ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း (၂၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများအဆင့် ဗီဒီယိုကွန်ဖရင့်အစည်းအဝေးသို့ တက်ရောက်

ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း (၂၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ

ဝန်ကြီးများအဆင့် ဗီဒီယိုကွန်ဖရင့်အစည်းအဝေးသို့ တက်ရောက်

=====================================================

နေပြည်တော် နိုဝင်ဘာ ၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းသည် ယနေ့နံနက်ပိုင်း တွင် “Pave the way to a more integrated, inclusive, sustainable and prosperous GMS” ခေါင်းစဉ်ဖြင့် ကျင်းပသော (၂၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီး များအဆင့်အစည်းအဝေး (24th Greater Mekong Subregion (GMS) Ministerial Conference- MC 24) သို့ ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်သည်။

အစည်းအဝေးကို အိမ်ရှင်နိုင်ငံဖြစ်သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Ms. Zou Jiayi က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာရှ ဖွံ့ဖြိုးရေးဘဏ် Vice President for East Asia, Southeast Asia and the Pacific, Mr. Ahmed M. Saeed က တွဲဖက်သဘာပတိအဖြစ် ဆောင်ရွက်သည်။

 

အကြံပြုဆွေးနွေး

အစည်းအဝေး၌ GMS အတွင်းရေးမှူးရုံးအဖြစ် ဆောင်ရွက်သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ တာဝန်ရှိသူများက မဟာမဲခေါင်ဒေသခွဲအတွက် ကာလရှည်စီမံကိန်းဖြစ်သည့် မဟာမဲခေါင် ဒေသခွဲ မဟာဗျူဟာမူဘောင် ၂၀၃၀ [Greater Mekong Subregion (GMS) Strategic Framework 2030] နှင့် ကာလလတ်စီမံကိန်း ဖြစ်သည့် မဟာမဲခေါင်ဒေသခွဲ၏ ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် (၂၀၂၁-၂၀၂၃) (GMS COVID-19 Recovery and Response Plan – 2021-2023)တို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ အစည်း အဝေးတက်ရောက်လာကြသည့် ဝန်ကြီးများက အကြံပြု ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် ဖွံ့ဖြိုးမှုမိတ်ဖက်များ အစည်းအဝေး၊ (၁၁)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ ဖိုရမ်နှင့် စီးပွားရေးကောင်စီအစည်းအဝေးများ၏ အစီရင် ခံစာများကို တာဝန်ရှိသူများကလည်းကောင်း၊ အာရှ ဖွံ့ဖြိုးရေးဘဏ်က ပြုစုသည့် The Greater Mekong Subregion 2030 and Beyond: Integration, Upgrading, Cities and Connectivity ကိုလည်းကောင်း တင်ပြခဲ့ရာ နိုင်ငံအလိုက်ဝန်ကြီးများက အကြံပြုဖြည့်စွက် ဆွေးနွေး သည်။ ထို့နောက် ၂၀၂၁ ခုနှစ် မတ်လအတွင်း ကမ္ဘောဒီးယား နိုင်ငံ၌ ကျင်းပရန် လျာထားသည့် (၇)ကြိမ်မြောက် မဟာ မဲခေါင်ဒေသခွဲ နိုင်ငံ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး အတွက် ပြင်ဆင်ထားရှိမှုများကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် ကမ္ဘောဒီးယားနိုင်ငံ မဟာမဲခေါင်ဒေသခွဲဝန်ကြီး Mr. SOK Chenda Sophea က ရှင်းလင်းတင်ပြသည်။

ပူးတွဲကြေညာချက်ထုတ်ပြန်

အစည်းအဝေး၌ ဝန်ကြီးများက ဒေသတွင်းရင်းနှီး မြှုပ်နှံမှုမူဘောင် (၂၀၂၂)၏ တတိယအကြိမ်တိုးတက်မှု အစီရင်ခံစာကို အတည်ပြုခဲ့ပြီး မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ကို ထုတ်ပြန် ခဲ့ကာ သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြား သည်။

 

(၂၄)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ဝန်ကြီးများ အဆင့်အစည်းအဝေးသို့ မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံ များဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံညှိနှိုင်းရေးမှူးများ၊ အဆင့်မြင့်အရာရှိများ၊ အာရှ ဖွံ့ဖြိုးရေးဘဏ် ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

 

သတင်းစဉ်