသန္တရအုပ်ချုပ်ရေး   နယ်မြေ (Municipality) ၁၄၈၈ ခုနှင့်  Barangay (ဖိလစ်ပိုင် နိုင်ငံတွင် အသေးဆုံးနယ်မြေဒေသအဆင့်) ၄၂၀၄၆ ခု ရှိပါသည်။


နိုင်ငံရေးစနစ်


ဖိလစ်ပိုင်နိုင်ငံသည် ၁၅၆၅ ခုနှစ်မှ ၁၉၄၆ ခုနှစ်အတွင်း စပိန်၊   အမေရိကန်နှင့်  ဂျပန်တို့၏ လက်အောက်ခံကိုလိုနီ  ဖြစ်ခဲ့ရပြီး ၁၉၄၆ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့ပါသည်။ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များစွာဖြင့် တွေ့ကြုံ ခံစားခဲ့ရသော  ဖိလစ်ပိုင်နိုင်ငံသည်   လက်ရှိတွင် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ စနစ် ကျင့်သုံးပါသည်။ သမ္မတသည် နိုင်ငံ၏အကြီး အကဲနှင့် အစိုးရအဖွဲ့၏ခေါင်းဆောင် ဖြစ်ပါသည်။ သမ္မတနှင့်   ဒုတိယသမ္မတကို  မဲအများဆုံးရရှိသူ အနိုင်ရသည့်စနစ် (First-past-the-post System/ FPTP) ဖြင့် ပြည်သူလူထုက တိုက်ရိုက်ရွေးချယ် တင်မြှောက်ခြင်းဖြစ်ပြီး  သက်တမ်းမှာ ခြောက်နှစ် ဖြစ်ပါသည်။ သမ္မတရာထူးအတွက် တစ်သက်တွင် တစ်ခါသာ   ထမ်းဆောင်ခွင့်ရှိပြီး  ဒုတိယသမ္မတ ရာထူးအတွက် တစ်ဆက်တစ်စပ်တည်း နှစ်ကြိမ် ထက်ပို၍ ထမ်းဆောင်ခွင့်မရှိပါ။ လက်ရှိသမ္မတမှာ H.E. Mr. Rodrigo Duterte ဖြစ်ပြီး  ဖိလစ်ပိုင်နိုင်ငံ ၏ ၁၆ ယောက်မြောက်သမ္မတ ဖြစ်ပါသည်။


ဖိလစ်ပိုင် ဥပဒေပြုရေးလွှတ်တော် (Congress of the Philippines)ကို  အထက်လွှတ်တော် (Senate) နှင့်  အောက်လွှတ်တော် (House of Representatives)ဟူ၍   လွှတ်တော် နှစ်ရပ်ဖြင့် ဖွဲ့စည်းထားပါသည်။        အထက်လွှတ်တော် ရွေးကောက်ပွဲအတွက် Pularity-at-large Voting System (Block Voting) ကို  ကျင့်သုံးပါသည်။ အောက်လွှတ်တော်      ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်    စုစုပေါင်း၏      ၈၀ ရာခိုင်နှုန်းကို မဲအများဆုံးရရှိသူ  အနိုင်ယူစနစ် (FPTP) နှင့် ကျန် ၂၀ ရာခိုင်နှုန်းကို အချိုးကျကိုယ်စား ပြုသည့်စနစ်    (Party- List   Proportional Representation/  Close  Party  List )ဖြင့် ရွေးကောက်တင်မြှောက်ပါသည်။


လွှတ်တော်ရွေးကောက်ပွဲ၊ ဒေသန္တရရွေးကောက် ပွဲများကို ၁၉၉၂ ခုနှစ်မှ စတင်၍ သုံးနှစ်လျှင် တစ် ကြိမ်၊   သမ္မတရွေးကောက်ပွဲကို ခြောက်နှစ်လျှင် တစ်ကြိမ် မေလ၏ဒုတိယမြောက် တနင်္လာနေ့တွင် ကျင်းပ ပါသည်။


အထက်လွှတ်တော် (Senate of the Philippines/ Senado ng Pilipinas)


အထက်လွှတ်တော်သည် ၁၉၈၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ပြန်လည်အသက်သွင်းထားခြင်း ဖြစ်ပါသည်။ ယင်းမတိုင်မီ  သမ္မတဖာဒီနန်မားကို့စ် သည် ၎င်း၏သမ္မတသက်တမ်းကုန်ဆုံးခါနီး အချိန် ၌ပင် ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် စစ်အုပ်ချုပ်ရေး (Martial Law) ကို ကြေညာခဲ့သည်။ ထို့နောက် ၁၉၇၃ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်ကို   ဖျက်သိမ်းပြီး  လွှတ်တော် တစ်ရပ်သာ ထားရှိခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင် သမ္မတမားကို့စ်ကို ဆန့်ကျင်သော တော်လှန်ရေး တစ်ရပ်( People Power Revolution) ပေါ်ပေါက်ခဲ့ ပြီး မားကို့စ်အစိုးရ ပြုတ်ကျသွားခဲ့ပါသည်။ ယင်း နောက်တွင် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်သည်      ပြန်လည်အသက်ဝင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။


