ဒီမိုကရေစီရည်မှန်းချက်အောင်မြင်ရေး ကြိုးပမ်း

“ဒီမိုကရေစီဆိုသည်မှာ အများဆန္ဒနှင့်အညီ ဆောင်ရွက်ရသည်ဆိုသော်လည်း အများဆန္ဒသည် စစ်မှန်ပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန် လိုအပ်ကြောင်း၊ ရိုးသားမှု မရှိသည့် နိုင်ငံရေးသည်  စစ်မှန်သည့်  ဒီမိုကရေစီဟုပြောနိုင်ရန်  ခဲယဉ်းသည်ကို သတိချပ်စေလိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူမင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် မိန့်ကြားခဲ့သည်။


၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲကာလများ၌ ရည်ရွယ်ချက်ရှိရှိ     ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့သော   မဲမသမာမှုများသည် တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်ပြီး ရှက်ဖွယ်ကောင်းသည့် လုပ်ရပ်ဖြစ်ခဲ့ သည်။ ဒီမိုကရေစီစနစ်သည် အများဆန္ဒဟုကြွေးကြော်ကာ မရိုးမသား မမှန်မကန် ဆောင်ရွက်ခြင်းသည် ပြည်သူများအား လှည့်ဖြားခြင်းသာ ဖြစ်သည်။ နိုင်ငံရေးသည်  မွန်မြတ်သည်ဆိုသော်လည်း    ယုတ်မာညစ်ထေးသော   နိုင်ငံရေးတွင်  ပြည်သူ ပြည်သားအားလုံးနှင့် နိုင်ငံတော်အပေါ် ထိခိုက်နစ်နာမှုများရှိခဲ့၍ မှန်မှန်ကန်ကန်  ပြန်လည်တည့်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။ မဲမသမာမှုများပြုလုပ်ခြင်းသည်  ဒီမိုကရေစီကျင့်စဉ်ကို ဖောက်ဖျက်ခြင်းဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ် ခြင်းသည် ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်သည်။


ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း၊ တန်ဖိုးထားသူတိုင်း၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိသူတိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ကို  နားလည်လက်ခံကြသော်လည်း နိုင်ငံရေးမှိုင်းမိနေကြသူများ၊ ပြည်ပသြဇာခံများနှင့် မျက်စိပိတ်၊ နားပိတ်ထားကြသူ များက ဖြစ်ရပ်မှန်ကို လက်မခံနိုင်ဘဲ အကြမ်းဖက်အဖျက်လုပ်ရပ်များကို ဇွတ်တိုး  လုပ်ဆောင်နေကြသည်။  မဲမသမာမှုကိုအကြောင်းပြု၍   ပေါ်ပေါက်လာသည့် CRPH ၊ NUG နှင့် အပေါင်းပါ PDF အကြမ်းဖက်အဖွဲ့များ၏ ခြိမ်းခြောက်စည်းရုံးမှု ကြောင့် အချို့သောပညာတတ်များသည်ပင် အသိဉာဏ်ပညာများ ပျောက်ကွယ် သွားရသည်အထိ နိုင်ငံရေးဝါဒမှိုင်းမိနေကြသည်။ အဆင်ခြင်မဲ့သူများ၏ လှုံ့ဆော်မှု နောက်သို့ ဆင်ကန်းတောတိုး မျက်ကန်းလမ်းလျှောက်သလို အကြမ်းဖက်လုပ်ရပ် များတွင် ပါဝင်အားပေး၊ လုပ်ဆောင်နေကြခြင်းသည် မိမိတို့ဘဝကို မိမိတို့ကိုယ်တိုင် ဖျက်ဆီးနေသည်နှင့်တူသည်။
PDF အကြမ်းဖက်အဖွဲ့များသည် စာသင်ကျောင်းများ၊ အစိုးရပိုင်နှင့် ပုဂ္ဂလိကပိုင်  အဆောက်အအုံများအား မီးရှို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ပညာရေးဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများကို ခြိမ်းခြောက်သတ်ဖြတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုလုပ်ငန်းများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ အား သတင်းပေး၊ ဒလန်ဟုစွပ်စွဲပြီး အကြောင်းမဲ့သက်သက် ရက်ရက်စက်စက်  သတ်ဖြတ်ခြင်း၊  လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရည်ရွယ်ချက်ရှိရှိ  အလစ်အငိုက် တိုက်ခိုက်သတ်ဖြတ်ခြင်းတို့သည်  တိုင်းပြည်နှင့်လူမျိုးကို  ဖျက်ဆီးနေခြင်းသာ ဖြစ်သည်။ အကြမ်းဖက်သမားဘက်တွင်  ပြည်သူလူထုရှိသည်ဟု  မမှန်မကန် သွေးထိုးလှုံ့ဆော်စည်းရုံးကြသည်။ ပြည်သူများက အကြမ်းဖက်လုပ်ရပ်များကို  သိရှိနေကြပြီဖြစ်သော်လည်း ပြည်တွင်းအစွန်းရောက်အချို့နှင့် ပြည်ပနိုင်ငံအချို့က  အကြမ်းဖက်လုပ်ရပ်ကို မျက်ကွယ်ပြုပြီး အားပေးအားမြှောက် ပြုလုပ်နေကြသည်။ 


မြန်မာနိုင်ငံသည် ပြည်သူများ၏ဆန္ဒနှင့်အညီ  ရွေးချယ်ထားသည့် ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းပေါ်၌  လျှောက်လှမ်းနေသည့်အတွက်  တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ  ဒီမိုကရေစီစနစ်  ခိုင်ခိုင်မာမာဖြစ်ထွန်းစေရန် ဆက်လက်ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ ဒီမိုကရေစီစနစ် တည်တည် ငြိမ်ငြိမ် မှန်မှန်ကန်ကန် လျှောက်လှမ်းနိုင်ရေးအတွက် နိုင်ငံရေးအရ တည်ငြိမ်မှု ရှိရန် လိုအပ်သကဲ့သို့ လုံခြုံရေးအရ တည်ငြိမ်မှုရှိရန်လည်း လိုအပ်သည်။ သို့ပါ၍ လည်း အဖျက်လုပ်ရပ်မှန်သမျှကို ဖယ်ရှားလျက်ရှိပြီး နိုင်ငံအတွင်း၌ အကြမ်းဖက် လုပ်ရပ်မှန်သမျှကို အမြစ်ပါမကျန် ထိထိရောက်ရောက်  တိုက်ဖျက်နှိမ်နင်းလျက် ရှိသည်။ အကြမ်းဖက်သမားများကို နှိမ်နင်းနေခြင်းသည် လူ့အခွင့်အရေးချိုးဖောက် ခြင်း မဟုတ်ပေ။ အကြမ်းဖက်မှုမှန်သမျှကို မည်သည့်နိုင်ငံကမျှ လက်မခံ၊ ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။


တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်အချုပ်အခြာအာဏာ မဆုံးရှုံး စေရေး၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် နိုင်ငံသူ၊ နိုင်ငံသားများကို   ကာကွယ် စောင့်ရှောက်ပေးရေးဖြစ်သည်။ နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့် အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင် သည့် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ဆက်လက်ထိန်းသိမ်း  ကာကွယ်စောင့်ရှောက်လျက်ရှိသည်။ သို့ဖြစ်ရာ  ဒီမိုကရေစီရည်မှန်းချက်များ  အောင်မြင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ  လုံခြုံစိတ်ချမှုရှိစေရေး နှင့် တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောရေးပင် ဖြစ်ပါကြောင်း။    ။