
ဆရာမဲဇာ
အာဟာရသုတေသီများက မြန်မာအမျိုးသားကြီးတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရထဲတွင် ဆန် နို့ဆီဘူး နှစ်လုံး အနည်းဆုံး လိုအပ်သည်ဟု ဆို၏။ သို့ဖြစ်၍ နှစ်လခန့်အတွင်း ဆန်တစ်တင်းစားပြီး တစ်နှစ်လျှင် ဆန်ခြောက်တင်းမျှ (သုံးတင်းဝင် နှစ်အိတ်မျှ) စားသုံးရန်သင့်သည်ဟု အကြံပြုခဲ့ကြပါသည်။
မြန်မာတို့၏ ရှေးရိုးစဉ်လာ အလေးတင်းတောင်းများ၏ စံကိုက် သတ်မှတ်ချက်မှာ ဆန်ဆိုလျှင် ပြည်တောင်း၊ တင်းတောင်းနှင့် ချိန်ကြ၏။ ဆန် ၁၆ ပြည်လျှင် တစ်တင်းရှိ၏။ “ဆယ်ခြောက်ပြည်ပိုင်စိုး သည့် မင်းမျိုးတဲ့ရာဇာ၊ ရှေးကုသိုလ်ကံမကောင်း၍ ခေါင်းကမပါ” ဟူ၍ စကားထာဖွက်ကြရာတွင် ပြည်တောင်းနှင့် တင်းတောင်းတို့၏ ဆက်သွယ်မှုကိုပြ၏။ အဖြေမှာ “တင်းတောင်း”ဟူ၍ ဖြစ်ပါသည်။
ထူးဆန်းသည့်ဆက်နွှယ်မှု
ဤတွင် ထူးဆန်းသည့် ဆက်နွှယ်မှုဖြစ်လာပြန်၏။ ဆန်တစ်ပြည် တွင် နို့ဆီဘူး ရှစ်ဘူး ရှိသည်ဟူသော ဆက်နွှယ်မှုပင်။ ရှေးရိုး မြန်မာ အခြင်အတွယ်ထဲတွင် အနောက်တိုင်းဖြစ် နို့ဆီခွက်များက မည်သို့ မည်ပုံ စပ်ယှက်လာသနည်းဟူသည်ကို လေ့လာသင့်တော့၏။ နို့ဆီ ဘူးခွံတစ်ဘူး၏ အလေးချိန်ကိုလည်း ၂၅၀ ဂရမ် ရှိကြောင်း ပညာရှင် တို့က သတ်မှတ်ပြန်၏။
အနောက်တိုင်း၏ CGS စနစ်အရ ဖြစ်ပါသည်။ အရှည်အလျားကို စင်တီမီတာ၊ အလေးချိန်ကို ဂရမ်၊ အချိန်ကို စက္ကန့်နှင့် တိုင်းတာခြင်းမှာ နိုင်ငံတကာစနစ် ဖြစ်ပါ၏။ FPS စနစ်ဆိုသည်မှာ အရှည်အလျားကို ပေ၊ အလေးချိန်ကို ပေါင်နှင့်ပြ၍ အချိန်မှာမူ အတူတူ စက္ကန့်နှင့် တိုင်းတာသော အခြေခံရှိပေသည်။ ဤတွင် မြန်မာတို့၏ အလေးချိန် စနစ်ဖြစ်သော ကျပ်သားနှင့် ပိဿာတို့နှင့် ချိန်ဆကြပြန်၏။ ဆန် ၁၀၀ ဂရမ်သည် မြန်မာအလေးချိန် (၆ ) ကျပ်သားနှင့် ညီသည်ဟု ဆိုပြန်၏။
အရည်များကို ခြင်တွယ်ရာတွင်လည်း မြန်မာတို့စံသတ်မှတ် ထားသော ကျပ်သား၊ အစိတ်သား၊ ငါးဆယ်သား၊ ပိဿာခြင်တွယ်ခွက် များ၌ သူ့ခွက်နှင့် သူ့အလေးချိန်ကို သတ်မှတ်ထားရှိပါသည်။ အနောက်တိုင်းမှလာသော အာဟာရ ခြင်တွယ်နည်းများတွင်မူ လက်ဖက်ရည်ဇွန်း၊ လက်ဖက်ရည်ကြမ်းထည့်သော ပန်းကန်၊ လက်ဖက်ရည်ပန်းကန်၊ ဖန်ခွက် စသည်ဖြင့် ညှိနှိုင်း၍သုံးရန် အကြုံပြု ထားလေသည်။