အထက်လွှတ်တော်တွင် ကိုယ်စားလှယ် ၂၄ ဦး ပါဝင်ပြီး  လွှတ်တော်ကိုယ်စားလှယ်သက်တမ်းမှာ ခြောက်နှစ်   ဖြစ်ပါသည်။   အထက်လွှတ်တော် ကိုယ်စားလှယ်အဖြစ်   တစ်ဆက်တစ်စပ်တည်း    နှစ်ကြိမ်ထက်ပို၍ ရပ်တည်ပိုင်ခွင့်မရှိပါ။ လွှတ်တော် ကိုယ်စားလှယ်နေရာအားလုံးကို တစ်ပြိုင်နက် တည်း ရွေးကောက်တင်မြှောက်ခြင်းမျိုးမဟုတ်ဘဲ ၁၂ နေရာအတွက်ကိုသာ   သုံးနှစ်လျှင်  တစ်ကြိမ် ရွေးကောက်ပွဲကျင်းပခြင်းဖြစ်ပါသည်။ ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ    ပြန်လည်အသက် သွင်းထားသည့်အထက်လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ၂၄ ဦးသည်  ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းနောက်  ၁၉၉၂ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ် ၁၂ ဦးကို  ၁၉၉၈ ခုနှစ်အထိလည်း ကောင်း၊ ကျန်ကိုယ်စားလှယ် ၁၂ ဦးကို ၁၉၉၅ ခုနှစ် အထိလည်းကောင်း     တာဝန်ထမ်းဆောင်စေခဲ့ပါ သည်။ ထို့နောက်တွင် အထက်လွှတ်တော်ကိုယ်စား လှယ်များသည် ခြောက်နှစ် သက်တမ်းကို အပြည့် အဝထမ်းဆောင်ခွင့် ရရှိခဲ့သည်။ 


အထက်လွှတ်တော်ဥက္ကဋ္ဌ (Senate President) ကို  လွှတ်တော်သက်တမ်းအစတွင် ကိုယ်စားလှယ် ၂၄ ဦးအနက်မှ  ရွေးချယ်ခြင်းဖြစ်ပြီး လက်ရှိအထက် လွှတ်တော်ဥက္ကဋ္ဌမှာ H.E. Mr. Tito Sotto ဖြစ်ပါ သည်။
ရွေးကောက်ပွဲတွင် အထက်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုပါ က   ဖိလစ်ပိုင်နိုင်ငံသားတစ်ဦး  ဖြစ်ရမည်ဖြစ်ပြီး  ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အနည်းဆုံး အသက် ၃၅နှစ် ပြည့်ပြီးသူ၊ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထားသူ၊    ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ဆက်တစ်စပ်တည်း နှစ်နှစ် ဖိလစ်ပိုင်အခြေချ နေထိုင်သူဖြစ်ရန် လိုအပ်ပါသည်။


မဲဆန္ဒရှင်များအနေဖြင့် မဲလက်မှတ်ပေါ်တွင် မိမိတို့နှစ်သက်ရာ  အထက်လွှတ်တော်ကိုယ်စား လှယ်များကို ဆန္ဒပြုရွေးချယ်နိုင်ပါသည်။ သို့သော် ၁၂ ဦး ထက်ပို၍ ဆန္ဒပြုပါက ပယ်မဲအဖြစ် သတ်မှတ် ခြင်းခံရမည် ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်ခြင်း ဖြစ်သဖြင့်  ဆန္ဒမဲအများဆုံးရရှိသည့်ကိုယ်စားလှယ်လောင်း ၁၂ ဦးက အနိုင်ရရှိမည်ဖြစ်ပါသည်။


အောက်လွှတ်တော် (House of Representatives of the Philippines/ Kapulungan ng mga Kinatawan ng Pilipinas)
အောက်လွှတ်တော်၏ သက်တမ်းမှာ  သုံးနှစ် ဖြစ်ပြီး  ရွေးကောက်ပွဲတွင်   အောက်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လို ပါက  ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးဖြစ်ရမည်ဖြစ်ပြီး  ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်   အနည်းဆုံး အသက် ၂၅ နှစ် ပြည့်ပြီးသူ၊ မဲဆန္ဒရှင်စာရင်းတွင် မှတ်ပုံတင်ထားသူ၊   ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ဆက်တစ်စပ်တည်း တစ်နှစ် ဖိလစ်ပိုင်အခြေချ နေထိုင်သူဖြစ်ရန်   လိုအပ်ပါသည်။  အောက်လွှတ် တော်ကိုယ်စားလှယ်အဖြစ် တစ်ဆက်တစ်စပ်တည်း သုံးကြိမ်ထက်ပို၍ ရပ်တည်ပိုင်ခွင့်မရှိပါ။


