
နေပြည်တော် ဩဂုတ် ၁၆
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် ယနေ့ တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးသို့ တက်ရောက်သည်။
(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာ ဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေး သို့ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် များဖြစ်ကြသည့် ကမ္ဘောဒီးယား နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး မစ္စတာ ဆုပ်ချန်ဒါ ဆိုပီအာ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံဆိုင်း ခွန်မဆစ်နှင့် ဗီယက်နမ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ ငုယင်မင်းဟန် တို့တက်ရောက်ကြသည်။
(၉) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးတွင် နိုင်ငံခြားရေးဝန်ကြီး များသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများအပေါ် သုံးသပ်ဆွေးနွေးခဲ့ကြပြီး အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် များနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေးဝန်ကြီးများသည် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများ အကြား စိုက်ပျိုးရေးကဏ္ဍမြှင့်တင် ရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ရေ အရင်းအမြစ်နှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ တားဆီးကာကွယ် နှိမ်နင်းရေးနှင့် ခရီးသွားလုပ်ငန်းနှင့် ပြည်သူ အချင်းချင်း ချိတ်ဆက်ဆောင်ရွက် မှု ပိုမိုမြှင့်တင်ရေး စသည့်ကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက် သွားရေးအပေါ် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။
ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ဝန်ကြီးသည် အစည်းအဝေးအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တွင် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်မှုများကို အဖွဲ့ဝင်နိုင်ငံ များမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များကို ရှင်းလင်း ပြောကြားပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးကို တိုးမြှင့် ဆောင်ရွက်ရေး၊ ဒေသတွင်း ဘက်စုံပေါင်းစည်း ချိတ်ဆက်မှု မြှင့်တင်ရေး၊ တရားဥပဒေစိုးမိုး ရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ် ဖောက်ကား မှုများ၊ ဆက်သွယ်ရေးလိမ်လည် မှုများ၊ အွန်လိုင်းလောင်းကစားမှု များ တားဆီးကာကွယ်ရေး တို့ကို တိုးမြှင့်ဆောင်ရွက်ရေးနှင့် မဲခေါင်-လန်ချန်း ဒေသတွင်း လေထုညစ်ညမ်းမှုဖြေရှင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ ရေအရင်းအမြစ် စီမံခန့်ခွဲမှု စသည့်နယ်ပယ်များတွင် အလေး အနက်ထား ပူးပေါင်းဆောင်ရွက် သွားရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် မစ္စ အက်စီရိ ပင်တာရူချီ က (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြား ရေးဝန်ကြီးများ အစည်းအဝေး သို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေး ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ယမန် နေ့ ညပိုင်းတွင် ချင်းမိုင်မြို့ရှိ အင်တာကွန်တီနင်တယ် ဟိုတယ် ၌ ကြိုဆိုဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်း စဉ်တစ်ခုဖြစ်ပြီး ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် စသည့်အဖွဲ့ဝင် ခြောက် နိုင်ငံပါဝင်ပြီး မဲခေါင်-လန်ချန်း ဒေသအတွင်း လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရန်နှင့် မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအကြား ဖွံ့ဖြိုး တိုးတက်မှု ကွာဟချက်များကို လျှော့ချရန်အတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ နိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံ ငွေဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ် အထိ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စုစုပေါင်း (၁၁၈) ခုကို အကောင်အထည်ဖော်ဆောင်ရွက် ခွင့်ရရှိခဲ့သည်။
သတင်းစဉ်