ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

======================================================================================================================================

 

 

နေပြည်တော် အောက်တိုဘာ ၂

 

အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ဗဟိုကော်မတီ ဒသမအကြိမ် ညှိနှိုင်းအစည်းအဝေး (Virtual Meeting) ကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲ မှုဆိုင်ရာဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ဗဟိုကော်မတီဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် ဗဟို ကော်မတီဝင်များ၊ နေပြည်တော်ကောင်စီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူးများ၊ လုပ်ငန်းကော်မတီ ခြောက်ခုမှ တာဝန်ရှိသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ မှ ကိုယ်စားလှယ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှကိုယ်စားလှယ်၊ ပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်၊ ဌာနဆိုင်ရာအကြီးအကဲများ နှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ဆွေးနွေး ကြသည်။

 

အမြန်ပြီးစီးရေး သတ်မှတ်ဆောင်ရွက်

 

ရှေးဦးစွာ ဗဟိုကော်မတီနာယက ဒုတိယသမ္မတက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီ၏ လေးနှစ်ကျော်ကာလအတွင်း အစည်းအဝေး ကိုးကြိမ် ကျင်းပခဲ့ရာ ဆုံးဖြတ်ချက် စုစုပေါင်း ၁၂၁ ချက်အနက် ဆောင်ရွက်ပြီး ၇၂ ချက်၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအပါအဝင် ဆောင်ရွက်ဆဲ ၄၉ ချက်ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများသည် မြန်မြန်ပြီးလေ အကျိုးရှိလေဖြစ်သည့်အတွက် အမြန်ပြီးစီးရေး အချိန်ကာလသတ်မှတ်ကာ ဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးမှာ စနစ်တကျစီမံမှုမရှိသည့်မြို့ပြများ၊ စက်မှုဇုန်များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အလွန်အကျွံ တိုးချဲ့မှုများကြောင့် ကာဗွန်ထုတ်လွှတ်မှု များပြားစေသည့်အပြင် ဂေဟစနစ်များပျက်စီးခြင်း၊ သစ်တောပြုန်းတီးစေခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများ ပျောက်ဆုံးခြင်း၊ တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ခြင်း၊ ရာသီဥတု ပြောင်းလဲမှုကို လျင်မြန်စေခြင်းတို့အပါအဝင် လူသားများ၏ လုပ်ဆောင်မှုများ သည် သဘာဝတရား၏ ဟန်ချက်ညီမျှမှုကို ပြိုကွဲပျက်စီးစေသည့်အပြင် သက်ရှိ များ၏ ရှင်သန်ရပ်တည်မှုနှင့် နိုင်ငံ၏ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အား ခြိမ်းခြောက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း။

 

ထို့ကြောင့် နိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့် အခါမှာ စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ပတ်ဝန်းကျင်ထိခိုက် ယိုယွင်းပျက်စီးမှုများကို ရှောင်ရှားနိုင်ရန်နှင့် ပတ်ဝန်းကျင်နှင့် သဘာဝဂေဟ စနစ် ရေရှည်တည်တံ့ ကောင်းမွန်စေရေးအတွက် ထိရောက်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို အဓိက ဦးစားပေးတစ်ရပ်အနေဖြင့် အထူးဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းဆိုသည်မှာ လက်ရှိကာလတွင်သာမဟုတ်ဘဲ မိမိတို့၏ အနာဂတ်သားစဉ် မြေးဆက်များကို ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်အခြေအနေကောင်း များ လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် ဆောင်ရွက်နေရသည့် လုပ်ငန်းဖြစ်၍ မိမိတို့ ဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် ကြီးကြပ်မှုကော်မတီတို့အနေဖြင့် ထိုတာဝန်ကို ဆောင်ရွက်နေရခြင်းသည် အလွန်ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်ပတ်သက် ၍ နိုင်ငံတော်က ချမှတ်ထားသည့် ပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ဆက်စပ် မဟာ ဗျူဟာပင်မလုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာ စံချိန်စံညွှန်း အလေ့အကျင့်ကောင်းများ နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် အလွန် အရေးကြီးပါကြောင်း။

 