ဖိလစ်ပိုင်နိုင်ငံ၏       အောက်လွှတ်တော် ရွေးကောက်ပွဲများအတွက်မူ မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များ  (Congressional District Representative)အတွက်  မဲအများဆုံး ရရှိသူအနိုင်ယူစနစ် (FPTP)နှင့်  နိုင်ငံရေးပါတီကိုယ် စားပြု   လွှတ်တော်ကိုယ်စားလှယ်    (Party-List Representative) များအတွက် အချိုးကျကိုယ်စားပြု သည့်စနစ် (PR) နှစ်မျိုးစလုံးကို  ရောနှောကျင့်သုံးပါ သည်။ အောက်လွှတ်တော်တွင် ကိုယ်စားလှယ်အရေ အတွက်မှာ အတိအကျမရှိပါ။ 


မဲဆန္ဒနယ်  ကိုယ်စားပြု  လွှတ်တော်ကိုယ်စား လှယ်နေရာများကို  ပြည်နယ်၊  မြို့နှင့်  မက်ထရို မနီလာဧရိယာအလိုက် နေထိုင်သည့် လူဦးရေအပေါ် အခြေခံ၍ မဲဆန္ဒနယ် (Congressional District) သတ်မှတ်ခြင်းဖြစ်သဖြင့်    ကိုယ်စားလှယ်အရေ အတွက်မှာ တစ်ကြိမ်နှင့်  တစ်ကြိမ်   မတူညီပါ။ ပြည်နယ်အားလုံးနှင့်     အနည်းဆုံး   လူဦးရေ ၂၅၀၀၀၀၀ ရှိသော မြို့များသည် မဲဆန္ဒနယ်ကိုယ်စား ပြု လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာရရှိ ပါသည်။ ခရိုင်(Legislative District) တစ်ခုထက်ပို သည့်    ပြည်နယ်များတွင်မူ  ခရိုင်  (Legislative District) အရေအတွက်အတိုင်း    မဲဆန္ဒနယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်နေရာများကို ရရှိမည်ဖြစ်ပါသည်။ သို့သော် ၁၉၈၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်  အောက်လွှတ်တော်ကို မဲဆန္ဒနယ်ကိုယ်စားပြုသော ၂၅၀ ထက် မပိုသည့် ကိုယ်စားလှယ်များ (Congressional District Representative)နှင့်  မဲဆန္ဒနယ်အရေအတွက် အပေါ်မူတည်၍ ၄ : ၁ ( ၂၀ ရာခိုင်နှုန်း ) ဖြင့် နိုင်ငံရေး ပါတီကိုယ်စားပြု    လွှတ်တော်ကိုယ်စားလှယ် (Party-List Representative) များဖြင့် ဖွဲ့စည်းရန် ပြဋ္ဌာန်းထားပါသည်။ 


နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စား လှယ် (Party-List Representative) များကိုမူ မဲဆန္ဒရှင်များသည် တိုက်ရိုက်ရွေးချယ်ရခြင်းမျိုး မဟုတ်ဘဲ မိမိတို့ နှစ်သက်ရာနိုင်ငံရေးပါတီကိုသာ ဆန္ဒပြုရသည့် (Close List PR) စနစ်ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံတစ်ခုလုံးကို   မဲဆန္ဒနယ် တစ်နယ် အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပြီး အနိမ့်ဆုံးရရှိရမည့် ထောက်ခံမဲရာခိုင်နှုန်း(threshold) ၂ ရာခိုင်နှုန်းရရှိ ပါက လွှတ်တော်တွင် နေရာတစ်နေရာ ရရှိမည် ဖြစ်ပါသည်။ နိုင်ငံရေးပါတီများအနေဖြင့် မိမိတို့ ရရှိသည့်   ထောက်ခံမဲရာခိုင်နှုန်းပေါ်မူတည်၍ လွှတ်တော်ကိုယ်စားလှယ်နေရာများ အပိုထပ် ဆောင်း ရရှိမည်ဖြစ်ပါသည်။ သို့သော် မည်သည့် နိုင်ငံရေးပါတီကမျှ    နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်နေရာ သုံးနေရာထက်ပို၍ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိပါ။ အကယ်၍  သတ်မှတ်ထားသည့်   နိုင်ငံရေးပါတီ  ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အရေအတွက် မပြည့်မီ ပါက အနိမ့်ဆုံးထောက်ခံမဲ ၂ ရာခိုင်နှုန်းအောက် ဖြစ်သော်လည်း နေရာမရသည့်နိုင်ငံရေးပါတီများ အကြားတွင်   ထောက်ခံမဲအများဆုံးရရှိသည့်နိုင်ငံရေးပါတီများက လစ်လပ်နေသည့်နေရာများကို ဖြည့်တင်းရန် တစ်ပါတီလျှင် တစ်နေရာစီရရှိမည် ဖြစ်ပါသည်။