မှန်းဆပမာဏတွက်ရန်ခက်
ခက်နေသည်က အနောက်တိုင်းတွင် စံသတ်မှတ်ချက်များနှင့် ညီသော ဇွန်း၊ ခွက်၊ ပန်းကန်များ ထုတ်လုပ်ခဲ့ကြသလောက် မြန်မာ တို့မှာ လက်ဖက်ရည်ဇွန်း၊ ငါးပိရည်ဇွန်း၊ ကြွေဇွန်း၊ သံဇွန်း၊ စတီးဇွန်း စသည့် ဇွန်းအမျိုးမျိုးများစွာရှိ၏။ ထိုဇွန်းများတွင်ပါဝင်သော အရည် ပမာဏတွေ မတူညီ။ လက်ဖက်ရည်ကြမ်း ပန်းကန်အမျိုးမျိုး၊ လက်ဖက်ရည်ပန်းကန် အမျိုးမျိုး၊ ဖန်ခွက်အမျိုးမျိုး ရှိကြလေသည်။ ရှေးကသုံးသော ကြေးခွက်၊ အုန်းမှုတ်ခွက်များမှာလည်း ထုထည် မှန်းဆပမာဏ တွက်ရန်ခက်ပါ၏။
သူ့ဒေသအလိုက် သူသုံးစွဲနေသော အိုး၊ ခွက်၊ ပန်းကန်၊ ဇွန်းများမှာ အလွန်ပင် ကွာခြားလျက်ရှိပါ၏။ စံကိုက်ဇွန်းနှင့် ခွက်များ(Standard Spoon and Cup Measures) ဖြင့် ခြင်တွယ်သုံးစွဲသော နိုင်ငံများတွင် ကွဲလွဲချက်မရှိလှပါ။ ထုတ်လုပ်ထားသောခွက်များသာမက ဘူးများ တွင်ပင် အရည်ပမာဏ တိုင်းတာပေးထားသော အမှတ်အသားများ ပါရှိနေပါသည်။
ဝမ်းလျှော ဝမ်းပျက်ရောဂါများ သက်သာစေဖို့ ဓာတ်ဆားရည်ဖြင့် ပြုစုနည်းသစ်ပေါ်ပေါက်လာသောအခါ ကျွန်တော်တို့ဌာနလည်း ခေတ်နှင့်အညီ ဓာတ်ဆားရည်ဖျော်နည်း ပညာပေးရပါသည်။ ရေ တစ်လီတာတွင် ဆားတစ်ဇွန်းနှင့် သကြားရှစ်ဇွန်းထည့်၍ဖျော်ကာ ကလေးတွေ ဝမ်းလျှောဝမ်းပျက် လူနာတွေကို တိုက်ဖို့ညွှန်ကြားခဲ့ ပါသည်။
ထိုအချိန်က ရေသန့်ဘူးတွေ မပေါ်သေးပါ။ သို့ဖြစ်၍ ရေ တစ်လီတာ တိတိကျကျရဖို့ ပြဿနာရှိပါသည်။ သကြားနှင့် ဆားကို ခြင်တွယ်ဖို့ ဇွန်းမှာလည်း စံကိုက်လက်ဖက်ရည်ဇွန်း ဖြစ်ရပါမည်။ ကျေးလက်ဒေသအောက်ခြေကလူများမှာရှိသော ဇွန်းများမှာ အမျိုးမျိုး ကွဲပြား၍နေ၏။ နောက်ပိုင်းတွင် မြန်မာနိုင်ငံ BPI စက်ရုံ ထုတ် အသင့်စပ်ပြီးသား ဓာတ်ဆားထုပ်များ ထွက်ရှိလာသောအခါ ပို၍လွယ်ကူသွားပါသည်။
မြန်မာဓာတ်ဆားထုပ်များတွင် မြန်မာလိုရေးထားသော လမ်းညွှန်များပါရှိ၏။ ရေတစ်လီတာကို ဓာတ်ဆားထုပ်တစ်ထုပ် သုံးရန်နှင့် ထိုဓာတ်ဆားထဲတွင် ပါဝင်သော ဆား၊ သကြား စသည့် ဓာတ်များကို အလေးချိန်အတိအကျ ညွှန်းထားပါသည်။ လူထု အတွက် လွယ်ကူအောင်ထုတ်လုပ်ပေးထားသဖြင့် အားလုံး အဆင်ပြေ သွားမည်ဟု ထင်ခဲ့၏။
