ဒီမိုကရေစီကို ရှေးရှုတဲ့ နည်းလမ်းနဲ့သာ ချဉ်းကပ်ကြိုးစားရမည်

Type

ထွန်းထွန်း(ခရေရိပ်)

မိတ်ဆွေတစ်ယောက်က သူတို့ရုံးဌာနမှ ဝန်ထမ်းတစ်ဦး CDM မှာပါဝင်သွားတယ်လို့ ပြောပါတယ်။ မထူးဆန်းသည်မို့ သိပ်ပြီး ထူးထူးထွေထွေ မခံစားမိ။ ဒါပေမယ့် မိတ်ဆွေက ဆက်ပြောပါတယ်။ သူက ချော်လဲရောထိုင်သွားတာတဲ့။ ဘာကြောင့်ပါလိမ့် စိတ်ဝင်စားသွားလို့ မေးကြည့်တော့ အပြင်ကုမ္ပဏီတွေမှာ သူနဲ့အတူတူ နိုင်ငံခြားကို ပညာသင်သွားထားတဲ့သူတွေ လစာ ၁၀ သိန်းကျော်ရနေတဲ့အတွက်  အစောကတည်းက အလုပ်ထွက်ချင်နေတာလို့ ဆိုပါတယ်။ 
သူ့ကို ဌာနက ဂျပန်ကို ပညာသင် ၂ နှစ် လွှတ်ပေးထားပြီး ပညာသင်ဆုအတွက် ဟိုမှာ နေထိုင်စရိတ်၊ စားစရိတ်တွေရတဲ့အပြင် ဒီမှာလည်း လစာရနေတာဆိုတော့   တော်တော်လေးလည်း စုမိ ဆောင်းမိရှိနေပြီ။ ဒါ့အပြင် အခု ဒီကထွက်ပြီး ဟိုမှာအလုပ်သွားလုပ် ရင်လည်း အချိတ်အဆက်ကရနေပြီ။ 
နောက်ပြီး    မြန်မာနိုင်ငံအတွင်းမှာပဲ    အပြင်ကုမ္ပဏီတွေမှာ လုပ်ရင်လည်း ဒီလိုအသိအမှတ်ပြုလက်မှတ်တွေနဲ့ဆိုတော့ လစာက ၁၀ သိန်း၊  သိန်း၂၀ လောက်ရမှာဆိုတော့ သူက ရုတ်တရက်ဖြစ်ပေါ် လာတဲ့ အခြေအနေနဲ့ အခန့်သင့်ပဲ CDM ကို အကြောင်းပြပြီး အလုပ် ထွက်သွားတာလို့ ဆိုပါတယ်။ ဒါမျိုးတွေလည်း ရှိတာပဲလားလို့ တွေးနေမိပါတယ်။  
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကစတင်ကာ မလွှဲသာမရှောင်သာ အခြေအနေတွေကြောင့် တပ်မတော်က နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ် ကို ထိန်းသိမ်းရယူခဲ့ရပါတယ်။ ဒီအခြေအနေကိုဆုပ်ကိုင်ကာ ပြည်သူ လူထုအကြားမှာ စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ပေါ်အောင် တိုင်းပြည် အကျိုး မလိုလားသူတွေက သွေးထိုးလှုံ့ဆော်ကြပါတယ်။ 
လူထုအုံကြွမှုရဲ့ ရှေ့တန်းကိုတွန်းပို့
အကျိုးဆက်အဖြစ် လူထုတွေ လမ်းပေါ်ရောက်လာပါတယ်။ လူငယ်တွေကို  ဂျန်နရေးရှင်းဇက်လို့  နာမည်တွေပေးပြီး  နွေဦး တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ထားတဲ့ လူထုအုံကြွမှုရဲ့ ရှေ့တန်းကို တွန်းပို့ကြပါတယ်။ ဒါ့အပြင် အစိုးရရဲ့ လုပ်ငန်းယန္တရား ရပ်ဆိုင်း သွားရင် နွေဦးတော်လှန်ရေး အောင်မြင်ပြီဆိုပြီး နိုင်ငံ့ဝန်ထမ်းတွေ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ဆောင်ပုဒ်တွေနဲ့ CDM မှာ ပါဝင်ဖို့ စည်းရုံးလှုံ့ဆော်ကြပါတော့တယ်။ 
နိုင်ငံရေးခံယူချက်ရှိသူ၊    ယုံကြည်ချက်ပြင်းထန်သူတွေဟာ     CDM လှုပ်ရှားမှုမှာ ပါဝင်ကြသလို စောစောက မိတ်ဆွေပြောသလို အကြောင်းအမျိုးမျိုးကြောင့် အလုပ်ထွက်ချင်သူတွေ၊ ထွက်ရမှာ ခက်နေတဲ့သူ၊ အားနာနေတဲ့သူတွေဟာ CDM လုပ်ကြပါတယ်။ 