ကော်မတီ၏ ထူးခြားသည့် အောင်မြင်မှုအနေဖြင့် နိုင်ငံတော်က ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (MSDP) ပါ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲမှုဆိုင်ရာမူဝါဒ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်၊ မြန်မာနိုင်ငံ အမျိုးသား အဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တို့ကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော်မှုအပိုင်းအနေဖြင့် ချမှတ်ထားသည့် မူဝါဒ၊ မဟာဗျူဟာ၊ ပင်မလုပ်ငန်းစဉ်များမှာ သတ်မှတ် ထားသော အခြေခံကျသည့် လမ်းညွှန်မူဘောင်များနှင့်အညီ ကဏ္ဍအသီးသီးတွင် ဆောင်ရွက်နေသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများ၊ အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာမှာ ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံတွေကို ပေါင်းစပ်ဆောင်ရွက်နေသည့်အတွက် တိုးတက်မှုများရရှိနေပြီ ဖြစ်ပါကြောင်း။

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးလုပ်ငန်း များသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများသည် အလွန်ကျယ်ပြန့်သည့် နယ်ပယ်များဖြစ်သည်နှင့်အညီ အရေးကြီးသည့် နယ်ပယ်သစ်များကိုလည်း ဖော်ထုတ်သွားရမည်ဖြစ်ပါကြောင်း၊ ဥပမာအားဖြင့် သဘာဝသယံဇာတများ ရေရှည်တည်တံ့စေရေး၊ စက်ရုံ၊ အလုပ်ရုံနှင့် မြို့ပြလုပ်ငန်းများကြောင့် ဖြစ်လာသည့် လေထုညစ်ညမ်းမှုကို ထိန်းချုပ်ရေး၊ ပလတ်စတစ်အမှိုက်များထိန်းချုပ်ရေး၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေမည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများထိန်းချုပ်ရေး စသည့် နယ်ပယ်များအတွက် ရေရှည်အစီအမံများ ဆက်လက်ရေးဆွဲချမှတ် အကောင် အထည်ဖော်နိုင်ရေးကိုလည်း အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုပါကြောင်း။

 

မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို ချမှတ်ခြင်းသာမက ဝန်ကြီးဌာနများဖြင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များအနေဖြင့် လက်တွေ့နယ်ပယ်အသီးသီးမှာ ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးကိုလည်း အလေးပေးဆောင်ရွက်ကြရန် အလွန်အရေးကြီးပါကြောင်း၊ သို့မှသာ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှု ဆိုးကျိုးများကို လျှော့ချနိုင်မည်ဖြစ်ပြီး မိမိတို့မျှော်မှန်းသည့် သန့်ရှင်းသည့် ပတ်ဝန်းကျင်၊ ကောင်းမွန်သည့် ဂေဟစနစ်များကို ထိန်းထားနိုင်ခြင်းအားဖြင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်းကိုရရှိမည်ဖြစ်ပါကြောင်း၊ ချမှတ်ထားသည့် မူဝါဒ၊ မူဘောင်များနှင့် ပင်မလုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော် သည့်နေရာတွင် ပိုမိုထိရောက်စေရန်အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်သူ များအနေဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ အစီအမံများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ နားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လာနိုင်အောင် အသိပညာပေးခြင်းကို အဓိကလုပ်ငန်းတစ်ခုအနေဖြင့် အမြဲမပြတ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ခွင့်ပြုချက်၊ လိုင်စင်ထုတ်ပေးထားသည့် လုပ်ငန်းစီမံကိန်းများတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါ ကြောင်း။

 

နည်းပညာနှင့် ဘဏ္ဍာငွေရရှိရေး

 

