ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 
 
 
နေပြည်တော် မတ် ၂၂
 
 
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းသည် မတ် ၂၁ ရက်က ရန်ကုန် - ပုသိမ် လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မိုင် ၂၆ / ၅ ရှိ စီမံကိန်း လုပ်ငန်းရှင်းလင်း ဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရန်ကုန်- ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေအနေများ၊ လမ်းဘေး ဝဲ/ယာတွင် မိုးရာသီ လမ်းသားတာပေါင်မြေပြိုကျမှုမရှိစေရေး ကြိုတင် ကာကွယ်ရန် လိုအပ်သောနေရာများ၌ Sheet Pile ဖြင့် မြေပြိုကာကွယ်မှုလုပ်ငန်းများ ဆောင်ရွက်မည့် စီမံချက်ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက Sub Grade လုပ်ငန်း များကို စက်ယန္တရားဖြင့် ဆောင်ရွက်ရာတွင် Layer bylayer ခင်း၍ ရေဖျန်းပြီး စနစ်တကျခင်းကြိတ်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ၄၉ ကီလိုမီတာနှင့် ၅၀ ကီလိုမီတာ အကြားတွင် မိုးရာသီအတွင်း လမ်း တာပေါင် ရေတိုက်စားမှုကိုကာကွယ်ရေး Sheet Pile လုပ်ငန်းဆောင်ရွက်ရန်၊ Test Pile ရိုက်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။ (အပေါ်ပုံ)
ထို့နောက်Test Pile Result အား ကြည့်ရှုခဲ့ပြီး Sheet Pile ရိုက်ရမည့် Pile အနက်နှင့် ဆောင်ရွက်ရမည့် တာ‌ပေါင်အရှည်အား ဆုံးဖြတ်ပေးခဲ့သည်။ ထို့နောက် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်သွားလာမှု လုံခြုံချောမွေ့စေရေး၊ သတိထားဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ၁၀ ကီလိုမီတာရှိ ကွန်ကရစ်အရည်အသွေး ထိန်းသိမ်းရေးစခန်းသို့ ရောက်ရှိ ပြီး Construction Material များကို ဓာတ်ခွဲစမ်းသပ် ထားမှုနှင့် Concrete Mould များကို Compressive Strength စမ်းသပ်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးသည်။
ရန်ကုန် - ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီးအပိုင်းမှာ ၅ မိုင် ၄ ဖာလုံမှ ၁၇ မိုင် ၄ ဖာလုံအထိ ၁၂ မိုင်အား ၄၈ ပေအကျယ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ရာမှာ ၅၅ ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရှိရပြီး ဧရာဝတီတိုင်းဒေသကြီးအပိုင်းတွင် မိုင် ၁၇ / ၄– ၄၁ / ၄ အထိ ၂၄ မိုင်အား ပေ ၃၀ အကျယ်ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းမှာ ၆၈ ရာခိုင်နှုန်း ပြီးစီးနေပြီး ရန်ကုန်- ပုသိမ်လမ်း ၅ မိုင် ၄ ဖာလုံမှ ၄၁ မိုင် ၄ ဖာလုံအထိ စုစုပေါင်း ၃၆ မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို မေလကုန်အပြီး ဆောင်ရွက်ရန်လျာထားကြောင်း သိရ သည်။
 
သတင်းစဉ်