ဒုတိယသမ္မတ ဦးမြင့်ဆွေ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ (၁၂)ကြိမ်မြောက် အစည်း အဝေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေး လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
 
တက်ရောက်
 
အစည်းအဝေးသို့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်၊ ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန့်စင်မောင်နှင့် ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမင်းရဲပိုင်ဟိန်းနှင့် ဦးအောင်ထူး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ လုပ်ငန်းကော်မတီငါးခုမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးလုပ်ငန်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ တက်ရောက်ကြသည်။
 
လုပ်ငန်းတာဝန် (၅)ရပ်
 
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ ကျင်းပသည့် အစည်းအဝေးသည် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစည်းအဝေးနှင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေး လုပ်ငန်းအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင် အထည်ဖော်ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် လုပ်ငန်းတာဝန် (၅)ရပ် ချမှတ်ကာ အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ သက်တမ်းအားဖြင့် သုံးနှစ် သုံးလကျော်ခဲ့ပြီးဖြစ်ပါကြောင်း၊ “ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ”၏ လုပ်ငန်းတာဝန် (၅)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ငါးခုကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။
 
“ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” ၏ ပထမအကြိမ် အစည်း အဝေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ကျင်းပခဲ့ပြီး ပထမအကြိမ်မှ (၁၁)ကြိမ်မြောက် အစည်းအဝေးအထိ ချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက် ပေါင်း ၉၆ ချက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု ၇၉ ချက်နှင့် ဆောင်ရွက်ဆဲ ၁၇ ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ ၁၇ ချက် ကိုလည်း အမြန်ပြီးပြတ်အောင် အချိန်ကာလသတ်မှတ်ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
 
အကြံပြုတင်ပြချက် ၃၆၉ ချက်ရှိခဲ့
 
ထို့ပြင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ တွေ့ဆုံပွဲ (၃၁)ကြိမ်ဆောင်ရွက်ခဲ့ရာ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း ၃၆၉ ချက်ရှိခဲ့ပါ ကြောင်း၊ အဆိုပါတင်ပြချက်အားလုံးကို သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များထံသို့ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်” မှတစ်ဆင့် အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။
 
မြန်မာနိုင်ငံအနေဖြင့် ခိုင်မာသည့်စီးပွားရေးအခြေခံကို တည်ဆောက်နိုင်ရန် အတွက် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများနှင့် ဒေသတွင်းစီးပွားရေးများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်သကဲ့သို့ ကမ္ဘာ့စီးပွားရေးများကိုလည်း ချိတ်ဆက် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ပြည်တွင်းလုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူမှုရှိစေရန် လိုအပ် သကဲ့သို့ ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက်လည်း စီးပွားရေး လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင် လွယ်ကူစေရန် စီစဉ်ပေးမှုသည် အလွန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူချောမွေ့ရေးသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူလာပါက ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါ ကြောင်း။
 
လုပ်ငန်းတာဝန်များ အောင်မြင်အောင်
 
ထို့ကြောင့် မိမိတို့ကော်မတီအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုအဆင့်များ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများ ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက် နိုင်ရန်အတွက် “စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု (Ease of Doing Business) တိုးတက်ရေးလုပ်ငန်းအဖွဲ့” ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍ ၁၄ ဦးဖြင့် ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပြီး သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် တစိုက်မတ်မတ် ဆောင်ရွက်စေခဲ့ပါကြောင်း၊ အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန် များကို အချိန်နှင့်တစ်ပြေးညီ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်အတွက် ညွှန်းကိန်းများအလိုက် အထောက်အကူပြုအဖွဲ့ ၁၀ ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး ယခုအခါ လုပ်ငန်းလိုအပ်ချက်အရ အလုပ်သမား ခန့်ထားခြင်း စည်းမျဉ်းစည်းကမ်းများ အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြု အဖွဲ့ကိုလည်း ထပ်မံဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။
 
ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည့် နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှုအစီရင်ခံစာ ၂၀၂၀ (Doing Business Report 2020) တွင် မြန်မာနိုင်ငံအနေဖြင့် “စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူအောင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ တိုးတက်မှုအကောင်းဆုံးနိုင်ငံ ၂၀” တွင် ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ တွင် အဆင့်(၁၆၅) ဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ယခင်နှစ်ရရှိသည့် အဆင့်(၁၇၁)ဆင့်မှ အဆင့် ခြောက်ဆင့် တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ပူးပေါင်းကြိုးပမ်းမှုများသည် အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိလာပြီဟု ပြော၍ရပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် တစ်နှစ်ထက်တစ်နှစ် အဆင့်နှင့် ရမှတ်များ တိုးတက်လာအောင် အရှိန်အဟုန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
 