ဒါ့အပြင် သူငယ်ချင်းကြောင့် ၊ ချစ်သူရည်းစားကြောင့် စသဖြင့် ကိုယ့်ပိုင်ဆန္ဒမပါဘဲ အများရဲ့ တိုက်တွန်းချက်တွေကြောင့် CDM လုပ်ကြသလို အချို့ကတော့ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကြောင့် CDM မှာ ပါဝင်လာကြပါတယ်။
လူမှုကွန်ရက်ပေါ်မှာ ကျွန်တော်/ ကျွန်မတော့ CDM မှာ ဘယ်နေ့၊ ဘယ်ရက်မှာပါဝင်ပြီး အဆုံးထိတိုင်အောင် ပါဝင်သွားမှာ ဖြစ်ပါတယ် စသဖြင့် ဓာတ်ပုံတွေနဲ့ တင်လိုက်ကြပါတယ်။ ပြီးရင် CDM လုပ်တဲ့ ဝန်ထမ်းတွေကို အထောက်အပံ့ပေးနေတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး  ငွေကြေးမှအစ သင်တန်းစတာတွေကို  အကူအညီတွေရယူကြပါ တယ်။ ဒါ့အပြင် ကြားနေရတဲ့ သတင်းတွေအရတော့  CDM မှာ တစ်ယောက်ပါဝင်ဖို့ စည်းရုံးနိုင်ရင် ငွေကြေးဘယ်လောက် စသဖြင့် ပေးတယ်လို့တောင် ကြားသိရပါတယ်။ 
အစောပိုင်းကတော့ နိုင်ငံ့ဝန်ထမ်းတွေ CDM မှာ ပါဝင်ဖို့ကို မတ်လ ၇ ရက် နောက်ဆုံးလို့ သတ်မှတ်ထားကြပါတယ်။ ငယ် သူငယ်ချင်း ကျောင်းဆရာမတစ်ယောက်ကတော့ မတ်လ ၇ ရက်နေ့ နံနက်စောစောမှာ စာရေးသူထံ ဖုန်းဆက်လာပါတယ်။ သူအချိန်မီလေး CDM လုပ်လိုက်ရင် ကောင်းမလားလို့ ဆိုပါတယ်။ 
ဘာဖြစ်လို့လဲဆိုတော့ CDM က ဒီနေ့ နောက်ဆုံးမို့လို့တဲ့။ သူ့ကို အခြားသူငယ်ချင်းတွေက အနာဂတ်အတွက်  စွန့်စားလိုက်ပါ၊ ရဲရဲ တင်းတင်း ဆုံးဖြတ်လိုက်ပါတဲ့  နောက်ရက်တွေ ဝင်လို့မရတော့ဘူး၊ မဝင်ရင်တော့ သူ့ကို လူမှုပြစ်ဒဏ် (Social Punishment) ပေးမယ် လို့လည်း ပြောကြတယ်လို့ ဆိုပါတယ်။
 သူငယ်ချင်းရဲ့ ခင်ပွန်းသည်ကလည်း လေဖြတ်သလို ဖြစ်နေ တာကြောင့် မိသားစုက သူ့ကိုပဲ မှီခိုနေရတဲ့အတွက် CDM မလုပ်ချင် ဘူးလို့လည်း ပြောပါတယ်။ ဒါ့အပြင် သူ့မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒီလောက်လည်း ပြင်းပြတဲ့စိတ်ဆန္ဒလည်း မရှိဘူးတဲ့၊ ဒါကြောင့်လည်း အခုထိ သူ CDM မလုပ်ဖြစ်တာလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ပေးတဲ့ လူမှုအပြစ်ဒဏ်ကြောင့် သူ့သား၊ သမီးတွေ တစ်သက်လုံး ခေါင်းမဖော် ရဲမှာလည်း စိုးရိမ်တယ်တဲ့၊ သူဘာလုပ်ရမလဲလို့ ဆိုပါတယ်။ 
စာရေးသူအနေနဲ့ကတော့  ဖြစ်သင့်ဖြစ်ထိုက်တာတွေကို  သူ ဆင်ခြင်စဉ်းစားနိုင်ဖို့နဲ့ ရဲရင့်ခြင်းဆိုတာ  တိုက်ရဲခိုက်ရဲတာလည်း ရဲရင့်ခြင်းဖြစ်သလို  မလုပ်သင့်တာ၊ မမှန်ကန်တာကို  မလုပ်တာ၊ ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်တာ၊ လုပ်သင့်လုပ်ထိုက်တာကို မှန်မှန် ကန်ကန် ဆုံးဖြတ်ရဲတာကလည်း ရဲရင့်ခြင်းဖြစ်တဲ့အကြောင်း စသည် ဖြင့် သူရွေးချယ်သင့်တဲ့ လမ်းကြောင်းတွေကို ဝေဖန်ဆန်းစစ်ပြပြီး ကျန်တာတော့ စိတ်ဆန္ဒရှိတဲ့အတိုင်းသာ  ဆုံးဖြတ်ပါလို့ ပြောလိုက် ပါတယ်။ 