၂၀၁၈ ခုနှစ် အောက်လွှတ်တော်ရွေးကောက်ပွဲ တွင် FPTP စနစ်ဖြင့် ရွေးကောက်တင်မြှောက်သည့် မဲဆန္ဒနယ်ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် (Congressional District Representative)၂၄၃ဦး၊   PR   စနစ်ဖြင့်   ရွေးကောက်တင်မြှောက်သည့်  နိုင်ငံ ရေးပါတီကိုယ်စားပြုလွှတ်တော်   ကိုယ်စားလှယ် (Party-List Representative) ၆၁ဦး စုစုပေါင်း ၃၀၄ ဦး ဖြစ်ပါသည်။ 


လက်ရှိတွင်       နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်(Party-List Represent- ative) အတွက် တွက်ချက်ပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

နမူနာတွက်ချက်ခြင်း


၂၀၁၀ ပြည့်နှစ်         အောက်လွှတ်တော် ရွေးကောက်ပွဲတွင်   နိုင်ငံရေးပါတီ   ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်နေရာ ၅၇နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများအနက် ၁၂ ပါတီမှာ ထောက်ခံမဲ ၂ ရာခိုင်နှုန်းနှင့်အထက်ရရှိပြီး တစ်နိုင်ငံလုံး   ဆန္ဒမဲပေးသည့်  အရေအတွက် စုစုပေါင်း ၂၉၃၁၁၂၉၄ ဖြစ်ပါသည်။ 


မဲဆန္ဒရှင်စာရင်းမှတ်ပုံတင်ခြင်း    


အောက်ဖော်ပြပါအရည်အချင်းနှင့် ပြည့်စုံသူ များသည်  အမျိုးသမီး၊ အမျိုးသားမရွေး၊ ဘာသာ မရွေး ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိပါသည်-


    (၁)    ရွေးကောက်ပွဲ    ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ်ပြည့်ပြီး      ဥပဒေနှင့် မဆန့်ကျင်သည့် ဖိလစ်ပိုင်နိုင်ငံသား၊


    (၂)    ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး တစ်နှစ် အခြေချနေထိုင်ပြီး     ရွေးကောက်ပွဲ မကျင်းပမီ   ဆန္ဒမဲပေးလိုသည့်  အရပ် ဒေသတွင်  အနည်းဆုံး    ခြောက်လ နေထိုင်သူ။


မဲဆန္ဒရှင်စာရင်း    မှတ်ပုံတင်ခြင်းလုပ်ငန်း စဉ်နှင့် စပ်လျဉ်း၍ ပြည်တွင်းမဲဆန္ဒရှင်များသည် မိမိတို့ နေထိုင်ရာဒေသရှိ ရွေးကောက်ပွဲကော်မရှင် ရုံးခွဲသို့    ကိုယ်တိုင်သွားရောက်ပြီး   မဲဆန္ဒရှင် စာရင်းတွင် ထည့်သွင်းပေးရန် တောင်းဆိုသည့် လျှောက်လွှာကို ဓာတ်ပုံနှင့်တကွ  တင်သွင်းခြင်း၊   လက်ဗွေနှင့် လက်မှတ် (Digital Signature) မှတ်တမ်းတင်ခြင်း   စသည်တို့ကို   မဖြစ်မနေ  ဆောင်ရွက်ရပါသည်။ လျှောက်လွှာတင်သွင်းရာ တွင် မဲဆန္ဒရှင်များအနေဖြင့်နိုင်ငံသားစိစစ်ရေးကတ် (Identity Card) နှင့်  ဓာတ်ပုံကို  ယူဆောင် လာရမည်     ဖြစ်ပါသည်။    မဲဆန္ဒရှင်စာရင်း  မှတ်ပုံတင်ထားပြီးဖြစ်သည့်    မဲဆန္ဒရှင်အနေ ဖြင့်     Voter     ID     Card ကို   ရရှိမည်ဖြစ်ပါ သည်။                      

 (ဆက်လက်ဖော်ပြပါမည်)