ယခင်နှစ်ကထုတ်ပြန်ခဲ့သည့် “စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် လွယ်ကူမှု အစီရင်ခံစာ ၂၀၂၀” တွင် မြန်မာနိုင်ငံ၏ ညွှန်းကိန်းများအလိုက် လုပ်ငန်းနယ်ပယ် ၁၀ ခု၏ အဆင့်နှင့်ရမှတ်များကို ပြန်လည်သုံးသပ်ကြည့်ပါက ယခင်နှစ်ထက် အဆင့်နှင့်ရမှတ် တိုးတက်လာသည့် နယ်ပယ် ငါးခုရှိသည်ကို တွေ့ရပါကြောင်း၊ ၎င်းတို့မှာ “စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း”၊ “ဆောက်လုပ်ခွင့်ရယူခြင်း”၊ “ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်း” ၊ “အနည်းစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်း” နှင့် “ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း” တို့ ဖြစ်ပါကြောင်း၊ ယခင်နှစ်အတိုင်း အဆင့်နှင့်ရမှတ်တူဖြစ်နေသည့် နယ်ပယ် နှစ်ခုရှိသည်ကို တွေ့ရပြီး ၎င်းတို့မှာ “ပြည်ပကုန်သွယ်မှု” နှင့် “အကြွေးမပေးဆပ်နိုင်မှု အခြေ အနေကို ဖြေရှင်းပေးနိုင်မှု" တို့ဖြစ်ပါကြောင်း၊ ယခင်နှစ်ထက် အဆင့်လျော့ကျခဲ့ သည့် နယ်ပယ် သုံးခုရှိပြီး ၎င်းတို့မှာ “ချေးငွေရရှိနိုင်မှု” ၊ “အခွန်ပေးဆောင်မှု” နှင့် “လျှပ်စစ်ဓာတ်အားရရှိနိုင်မှု” တို့ဖြစ်ပါကြောင်း။
 
ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်
 
ထို့ကြောင့် “အဆင့်တိုးတက်ခဲ့သည့် နယ်ပယ် ငါးခု” အနေဖြင့် လာမည့်နှစ် တွင် ယခုထက် ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်သလို “အဆင့်တိုးတက်မှုမရှိသည့် နယ်ပယ်နှစ်ခု” နှင့် “အဆင့်လျော့ကျသွားသည့် နယ်ပယ်သုံးခု” တို့အနေဖြင့်လည်း အဆင့်နှင့် ရမှတ်များ ပိုမိုတိုးတက်ရရှိရေး အတွက် ကျန်ရှိသည့် နှစ်လကျော်ကာလအတွင်းတွင် အင်တိုက်အားတိုက်နှင့် တစိုက်မတ်မတ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။
 
ကမ္ဘာ့ဘဏ်အုပ်စု( International Finance Corporation – IFC )က “မြန်မာ့စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု လုပ်ငန်းစီမံချက် ၂၀၂၀” ကို “ကာလတို” ၊ “ကာလလတ်” ၊ “ကာလရှည်” သတ်မှတ်ကာ ရေးဆွဲပေးပို့လာ ပါကြောင်း၊ အဆိုပါရေးဆွဲပေးပို့လာသည့် စီမံချက်များအပေါ် သက်ဆိုင်ရာ ညွှန်းကိန်းနယ်ပယ်အဖွဲ့များက ဆောင်ရွက်နိုင်မည့်အခြေအနေများကို ပြင်ဆင် ဖြည့်စွက်ခဲ့ရာ စုစုပေါင်း ၈၁ ချက်ရရှိခဲ့ပါကြောင်း၊ အဆိုပါ အချက် ၈၁ ချက်ကို ကာလတို၊ ကာလလတ်၊ ကာလရှည် ခွဲ၍ သတ်မှတ်ခဲ့ရာ “ကာလတို” ဆောင်ရွက် ရမည့် အချက် ၁၉ ချက်၊ “ကာလလတ်” ဆောင်ရွက်ရမည့် အချက် ၂၃ ချက်နှင့် “ကာလရှည်” ဆောင်ရွက်ရမည့် အချက် ၃၉ ချက်တို့ ဖြစ်ပါကြောင်း၊ အဆိုပါ ဆောင်ရွက်ရမည့်အချက် ၈၁ ချက်ကို သတ်မှတ်ကာလအတွင်း အမြန်ပြီးစီးရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ဆောင်ရွက်သွားကြရန် ပြောကြား လိုပါကြောင်း။
 
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူချောမွေ့စေရေး အတွက် လုပ်ငန်းစဉ်များ လျှော့ချနေချိန်တွင် e-Government စနစ်ကို အမြန် ဆောင်ရွက်နိုင်လျှင် အချိန်ကြာမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်သည့်အပြင် လုပ်ငန်းများ လွယ်ကူချောမွေ့လာမည်ဖြစ်၍ အဆင့်များစွာ တိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍လည်း Insolvency Law ကို လွှတ်တော်တွင်တင်ပြထားပြီး Secured Transaction Law ကိုလည်း စတင်ပြုစု နေပြီဖြစ်ပါကြောင်း၊ ထိုဥပဒေများနှင့် Credit Bureau လုပ်ငန်းစဉ်တို့ကို အမြန် ဆောင်ရွက်နိုင်မည်ဆိုလျှင် ရမှတ်များစွာ တိုးတက်လာမည်ဖြစ်ပါကြောင်း။
 