စံခွက်များဖြင့် ခြင်တွယ်အကဲဖြတ်
ကျွန်တော်တို့အဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပါရဂူများနှင့် ပူးပေါင်း၍ ကွင်းဆင်းသုတေသနလုပ်ကြ၏။ ဝေးဝေးမဟုတ်၊ ရန်ကုန်မြို့ထဲ၌ပင် ဖြစ်ပါသည်။ ဓာတ်ဆားရည်ဖျော်ခြင်း ဗဟုသုတ နှင့်ပတ်သက်၍ စာတွေ့မဟုတ်ဘဲ လက်တွေ့ဖျော်ပြခိုင်းပြီး ကျွန်တော် တို့မှာ ပါလာသော စံခွက်များဖြင့် ခြင်တွယ်အကဲဖြတ်ကြပါသည်။
ဗဟုသုတနှင့် လက်တွေ့ မည်မျှကွဲပြားသွားကြောင်း ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ရသောအခါ အထူးပင်အံ့ဩရပါသည်။ အမြင်ကျယ်၍ ဗဟုသုတများသည်ဟု ထင်ရသော ရန်ကုန်မြို့မှ အိမ်ရှင်မများ၊ ပညာတတ်များ (အထူးကုဆရာဝန်အချို့ပင်ပါဝင်) ဖြေဆို လုပ်ဆောင်ကြသည်ကို စောင့်ကြည့်လေ့လာသောအခါ လူပေါင်းသုံးထောင်ကို ကျပန်းရွေးချယ်တွေ့ဆုံခဲ့ရာ ဓာတ်ဆားရည်ကို တိကျစွာဖျော်စပ်ပြသူ တစ်ယောက်တည်းကိုသာ တွေ့ရပေသည်။ လူသုံးထောင်မှာ တစ်ယောက်သာ မှန်စွာ အလုပ်လုပ်နိုင်သည်ဟု အဖြေမထုတ်ရဲခဲ့ပါ။
မြန်မာလို တိကျစွာရေးထားသော ဆေးညွှန်းကို မဖတ်သူ၊ ဖတ်ထားသော်လည်း ဓာတ်ဆားထုပ်၏ တစ်ဝက်ကို ရေခွက်တစ်ဝက် နှင့် ဖျော်စပ်သူတွေများ၏။ ဓာတ်ဆားထုပ်ထဲတွင် ရောနှောထား သော ဆားနှင့်သကြားမှာ တစ်ထုပ်လုံးသုံးမှ အချိုးအဆမှန်ပါမည်။ တစ်ဝက်တစ်ပျက်ရောလျှင် ဆားနှင့်သကြား အချိုးအဆမမှန်တော့ ပါ။ ထိုအခါတွင် ဆေးမဖြစ်ဘဲ ဘေးဖြစ်နိုင်ပါသည်။
ပြဿနာအဖြစ်ဆုံးမှာ ရေတစ်လီတာကိစ္စ ဖြစ်ပါသည်။ ကျွန်တော် တို့ သုတေသနပြုသော လူသုံးထောင်တွင် တစ်ယောက်တည်းသာ အမှန်လုပ်နိုင်သည်။ သို့ရာတွင်လည်း လူတော်၍မဟုတ်ဘဲ သုံးသည့် ခွက်က စံကိုက်ဖြစ်နေ၍ ဖြစ်ပါသည်။ သူသုံးသောမတ်ခွက်မှာ စံကိုက် (၅၀၀ စီစီ) ရှိပါသည်။ ဓာတ်ဆားရည်တစ်ထုပ်နှင့် ထိုခွက်နှစ်ခွက်စာ ရေကို ဇလုံထဲတွင်ထည့်၍ ဖျော်သဖြင့် တိကျသောအဖြေ ရရှိပါသည်။
ကျွန်တော်တို့ရခဲ့သော သင်ခန်းစာမှာ ...
