ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် ရန်ကုန်တိုင်းဒေသကြီးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ် ရန်ကုန်တိုင်းဒေသကြီးရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

==============================================================

နေပြည်တော် ဩဂုတ် ၃၁

 

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများ နှင့် တွေ့ဆုံသည်။

 

ဒုတိယဝန်ကြီးသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက် လျက်ရှိသည့် လေးထပ်ကျောင်းသူ အိပ်ဆောင်၊ ရှစ်ခန်းတွဲ သုံးထပ်ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ အချိန်မီပြီးစီးရေး၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့များက စနစ်တကျ စစ်ဆေး ကြပ်မတ်ရန်၊ သက်ဆိုင်ရာ ကုမ္ပဏီများက လည်း လုပ်ငန်းများကို စေတနာထားဆောင် ရွက်သွားကြရန် မှာကြားသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ကာလအလွန် ပညာသင်ကြား နိုင်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်း ချက်များနှင့်အညီ အိပ်ဆောင်များ၊ စာသင် ဆောင်များ၊ စားရိပ်သာတို့၌ Social Distancing နှင့်အညီ ခင်းကျင်းစီမံဆောင်ရွက် ထားမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးက ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများကို တွေ့ဆုံမှာကြားရာတွင် ကျောင်းသား ကျောင်းသူများသည် နယ်စပ်ဒေသအသီးသီး တွင် နေထိုင်သူများဖြစ်ပြီး အတွေးအခေါ်၊ အယူအဆ၊ ခံယူချက် အမျိုးမျိုးရှိသူများဖြစ်၍ ဆရာ ဆရာမများအနေဖြင့် ပြည်ထောင်စု စိတ်ဓာတ်များ ရှင်သန်ထက်မြက်စေရေး လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ၏ လက်ရှိ ဖြစ်ပွားမှုအခြေအနေအရ ရောဂါကူးစက်နှုန်းမြန်ဆန်ပြီး အတည်ပြုလူနာ များပြားလာသဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည့် ရောဂါကြိုတင် ကာကွယ်ရေး ထုတ်ပြန်ချက်များကို တိတိ ကျကျ လိုက်နာသွားရန် လိုအပ်ကြောင်း။

 

လက်ရှိကျောင်းများ ပိတ်ထားရသော် လည်း ဆရာ ဆရာမများအနေဖြင့် မိမိဘာသာ ရပ်များကို ပိုမိုတိုးတက်စေရန် Online စနစ်ဖြင့် လေ့လာရေး၊ ခေတ်မီသင်ကြားနည်းစနစ်များကို လေ့လာ၍ ဌာနအတွင်း ပြန်လည်ဆွေးနွေးခြင်း များ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ စီစဉ်ဆောင်ရွက်မှု ဖြင့် ပါမောက္ခချုပ်များကော်မတီက ကြီးမှူး ကျင်းပသော အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ ပညာရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အသိပညာ ပြန့်ပွားရေး Online Zoom Presentation များကိုလည်း တက်ရောက်လေ့လာသင်ယူပြီး သင်ကြားရေးဆိုင်ရာ ဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုအချိန်တွင် မိမိတို့ကျောင်း၏ ဥပဓိရုပ် သာယာလှပစေရေး စီမံဆောင်ရွက် ထားကြရန် လိုပါကြောင်း၊ ကိုဗစ်-၁၉ နှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် ဖြစ်နိုင်ခြေများကို ကျန်းမာ ရေးအသိ၊ ပညာရေး၊ လူမှုရေးရှုထောင့်များဖြင့် ကြိုတင်မြော်တွေးစဉ်းစား သုံးသပ်ပြင်ဆင် ဆောင်ရွက်ထားကြရန် မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံ မြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗဟိုလေ့ကျင့် ရေးကျောင်းသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နှစ်ထပ်စားရိပ်သာ၊ စတိုဆောင်၊ ကျောင်းအုပ် ကြီးနေအိမ် စသည့် တည်ဆောက်ရေးလုပ်ငန်း များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်