ဒုတိယဝန်ကြီး ဦးလှကျော် Cash For Work စီမံကိန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဒုတိယဝန်ကြီး ဦးလှကျော် Cash For Work စီမံကိန်းနှင့်ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

====================================================================

နေပြည်တော် ဩဂုတ် ၁၀

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော် သည် ဩဂုတ် ၈ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင် အောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ ဓနုဖြူမြို့နယ် အလမျိုး ကျေးရွာအုပ်စုအတွင်း Cash For Work စီမံကိန်းနှင့် ကျေးလက်ဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေးသည်။

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် အလမျိုးကျေးရွာအတွင်း ကွန်ကရစ် လမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှု စစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးခန့်ဇော်နှင့် စီမံကိန်းတာဝန် ရှိသူများက အလမျိုးကျေးရွာ လူထု ဗဟိုပြုစီမံကိန်း၏ ပထမနှစ်နှင့် ဒုတိယနှစ် စက်ဝန်းကာလ ဆောင်ရွက် ပြီးစီးမှု၊ လက်ရှိတတိယနှစ်စက်ဝန်း ကာလ ဆောင်ရွက်မည့်လုပ်ငန်းစဉ် များ၊ ကျုံတနီး၊ ချောင်းစောက်နှင့် ကုန်းတန်းမြောက်ကျေးရွာများတွင် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP)နှင့်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် လူထုဗဟိုပြုစီမံကိန်း ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် ဒုတိယ ဝန်ကြီးက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်ဖြစ်သည့် ကျေးလက်အခြေခံအဆောက်အအုံ များ၊ ကျေးရွာမီးလင်းရေးနှင့် ကျေးလက်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးနေပါကြောင်း၊ သို့ဖြစ်ရာ ကျေးလက်နေပြည်သူများ ကလည်း ဆောင်ရွက်ပြီးစီးမှုများအား ရေရှည် တည်တံ့ရေး၊ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရေးတို့ကို ကျေးရွာလူထု အားလုံး စည်းလုံးညီညွတ်စွာ ဆောင်ရွက်ပေးစေလိုကြောင်း၊ လိုအပ် သည့် နည်းပညာအကူအညီများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ကြရန်မှာကြားသည်။

အလမျိုးကျေးရွာအတွင်း ကျေးလက် ကွန်ကရစ်လမ်းခင်းခြင်းကို စီမံကိန်း ထောက်ပံ့ငွေ ၂၂၆ ဒသမ ၁၂၇၆၃ သိန်း၊ ကျေးရွာလူထုထည့်ဝင်ငွေ သုံးသိန်းဖြင့် ဇန်နဝါရီ ၁၆ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၆ ရက်တွင် ပြီးစီးခဲ့ခြင်းဖြစ်ပြီး ခြောက်တန်အောက် ယာဉ်များ သွားလာနိုင်မည်ဖြစ်သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဟင်္သာတခရိုင် ကြံခင်း မြို့နယ် ပေါက်နွယ်စမ်းကျေးရွာအုပ်စု စမ်းရွာကျေးရွာ၊ မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မျှင်ဝါး တောင်ကျေးရွာတို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP) အရ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော Cash For Work စီမံကိန်း ဖြင့် ကျေးလက်ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း(VRFP)၊ လူထုဗဟိုပြုစီမံကိန်း(CDD)တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြ သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း Cash For Work စီမံကိန်း ကျေးရွာ ၂၅၀၊ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရွာ ၁၀၀၊ လူထု ဗဟိုပြုစီမံကိန်း(CDD) ခြောက်မြို့နယ် တို့ဖြင့် ကျေးလက်နေပြည်သူများ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်