ဂျာမနီဝန်ကြီးချုပ် ထွက်ခွာအနားယူမှုနဲ့အတူ မသေချာမှုတွေနဲ့ ရင်ဆိုင်ရတော့မယ့် တူရကီ-အီးယူဆက်ဆံရေး

 

လင်းဟန်သစ်

ဥရောပနိုင်ငံရေးဇာတ်ခုံပေါ်က ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ် ထွက်ခွာအနားယူတော့မှာဖြစ်ရာ တူရကီနဲ့ ဥရောပသမဂ္ဂ (အီးယူ) တို့ရဲ့ ခက်ခဲနေတဲ့ ဆက်ဆံရေးအပေါ် အရိပ်သဖွယ် လွှမ်းမိုးနေဦးမယ် လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားပါတယ်။
ရင်းနှီးဖော်ရွေတဲ့အခြေအနေရှိ 
ဂျာမနီဝန်ကြီးချုပ်    အန်ဂျလာမာကယ်နဲ့   တူရကီသမ္မတ ရီဆက်ပ်တေရစ်အာဒိုဂန်တို့ဟာ တူရကီနိုင်ငံ  အစ္စတန်ဘူလ်မြို့မှာ မကြာသေးမီက   တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။  ဒေသတွင်း သတင်း မီဒီယာတွေကတော့   ရင်းနှီးဖော်ရွေတဲ့   အခြေအနေရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ တူရကီနဲ့ ဂျာမနီဆက်ဆံ ရေးကို ဆွေးနွေးခဲ့ကြပါတယ်။ 
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ နှစ်နိုင်ငံခေါင်းဆောင်တွေဟာ အီးယူအဖွဲ့ဝင်ဖြစ်ရေး တူရကီနိုင်ငံရဲ့ အားထုတ်ကြိုးပမ်းမှု၊ ပုံမှန် မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်မှု၊ ဒေသတွင်းကိစ္စရပ်တွေ အတော် များများကို ဆွေးနွေးခဲ့ကြပါသေးတယ်။ 
အန်ကာရာကို လေပြည်နဲ့ချွေးသိပ် 
တစ်ဖက်မှာလည်း ဝန်ကြီးချုပ်အဖြစ် အချိန်ကာလကြာမြင့်အောင် တာဝန်ယူခဲ့တဲ့   ဂျာမနီဝန်ကြီးချုပ်ဟာ  ဥရောပအသိုင်းအဝိုင်းထဲကို တူရကီဝင်ရောက်မှုကိုလည်း သဘောမကျဘဲ ဆန့်ကျင်ထားပါတယ်။ တူရကီနိုင်ငံရဲ့ အီးယူအဖွဲ့ဝင်အဖြစ်ဆွေးနွေးမှုဟာ လတ်တလောမှာ ဂရိနဲ့ ဆိုက်ပရက်စ်အရေးတင်းမာမှုကြောင့် ခဏတာ ရပ်ဆိုင်းထား ပါတယ်။ 
နောက်တစ်ဖက်မှာလည်း အခြေအနေအကြောင်းအရာ ကိစ္စရပ် အတော်များများအပေါ်မှာ သဘောတရားတွေ ကွဲပြားနေသော်ငြား ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်ဟာ အန်ကာရာကို လေပြည် လေးနဲ့ ပြေရာပြေကြောင်း ချွေးသိပ်ပြောဆိုလျက်ရှိပါတယ်။ 
နိုင်ငံရေးက အနားယူတော့မယ် 
အထွေထွေရွေးကောက်ပွဲကျင်းပပြီးတဲ့နောက် ဘာလင်မှာ အစိုးရ သစ် တာဝန်ယူလိုက်ပြီဆိုတာနဲ့ ချက်ချင်း မာကယ်လည်း အာဏာကို လက်လွှတ်ပြီး   နိုင်ငံရေးက  အနားယူတော့မှာဖြစ်ပါတယ်။  ဒါက တူရကီနိုင်ငံအတွက် ချဉ်းကပ်မှုပုံစံသစ်တစ်မျိုးနဲ့ ပြန်လည်စတင်ဖို့ ပြောလိုက်သလိုပဲ ဖြစ်ပါတယ်။ 
ကျွန်တော်တို့တွေဟာ လက်တွေ့ဖြစ်ဖို့ လိုအပ်တယ်။ မာကယ်မရှိ တာဟာ   တူရကီအတွက်  သိသာတဲ့  ဆုံးရှုံးမှုတစ်ခု ဖြစ်လိမ့်မယ်။ မာကယ်ရဲ့   တူရကီကို  ကောင်းမွန်စွာ  ဟန်ချက်ညီချဉ်းကပ်မှုဟာ အီးယူနဲ့  တူရကီကြားတင်းမာမှုကို  လျှော့ချနိုင်တဲ့ အရေးပါအရာ ရောက်တဲ့ ကိစ္စတစ်ခုလည်းဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေးအတွက် လည်း   ကောင်းမွန်တဲ့ကိစ္စပါပဲလို့  ယခင်  တူရကီသံအမတ်ကြီး ဦလက်အိုဇူကာက ပြောပါတယ်။ 