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး
 
မိမိတို့နိုင်ငံအနေဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှု အဆင့် တိုးတက်ရေးကို နိုင်ငံပေါင်း ၁၉၀ နှင့် ယှဉ်ပြိုင်ရခြင်းဖြစ်သည့်အတွက် စီးပွားရေး ဝန်းကျင် တိုးတက်ကောင်းမွန်ရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့် အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ ကြိုးစားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ဆိုင်ရာများအနေဖြင့်လည်း မိမိတို့ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူသိရှိအောင် Public Awareness ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ အများ ပြည်သူသိရှိပြီး မှန်ကန်သည့်အဖြေကို ဖြေဆိုနိုင်ကာ ရမှတ်များစွာ တိုးတက် လာမည်ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုကြ သည့်အခါတွင် ဌာနဆိုင်ရာကဖြေဆိုမှုထက် ပုဂ္ဂလိကကဏ္ဍက ဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို သိရှိပြီး စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန်ဖြေဆိုနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်နှင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များဖြင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ်” ကလည်း လိုအပ်သည့် ပံ့ပိုးချိတ်ဆက်မှုများ၊ ပူးပေါင်းဆောင်ရွက် မှုများကို ကူညီဆောင်ရွက်ပေးသွားရန် မေတ္တာရပ်ခံပြောကြားလိုပါကြောင်း။
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှုအဆင့် တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်က ထုတ်ပြန်မည့် Doing Business 2021 Report တွင် ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားပြီး အမှတ်ပေးသွားမည်ဖြစ်သည့်အတွက် ကျန်ရှိသည့် နှစ်လကျော်ကာလအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ယခင်နှစ် အတွေ့ အကြုံများအပေါ် အခြေခံကာ မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ချိန်အတွင်းပြီးစီးရေး ရည်မှန်းချက်ထား၍ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ ယနေ့အစည်းအဝေးသို့ တက်ရောက် လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ တွေ့ကြုံ နေရသည့် အခက်အခဲများနှင့် လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှု တိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန်လွယ်ကူမှုတိုးတက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ကမ္ဘာ့ဘဏ်အုပ်စု(International Finance Corporation- IFC) က “မြန်မာ့စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန်လွယ်ကူမှုလုပ်ငန်းစီမံချက် ၂၀၂၀” ကို ရေးဆွဲပေးပို့လာသည့်အပေါ် ဆက်လက်ဆောင်ရွက် နေမှု အခြေအနေများ၊ Ease of Doing Business Ranking တိုးတက်ရေးအတွက် ညွှန်းကိန်းနယ်ပယ်အလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
 
ရှင်းလင်းတင်ပြ
 
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးသန့်စင်လွင်က “စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့် “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်း အထောက်အကူပြုအဖွဲ့” တို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်တီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက “အဆောက် အအုံဆောက်လုပ်ခွင့် ရယူခြင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတိုးသွင်က “လျှပ်စစ်ဓာတ်အားရရှိနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍ လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက “ပိုင်ဆိုင်မှုမှတ်ပုံတင်ခြင်းဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲအောင်က “ချေးငွေရရှိနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာကြည်ညွန့်က “အခွန်ပေးဆောင်မှုဆိုင်ရာအထောက်အကူပြုအဖွဲ့” နှင့်စပ်လျဉ်း၍လည်းကောင်း၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုလေးက “ပြည်ပကုန်သွယ်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေး မှူးချုပ် ဒေါ်တင်နွယ်စိုးက “စာချုပ်စာတမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဆိုင်ရာ အထောက်အကူပြုအဖွဲ့” နှင့် “အကြွေးပေးချေနိုင်မှုဆိုင်ရာ အထောက်အကူပြုအဖွဲ့” တို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ အထောက်အကူပြု အဖွဲ့များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် လိုအပ်သည့် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
 
အကြံပြုချက်များ ဆွေးနွေးတင်ပြ
 
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် လွယ်ကူမှု အဆင့်တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ သတ်မှတ်ထား သည့် ကာလအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည့်အကြံပြုချက် များကို ဆွေးနွေးတင်ပြကြသည်။
 
ယင်းနောက် မြန်မာ့ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အလုပ်အမှုဆောင် ဦးဇေယျသူရမွန်တို့က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးလုပ်ငန်း များလုပ်ကိုင်ရန် လွယ်ကူမှုတိုးတက်ရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေ များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ဦးအောင်စိုးက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ (၁၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ဆုံးဖြတ်ချက်များကို တင်ပြပြီး အစည်းအဝေးဆုံးဖြတ်ချက်ပေါင်း ၁၄ ချက်ကို အတည်ပြုချမှတ်ခဲ့သည်။
 
ယင်းနောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
 
သတင်းစဉ်