ဘွဲ့ရပညာတတ်ဖြစ်တဲ့ သူငယ်ချင်းလည်း အဖြေတစ်ခုရသွား လို့ထင်ပါတယ်၊ ဖုန်းဆက်ခါစကလို လေသံက လေးလေးတွဲ့တွဲ့နဲ့ မဟုတ်တော့ဘဲ ရန်ကုန်ရောက်ရင် ဆုံရအောင်တဲ့ ရယ်ရယ်မောမောနဲ့ ဆိုပြီး ဖုန်းချသွားပါတယ်။
 လူတစ်ဦးမှာ မွေးဖွားလာကတည်းက လူ့အခွင့်အရေး၊ မွေးရာပါ လူသားဂုဏ်သိက္ခာ ဆိုတာရှိပါတယ်။ အလားတူ လူမှုပတ်ဝန်းကျင် မှာလည်း သိုက်သိုက်ဝန်းဝန်း ဂုဏ်သိက္ခာရှိရှိ နေထိုင်လိုကြပါတယ်။ 
လူမှုပြစ်ဒဏ်ပေးတဲ့အနေနဲ့ မခေါ်မပြောတော့တာ၊ လူမှု အသိုက် အဝန်းက ဖယ်ကြဉ်တာတွေကြောင့် နောင်မှာ ကိုယ့်သား၊ သမီးလေး တွေ မျက်နှာငယ်ရလိမ့်မယ်ဆိုပြီး ပြောဆိုစည်းရုံးတာတွေကလည်း သူတစ်ပါးရဲ့ အားနည်းချက်ကို ဆုပ်ကိုင်ပြီး အတင်းအကျပ် ဆွဲဆောင် စည်းရုံးနေတာဖြစ်ပါတယ်။ 
နိုင်ငံရေး၊ စီးပွားရေးစနစ်တွေ၊ အစိုးရတွေ ဘယ်လိုပင် ပြောင်းလဲ စေကာမူ နိုင်ငံတော်မှ အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းယန္တရားကို ပုံမှန်လည်ပတ်နိုင်အောင် ဆောင်ရွက်တာဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ ပြည်သူကို ဝန်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူအပေါ် သစ္စာစောင့်သိတာ၊ တာဝန်ကျေပွန်တာပဲ ဖြစ်ပါတယ်။ 
သူတို့စည်းရုံးတဲ့အတိုင်း CDM မလုပ်တာက နိုင်ငံ့ဝန်ထမ်း တစ်ယောက်အဖို့တော့ တာဝန်မကျေတာမဟုတ်ပါဘူး။ ဒီမိုကရေစီ ကျင့်စဉ်အရ လူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ ဆုံးဖြတ်လုပ်ကိုင် ခွင့်ရှိကြပါတယ်။ 
အယူအဆ၊ ခံယူချက်၊ အတွေးအမြင်၊ သဘောထားတွေက တစ်ဦး နဲ့တစ်ဦး မတူနိုင်သလို၊ မတူတာတွေကိုလည်း လွတ်လပ်စွာ ကွဲလွဲ ခွင့်ပေးရမှာ ဖြစ်ပါတယ်။  စိတ်ခံစားမှုတွေကိုအခြေခံပြီး  ကိုယ်နဲ့ အယူအဆမတူတိုင်း ဆန့်ကျင်တိုက်ခိုက်နေလို့ မရပါဘူး။ ရန်သူ သဖွယ် ဆက်ဆံနေလို့မရပါဘူး။
ဒီမိုကရေစီရဲ့ အနှစ်သာရမှာ မတူကွဲပြားမှုတွေကို အင်အားအဖြစ် စုစည်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ အောင်မြင်မှုရအောင် စုပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။  ဒီမိုကရေစီဆိုတာ စနစ်တစ်ခု ဆိုတာထက် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီမိုကရေစီကို ရှေးရှုတဲ့ နည်းလမ်းနဲ့သာ ချဉ်းကပ်ကြိုးစားရမှာ ဖြစ်ပါကြောင်း။