အသိနှင့်အလုပ် များစွာကွာဟနေကြောင်း ၊ စံကိုက်အိုးခွက်ပန်း ကန်တွေ တိုင်းပြည်မှာ လိုအပ်နေကြောင်းတို့ပင်ဖြစ်ပါသည်။
ကျန်းမာရေးအသိပညာ လိုအပ်ချက်တွေရှိ
အကြံပေးသူတို့အတွက် “အလွယ်ကလေးပါ” ဆိုသောအရာသည် လက်တွေ့လုပ်ရသူအတွက် ကျော်လွှားရသော အချက်ပေါင်းများစွာ ရှိသည်ကို သိသူနည်းလှသဖြင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း (Health Literacy) အရေးကြီးပုံကို အသိအမှတ်ပြု တိုက်တွန်းထား သော (Shanghai Declaration) ဖြင့် ကမ္ဘာ့ကျန်းမာမှု မြှင့်တင် ရေးကွန်ဖရင့်မှ ဆုံးဖြတ်ခဲ့ပါသည်။ လူထုမှာ ကျန်းမာရေးအသိပညာ လိုအပ်ချက်တွေရှိသည် မှန်၏။ လူထုမှာ ဘာတွေသိ၍ ဘာတွေရှိ သည်ကို မသိသော ပညာတတ်ဆိုသူများက ဖန်တီးထားသော အခက် အခဲများရှိနေသဖြင့် လူထုကို ပညာပေးလိုသူများကိုယ်တိုင် Health Literacy နှင့်အညီ ပြန်လည်သင်ကြားရန် (Relearn)လိုလာ၏။
အာဟာရပညာရှင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြန်ကြည့်ပါ။
အာဟာရမျှတသော အစာ။ အာဟာရမျှတသော အစာဆိုသည်မှာ လူတစ်ယောက်အတွက် လိုအပ်သောအာဟာရဓာတ်များ အမျိုး အမည်အားဖြင့်ပြည့်စုံပြီး ပမာဏအားဖြင့် လုံလောက်ရသည့်အပြင် နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော အစာကို ဆိုလို ပါသည်။ အဆိုပါအစာသည် လူတစ်ဦးချင်းအတွက် လူမှုရေး၊ စီးပွားရေးအား ပြန်လည်လိုက်လျောညီထွေမှုရှိပြီး လက်ခံနိုင်သော အစာ ဖြစ်ရပါမည်။
ယခုအခါ ပညာရှင်များစွာက ပုံစံအမျိုးမျိုး၊ ဇယားအမျိုးမျိုးဖြင့် အာဟာရပညာပေးနေကြသည်ကို တွေ့နေရပါသည်။ လူတို့ အသိ ပညာတိုးလာ၏။ သို့ရာတွင် သိခြင်းနှင့် လုပ်ခြင်းကြားတွင် ယုတ်စွ အဆုံး အလေးချိန် အခြင်အတွယ်များမှာ ပြဿနာရှိနေ၏။ ဈေးထဲတွင် ပုံစံအမျိုးမျိုး၊ အခြင်အတွယ် အမျိုးမျိုး၊ ကတ္တားအမျိုးမျိုး တွေ့နိုင်၏။ အလေးချိန်တိုးရန် ရေထိုး၊ ခဲထိုး စသည့် ညစ်နည်းများလည်းရှိ၏။
ကုန်စိမ်းဈေးများ (Wet Markets)သည် ပညာတတ်တို့ ကျက်စား ရာဖြစ်ဖို့လိုလာ၏။ တာဝန်ရှိသူတို့၏ ဖြောင့်မှန်သော ကွပ်ကဲမှုလိုလာ ၏။ ဈေးသည်တို့၏ အပြုအမူများကို ကျန်းမာရေးနှင့်ညီသော အပြု အမူများ (Healthy Behaviors) များ ဖြစ်စေရန် စည်းရုံးဖို့လိုလာ၏။ စေတနာဖြင့် အာဟာရများ ပြည့်စုံအောင် ကူညီရောင်းချရာတွင် အလေး၊ တင်းတောင်း မှန်ကန်စွာ ရောင်းချပေးမှသာ ချက်နည်း ပြုတ် နည်း စာအုပ်ကြီးအတိုင်း ဖြစ်လာပေမည်။
မြန်မာရာဇဝင်တွင် သာလွန်မင်းကြီးတစ်ပါးသာလျှင် နိုင်ငံအတွင်း အလေး၊ တင်းတောင်းများ စံကိုက်ဖြစ်စေရန် ကိုယ်တော်တိုင် ကြီးကြပ် ညွှန်ကြားခဲ့ကြောင်း သင်ခဲ့ရ၏။
အာဟာရမျှတ မှန်ကန်စွာ စားသုံးနိုင်ရန်အတွက် မြန်မာတို့၏ ဈေးထဲကို ဂရုစိုက်သော “ဒုတိယသာလွန်” လိုနေ၏။
- Log in to post comments