
နေပြည်တော် မတ် ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၈)ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက နိုင်ငံ တော်ကို ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည် ဆိုသည့် ပြင်ဆင်ချက်ကို ထောက်ခံဆွေးနွေးမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ် ကျင့်သုံးခြင်းသည် ဖက်ဒရယ်ခိုင်မာရေးကို အားပေးပါကြောင်း၊ ထို့အတူ ဖက်ဒရယ် စနစ်ကျင့်သုံးခြင်းသည်လည်း ဒီမိုကရေစီစနစ်တည်တံ့ရေးကို အထောက်အကူ ပြုပါကြောင်း၊ ထို့ကြောင့် ရှိသင့်ရှိထိုက်သည့် ဒီမိုကရေစီအင်္ဂါရပ်များနှင့် ပါသင့်ပါ ထိုက်သည့် ပြည်သူလူထု၏ ရပိုင်ခွင့်များကို ဥပေက္ခာမပြုဘဲ ဂရုပြုကြစေလိုပါ ကြောင်း၊ ထို့ပြင် ဖက်ဒရယ်၏အခြေခံသည် တိုင်းရင်းသားများအကြား တန်းတူညီတူ အခွင့်အရေးရရှိစေခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိစေခြင်းတို့ကို ဖြစ်ပေါ်စေပါကြောင်း၊ ထို့ကြောင့် တိုင်းရင်းသားများအားလုံး ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ အတူတကွနေထိုင်နိုင်စေရန်အတွက် နိုင်ငံတော်အခြေခံ ရမည့်မူအဖြစ် ပုဒ်မ ၈ တွင် နိုင်ငံတော်ကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းသင့်ပါကြောင်း ဆွေးနွေး သည်။
ပုဒ်မ ၂၃၂ ပုဒ်မခွဲ(ဋ)ပယ်ဖျက်ချက်ကို ဆွေးနွေး
ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဋ) ပယ်ဖျက်ချက်ကို ဆွေးနွေးလိုပါကြောင်း၊ ယင်းပုဒ်မသည် ပြည်ထောင်စု ဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရဟု ပြဋ္ဌာန်းထားပါကြောင်း၊ ယင်းသို့ ပြဋ္ဌာန်းထားခြင်းသည် ပါတီကို ကိုယ်စားပြုပြီး နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးကို ဦးဆောင်သယ်ပိုးထမ်းရွက်နိုင်ရန်အတွက် လူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သူများကို ပါတီနှင့်ကင်းကွာစေရန်၊ ၎င်းတို့ကို ရွေးချယ်တင်မြှောက်ပေးလိုက်သည့် ကိုယ်စားပြုမဲဆန္ဒနယ်နှင့် ကင်းကွာစေရန် ကန့်သတ်သည့်သဘော သက်ရောက်နေသည့်အတွက် အဆိုပါ ပုဒ်မပြဋ္ဌာန်းချက်ကို ပယ်ဖျက်သင့်ပါကြောင်း ဆွေးနွေးသည်။
အတူတကွပေါင်းစည်းဆောင်ရွက်
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က မိမိတို့တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအနေ ဖြင့် ပြင်ဆင် ပယ်ဖျက်လိုသည့် ပြဋ္ဌာန်းချက်ပုဒ်မတစ်ခုချင်းစီ၏ အခြေအနေ၊ အကြောင်းတရားများကို ဆွေးနွေးသွားခဲ့ခြင်းများသည် နိုင်ငံအတွင်းစုစည်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူအများစုအကျိုးကို ရှေးရှုရည်ရွယ်ပြီး ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်သည်ကို သိရှိနားလည်စေလိုပါကြောင်း၊ မိမိရှေ့က ပြောဆိုဆွေးနွေးသွားကြသည့် ကိုယ်စားလှယ်အများစုသည်လည်း မိမိတို့၏ နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူတို့၏အကျိုးကို ရည်ရွယ်၍ ဖြစ်စေလိုသည့် ဆန္ဒများနှင့် ဆွေးနွေးသွားကြသည်ကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း၊ ထို့ကြောင့် မည်သည့်အရာမဆို စိတ်ရင်းစေတနာ ကောင်းမွန်မှန်ကန်စွာဖြင့် ဆောင်ရွက်ကြ ပါက အောင်မြင်သည်ဆိုသည့်အတိုင်း မိမိနိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အရေးကို ရှေးရှုဆောင်ရွက်လိုသည့် တူညီသော ရည်မှန်းချက်၊ မှန်ကန်သော ရည်ရွယ်ချက်များနှင့် အတူတကွပေါင်းစည်းဆောင်ရွက်ကြပါက မိမိတို့အားလုံး လိုလားတောင့်တနေသည့် ဒီမိုကရေစီနိုင်ငံတော်သို့ ရောက်ရှိနိုင်မည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် နွားထိုးကြီး မဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အေးကျော်လင်း၊ ချောင်းဆုံမဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာအားကာမိုး၊ တပ်မတော် သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်၊ မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၊ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာ စံရွှေဝင်း၊ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်း၊ တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်၊ တပ်မတော်သား ပြည်သူ့လွှ တ် တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ထွန်းမြတ်ရွှေ၊ နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင် (ခေါ်)ဦးဒီလုံး၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်၊ တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထွန်းအောင်၊ ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင် (ခေါ်) ပြုံးချို၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးပူဂင်ကမ်းလျန်နှင့် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးရည်မွန် (ခေါ်)မောင်တင်သစ်တို့က ဆက်လက်ဆွေးနွေးကြသည်။
လွှတ်တော်ကိုယ်စားလှယ် ၁၄၇ ဦး၏ ဆွေးနွေးခြင်းအစီအစဉ်ပြီးဆုံး
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၇ ဦး၏ ဆွေးနွေးခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါကြောင်း၊ အထက်ပါ ဥပဒေ မူကြမ်းပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)အတွက် လွှတ်တော် ၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက် အင်္ဂါနေ့တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၉)ရက်မြောက်နေ့ကို မတ် ၁ဝ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)
ဓာတ်ပုံ-စိုးဝင်းထွန်း