ထို့အပြင် ပတ်ဝန်းကျင်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များအရ သတ်မှတ်ထားသည့် ကတိကဝတ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အစီအမံများရေးဆွဲဆောင်ရွက်ရန် လိုအပ်သလို နည်းပညာနှင့် ဘဏ္ဍာငွေအထောက်အပံ့ ရရှိရေးအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်သွားရန် တိုက်တွန်း လိုပါကြောင်း၊ ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ်မှုကော်မတီများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်မှု၊ ကြီးကြပ်ဆောင်ရွက်နိုင်မှုများကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်လာသည် ကို တွေ့ရသည့်အတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် ဆက်လက်ပြီး လက်တွေ့ကျသည့် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပတ်ဝန်းကျင်ဆိုင်ရာနယ်ပယ်သစ်များဖော်ထုတ်၍ ရေရှည်အစီအမံများ၊ မဟာ ဗျူဟာမူဘောင်များ ဆက်လက်ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အစိမ်းရောင် စီးပွား ရေးဖွံ့ဖြိုးတိုးတက်မှု မူဝါဒမူဘောင်၊ အမျိုးသားအဆင့် ပတ်ဝန်းကျင်ဆိုင်ရာ မဟာဗျူဟာ မူဘောင်၊ ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုပင်မ လုပ်ငန်းအစီအစဉ်၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်လိုက်လျောညီထွေ ရေးဆိုင်ရာနိုင်ငံအဆင့် လုပ်ငန်းအစီအစဉ်တို့ကို ယနေ့ အစည်းအဝေးတွင် အတည်ပြုနိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို ထိန်းသိမ်းနိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စီမံနိုင်ရေးအတွက် နိုင်ငံတော်မှ ချမှတ်ထားပြီး ဖြစ်သည့် မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ်ပါ အကောင်အထည် ဖော်ရမည့် လုပ်ငန်းများကို ကဏ္ဍအလိုက်၊ နယ်မြေဒေသအလိုက် ဖွံ့ဖြိုးရေးအစီ အစဉ်တွင် ထည့်သွင်းပေါင်းစပ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ နဝမအကြိမ် ညှိနှိုင်းအစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လုပ်ငန်းကော်မတီများမှ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအစီအမံများကို ပေါင်းစပ်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ဆွေးနွေးဆုံးဖြတ်ရန် အဆိုပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ဗဟိုကော်မတီဝင် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းတို့က သတ္တု ကဏ္ဍ၊ ရေအားလျှပ်စစ်ကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ အပြီးသတ် ထုတ်ပြန်နိုင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအပေါ် လိုက်နာမှုရှိ/မရှိ စစ်ဆေးကြပ်မတ်နေမှုများ၊ လက်ကိုင် Chainsaw သုံးစွဲမှုများအား ဒေသန္တရ အမိန့် ထုတ်ပြန်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဒါရှီလဆိုင်း၊ ဦးတီရယ်၊ ဦးစောပြည်သာ၊ ဦးလာလ်ထောင်ထန်း၊ ဦးလှထွေး၊ ဒေါက်တာစောညိုဝင်း၊ ဦးမျိုးသစ်၊ ဒေါက်တာမင်းကြည်ဝင်း၊ ဦးကျော်လွင်၊ ဦးဟံထွန်းနှင့် ဦးတင်အောင်ဝင်းတို့က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြ

 

ယင်းနောက် အမြဲတမ်းအတွင်းဝန်များဖြစ်ကြသည့် ဦးစိုးဟန်၊ ဦးဇော်သန်း သင်း၊ ဦးခိုင်ထွန်းဦး၊ ဦးရဲနိုင်၊ ဦးကိုကိုလွင်၊ ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်မောင်၊ ဦးထွန်းအုံ၊ ဦးဝင်းခန့်၊ ဦးခင်မောင်ရီ၊ ဦးသန်းဇော်၊ ဦးမြင့်လွင်နှင့် ဦးရွှေလေး၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးမောင်မောင် ကျော်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံ သစ်တောအသင်း အတွင်းရေးမှူး ဦးတင်အေး၊ အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ ကိုယ်စားလှယ်ဖြစ်သူ မြန်မာ့ပတ်ဝန်းကျင်ထူထောင်ထိန်းသိမ်းရေး ကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးထွန်းပေါ်ဦးနှင့် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ဖြစ်သူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက် တို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နေမှုအပေါ် တွေ့ကြုံနေရသည့်အခက်အခဲများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဥပဒေအရ ကာကွယ်ကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် နေမှုအခြေအနေများ၊ ရန်ပုံငွေတိုးမြှင့် ရရှိရေးဆိုင်ရာကိစ္စရပ်များ၊ ဓာတုပစ္စည်း နှင့် စွန့်ပစ်ပစ္စည်းစွန့်ပစ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ဗဟိုကော်မတီ၏ ဒသမ အကြိမ် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကိုတင်ပြပြီး အစည်းအဝေး တက်ရောက်သူအားလုံး၏ သဘောတူညီချက်အရ အစည်းအဝေးဆုံးဖြတ်ချက် ပေါင်း ၁၆ ချက်ကို အတည်ပြုချမှတ်ခဲ့သည်။

 

ထို့နောက် အမျိုးသားအဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာဗဟိုကော်မတီနာယက ဒုတိယသမ္မတက ဆွေးနွေးတင်ပြ ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

သတင်းစဉ်