
နေပြည်တော် နိုဝင်ဘာ ၁၉
e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကား ပြောကြားရာ တွင် e-Government ဦးဆောင်ကော်မတီ နာယက၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် e-Government ဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတတို့၏ လမ်းညွှန်မှုများနှင့်အညီ e-Government စနစ် ပိုမိုတိုးတက်လာစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ နိုင်ငံအတွက် အမှန်တကယ် တိုးတက် စေနိုင်မည့် လုပ်ငန်းစီမံကိန်းတွေကို လျင်မြန်မှန်ကန်အကျိုးရှိစွာ အကောင် အထည်ဖော်နိုင်ရေးအား ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း၊ New Normal နေထိုင်မှုအသစ်အရ Online ကို ပိုမိုသုံးစွဲလာကြသည့်အတွက် Online မှ ငွေပေး ချေ/ လက်ခံနိုင်မှု၊ တရားဝင်မှုနှင့် စာရင်းစစ်ဆေးခံနိုင်မှုများသည် ကြီးမားသော လိုအပ်ချက်ဖြစ်လာသည်နှင့်အညီ အစိုးရဌာနများအနေနှင့်လည်း အဆင်သင့် ဖြစ်နေရန် လိုအပ်သည့် လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်သွားကြရမှာဖြစ် ပါကြောင်း၊ ဆိုက်ဘာလုံခြုံရေးသည် အရေးကြီးလာသည်နှင့်အမျှ ဆိုက်ဘာ လုံခြုံရေး ဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ Myanmar e-Governance Master Plan (၂၀၁၆-၂၀၂၀) သည် ၂၀၂၀ ပြည့်နှစ်အထိသာ ပြုစုရေးဆွဲခဲ့ခြင်း ဖြစ်သည့်အတွက် အသစ်ဆက်လက်ရေးဆွဲပြုစုကြရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြား သည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အမှာစကားပြောကြား ရာတွင် Myanmar e-Governance Master Plan တွင်ပါဝင်သော လုပ်ငန်းစဉ် တစ်ခုဖြစ်သည့် Myanmar National Portal ကို ၂၀၁၈ ခုနှစ်တွင် လွှင့်တင်ခဲ့ပြီး Mobile App ဖြင့်လည်း အသုံးပြုသွားနိုင်ရန် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အစိုးရဌာနများ၏ Web Site များနှင့် API ချိတ်ဆက်ရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ ထို့အပြင် Server Co-location, Web Hosting စနစ်များကိုလည်း မိမိတို့ ဝန်ကြီးဌာနရှိ Data Center တွင် သက်သာသည့်နှုန်းထားဖြင့် 24/7 ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊ ယခုနှစ်တွင် Government Cloud အထိ အဆင့်မြှင့်တင်သွားမည်ဖြစ်ပါကြောင်း၊ e-Government Integrated Data Center တည်ဆောက်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်လျက် ရှိပြီး အစိုးရဌာနများအားလုံးမှ အသုံးပြုနိုင်ရန်ရည်ရွယ်၍ တည်ဆောက်ခြင်း ဖြစ်သည့်အတွက် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းပြောကြား သည်။
ဆက်လက်၍ e-ID စနစ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက e-ID စနစ် အကောင်အထည်ဖော်ဆောင်မှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းကော်မတီ အတွင်းရေးမှူး က e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနက Cyber Security Law, Policy and Strategies ထုတ်ပြန်နိုင်ရေးကိစ္စရပ်များကို လည်းကောင်း၊ ညွှန်ကြားရေးမှူး၊ e-Government ဌာနမှ Myanmar e-Governance Master Plan (2016-2020) အပေါ် အကောင်အထည်ဖော်ဆောင်နိုင်မှုအခြေအနေများ နှင့် Myanmar e-Governance Master Plan (2021-2025) ဆက်လက် ရေးဆွဲနိုင်ရေးကိစ္စရပ်များကို လည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ ဆပ်ကော်မတီ များမှ တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်