
ရန်ကုန် ဇူလိုင် ၁၂
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန် ကနောင်ခန်းမ၌ ကျင်းပသည့် အလုပ်သမားရေးရာ အသိပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး၊ အလုပ်သမားရေးရာဌာန များမှ တာဝန်ခံအရာထမ်းများ၊ စက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းရှင်များ၊ စက်ရုံ၊ အလုပ်ရုံ များမှ HR မန်နေဂျာများနှင့် တာဝန်ခံကြီးကြပ်သူများ တက် ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး က အလုပ်သမားဝန်ကြီးဌာန အနေဖြင့် အလုပ်ရှာဖွေသူနှင့် အလုပ်ရှင်များကို ချိတ်ဆက်ပေး၍ အလုပ်ခန့်ထားပေးခြင်း၊ လုပ်သား များအတွက် အခကြေးငွေနှင့် အချိန်ပို အခကြေးငွေများ သတ်မှတ်ရက်အတွင်း ခံစားစေ ခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင် ခွင့်၊ ဆေးလက်မှတ်ခွင့်နှင့် မီးဖွား ခွင့်များ ဥပဒေနှင့်အညီ ခွင့်ပြုစေ ခြင်း၊ MSME လုပ်ငန်းတွင် အဓိကလိုအပ်သည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေး နိုင်ရန် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (NSSA) ထူထောင်၍ ဘဏ္ဍာနှစ်အလိုက် ကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးခြင်း၊ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေး၊ သက်သာချောင်ချိ ရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက် စေရေးတို့အတွက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ ဖွဲ့စည်းခြင်း၊ OSH ဆိုင်ရာတာဝန်ခံ ခန့်အပ်စေခြင်း၊ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းစေရန် အလုပ် သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) များ ဖွဲ့စည်း၍ ကြပ်မတ် ဆောင်ရွက်ပေးနေသည့် အပြင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံ အလုပ်သမားများကို သက်ဆိုင်ရာ အာမခံစနစ်အလိုက် အကျိုးခံစားခွင့်များ ရရှိခံစားစေ ခြင်းတို့ကို စည်းကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။
CMP လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်း စနစ် တကျရှိစေရေး ကြီးကြပ်ဆောင် ရွက်လျက်ရှိပြီး ဆပ်ကော်မတီ အလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိ ချက်အစီရင်ခံစာကို CMP လုပ်ငန်း များ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း၊ ပုဂ္ဂလိက လုပ်ငန်းများ တိုးတက်စေရေး အတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ဒေသဆိုင်ရာ အစိုးရနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များက တာဝန်ယူ တာဝန်ခံခြင်းဖြင့် တက်ညီလက်ညီ အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံ များတွင် လုပ်ငန်းခွင် တည်ငြိမ် အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက် စေရေးအတွက် စက်ရုံရှိ လူသား အရင်းအမြစ်များကို နေရာတကျ အသုံးချ၍ လိုအပ်သည့် ထုတ်ကုန် များကို စံချိန်မီသတ်မှတ်ရက် အတွင်း ထုတ်လုပ်ပေးရန် လိုကြောင်း၊ လုပ်သားများ၏ သားသမီးများကို အနာဂတ်တွင် နိုင်ငံတော်အတွက် အားထားရ သည့် လူငယ်လူရွယ်များ ဖြစ်လာ စေရေး၊ မှန်ကန်သည့် အတွေး အခေါ် မြော်မြင်မှုများရရှိရေး ပြုစု ပျိုးထောင်ပေးရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ခံ အရာရှိက အလုပ်သမားရေးရာ ဥပဒေများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးပြီး နယ်မြေခံအလုပ် သမားရေးရာ အရာထမ်းများက စက်ရုံလုပ်သားများ၏ မေးမြန်း ချက်များကို ပြန်လည်ဖြေကြား ကြကာ အချိန်မရွေး ဆက်သွယ်နိုင် မည့် ဖုန်းနံပါတ်များကို ပေးကြ သည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် ဒဂုံ(ဆိပ်ကမ်း)မြို့နယ် စက်မှုဇုန်ရှိ Mayfair (Myanmar) Industry Co., Ltd၊ Dong Chen Handbag (Myanmar) Co., Ltd၊ Golden Island အထည်ချုပ် စက်ရုံ နှင့် Yangon Xie Hui ဖိနပ်စက်ရုံတို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးပြီး စက်ရုံအစည်း အဝေးခန်းမ၌ စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ စက်ရုံ အလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင် ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး တာဝန်ခံများနှင့်တွေ့ဆုံ၍ လိုအပ် သည်များ မှာကြားညှိနှိုင်း ဆောင် ရွက်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သား များကို ရင်းနှီးစွာ တွေ့ဆုံအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်