၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့သည် မြန်မာနိုင်ငံ၏ သမိုင်း စာမျက်နှာသစ်တစ်ခု စတင်ဖွင့်လှစ်ခဲ့သည့်နေ့ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံတွင် ရာစုနှစ်တစ်ဝက်စာမျှ ကြာမြင့်ခဲ့သည့် ဗဟိုဦးစီးပုံစံ အုပ်ချုပ်ရေးစနစ်၏ နေရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှ ရွေးချယ်တင်မြှောက်လိုက်သည့် ဒီမိုကရေစီအစိုးရတစ်ရပ် စတင်ဝင်ရောက်လာခြင်းပင်ဖြစ်သည်။ ထိုစဉ်က မြန်မာ့နိုင်ငံရေးအပြောင်းအလဲ၏ သိမ်မွေ့ညင်သာမှုနှင့် ပြည်သူကိုဗဟိုပြုသည့် ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာက ဂရုတစိုက် စောင့်ကြည့်လေ့လာကာ အကောင်းမြင်မှုများနှင့် ချီးမွမ်းထောမနာပြုမှုများကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ မျက်နှာပန်းပွင့်လန်းခဲ့သည်။
ထိုစဉ်က ဒီမိုကရေစီအစိုးရသစ်သည် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသောအစိုးရဖြစ်ရေး၊ အစိုးရနှင့်ပြည်သူလူထု အတွင်း ဒီမိုကရေစီကျင့်စဉ်များ ထွန်းကားလာရေး၊ တရားဥပဒေ စိုးမိုးရေး၊ အစိုးရနှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့ကို ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရေး ဦးစားပေး အစီအစဉ်များအဖြစ် ချမှတ်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲမှုကို ပြောစမှတ်ပြုလောက် အောင် မြန်ဆန်သော အပြောင်းအလဲဖြစ်ကြောင်း နိုင်ငံတကာက အသိအမှတ်ပြုခဲ့သည်။ ထိုစဉ်က အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတွင် ထာဝရငြိမ်းချမ်းရေးရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး LDC နိုင်ငံအဖြစ်မှ ရုန်းထွက်ရေးနှင့် ၂၀၂၀ ပြည့်နှစ် တွင် အလယ် အလတ်ဝင်ငွေရှိ နိုင်ငံတစ်နိုင်ငံဖြစ်လာရေးဟူသော ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးအတွက် အတိုက်အခံပါတီနှင့်လည်း သဘောထား ကြီးစွာ လက်တွဲဆောင်ရွက်နိုင်ခဲ့သလို ကောင်းမွန်သောအုပ်ချုပ် ရေးကိုလည်း ပြည်သူနှင့် စတင်မိတ်ဆက်ပေးခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုမရှိသော နိုင်ငံတစ်နိုင်ငံ၏ အနေအထားမှ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် ‘‘ကောင်းမွန် သောအုပ်ချုပ်ရေး (Good Governance) သည် အရေးကြီးသည့် အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ ကောင်းသောအုပ်ချုပ်ရေး ဟူသည်ကို တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိသော်လည်း နိုင်ငံရေးအရ တာဝန်ခံမှုရှိခြင်း၊ ဗဟိုအုပ်ချုပ်မှုပွင့်လင်းမြင်သာမှုရှိခြင်း၊ တရားဝင်လုပ်ပိုင်ခွင့်အာဏာကိုသာ ကိုင်တွယ်ကျင့်သုံး ခြင်း၊ အဖွဲ့အစည်းများ လွတ်လပ်မှုရှိခြင်းနှင့် ပါဝင်ဆောင်ရွက်ခွင့်ရှိခြင်းဟူသော လက္ခဏာရပ်များပါဝင်ခြင်းကိုမူ အသိအမှတ် ပြုကြသည်။ ကောင်းသောအုပ်ချုပ်ရေးနှင့်အတူ ထကြွလုံ့လ ရှိသည့်၊ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံသည့်၊ အများအကျိုး ဆောင်ရွက်လိုသည့် နိုင်ငံသားကောင်းများလိုအပ်ပြီး လူ့အဖွဲ့ အစည်းအတွင်း ပျင်းရိစိတ်စွဲကပ်နေမှု၊ ကိုယ်ကျိုးကြည့်မှု၊ ပါတီစွဲ စိတ်ဓာတ်ရှိမှု၊ ဆင်းရဲမှု၊ မသိနားမလည်မှု၊ မကောင်းသော လူမှုရေးအလေ့အထရှိမှုတို့ ကင်းရှင်းရန်လည်း လိုသည်ဟု ပညာရှင်တို့က ဆိုသည်။
မိမိတို့နိုင်ငံတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာသည့် ဒီမိုကရေစီအစိုးရနှစ်ရပ်နှင့် ယင်းအစိုးရတို့၏ အားသာချက်၊ အားနည်းချက်များကိုလည်း ပြည်သူလူထုတွေ့ကြုံ ခဲ့ကြပြီးဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ကောင်းမွန်သောအုပ်ချုပ်မှုနှင့် ကောင်းမွန် သော နိုင်ငံသားများဖြင့် တည်ဆောက်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီကျင့်စဉ်အရ ပြည်သူ့ထံမှ ဆင်းသက်လာသည့် အာဏာ ကို ရယူ၍ ကိုင်တွယ်ကျင့်သုံးရာတွင် ရိုးသားမှုရှိရန်၊ မိမိပါတီ အဖွဲ့အစည်းအကျိုးထက် နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဦးစားပေး ရန်၊ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရာတွင် ပြည်သူလူထုအနေ ဖြင့်လည်း စိတ်ခံစားမှုထက် ဉာဏ်အမြော်အမြင်ကသာ အကျိုးကို ဖြစ်ထွန်းစေသည့်အလျောက် နိုင်ငံသားကောင်းများအဖြစ် တာဝန်ကျေပွန်နိုင်ပါစေကြောင်း။ ။