တည်ငြိမ်အေးချမ်းမှုမရှိရင် အဖုအထစ်တွေနဲ့ ရင်ဆိုင်ရမယ် 
မာကယ်ဖော်ဆောင်ခဲ့တဲ့ တည်ငြိမ်အေးချမ်းမှုမရှိဘဲ အီးယူနဲ့ တူရကီရဲ့ ဆက်ဆံရေးဟာ မသေချာမှုတွေ အဖုအထစ်တွေနဲ့ ရင်ဆိုင် ရဦးမှာလို့ အိုဇူကာက ပြောပါတယ်။ 
၂၀၁၆ ခုနှစ်ကလည်း မာကယ်ဟာ အီးယူနဲ့ တူရကီကြား သဘော တူညီမှုတစ်ရပ်ကို ပြီးပြတ်အောင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီသဘော တူညီမှုကြောင့် အေဂျန်ပင်လယ်ကိုဖြတ်ပြီး  ဥရောပကိုရှေးရှုလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်အတော်များများလျော့ကျခဲ့ပါတယ်။ သဘော တူညီမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့လည်း တူရကီက ဘဏ္ဍာငွေ ထောက်ပံ့မှု ရရှိခဲ့ပါတယ်။ 
နေရပ်စွန့်ခွာ   အသိုက်အမြုံထူထောင်သူတွေအတွက်  အဓိက ရွှေ့ပြောင်းမှုပြုလုပ်ရာနေရာဖြစ်တဲ့ တူရကီနိုင်ငံဟာ ဥရောပသို့ သွားရာလမ်းကြောင်းပေါ်မှာလည်းရှိကာ သူ့ရဲ့နယ်စပ်အတွင်းမှာ ဒုက္ခ သည် လေးသန်းကျော်နဲ့ ဆီးရီးယားဒုက္ခသည်  ၃  ဒသမ  ၆  သန်း လည်း ပါဝင်ပါတယ်။ 
အီးယူကို အကြီးဆုံးကုန်သွယ်ဖက်အဖြစ် လိုအပ်လျက်ရှိ 
အန်ကာရာအစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်အရ တူရကီဟာ အီးယူကို သူ့ရဲ့ အကြီးဆုံး ကုန်သွယ်ဖက် မိတ်ဖက်အဖြစ် လိုအပ် လျက်ရှိပါတယ်။ ထို့အတူပဲ  ဂျာမနီနဲ့ အီးယူဟာ ကျေနပ်စရာကောင်းတဲ့ ရွှေ့ပြောင်းဒုက္ခသည်ဆိုင်ရာ အခြေချမူဝါဒကို အကောင်းဆုံး ချိန်ညှိ ဖို့အတွက် အန်ကာရာကို လိုအပ်လျက်ရှိပါတယ်။ 
တာလီဘန်အာဏာသိမ်းပြီးသွားတဲ့နောက်မှာ ပါတီအချင်းချင်း အပြန်အလှန်   လိုအပ်လျက်ရှိနေတဲ့   အာဖဂန်နစ္စတန်ဟာလည်း နောက်ထပ် ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ တာလီဘန်ဟာ သံတမန် ဆက်သွယ်ဆွေးနွေးမှုတွေကို ဘာလင်နဲ့သာမက အန်ကာရာနဲ့လည်း ပြုလုပ်လျက်ရှိပါတယ်။ 
တူရကီ-အီးယူဆက်ဆံရေးပေါ် သက်ရောက်မှုဖြစ် 
နောက်ထပ်ပြောင်းလဲဖြစ်ပေါ်လာမယ့် ဂျာမနီအစိုးရဟာ လူ့အခွင့် အရေးကိစ္စရပ်တွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ ပုဂ္ဂလိက လွတ်လပ်မှုတွေမှာ ပိုပြီး   ဆတ်ဆတ်ထိမခံနိုင်တဲ့   အစိုးရဖြစ်မယ်လို့  မျှော်လင့်ထား ပါတယ်။ 
အနာဂတ်ဖြစ်နိုင်ခြေမှာတော့ အာဒိုဂန်က အီးယူကို အကြမ်းဖက် ဒုက္ခတွေကို ကြိုးစားရုန်းကန်နေတဲ့ သူ့နိုင်ငံကိုကူညီဖို့ ပျက်ကွက် တယ်လို့ မကြာခဏစွပ်စွဲမှုတွေ   လုပ်နေဦးမှာလားဆိုတာတော့ မသေချာသေးပါဘူး။
လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒလေ့လာသူ တူလင် ဒါလိုဂလူရဲ့ အဆိုအရ  မာကယ်အနားယူပြီးတဲ့အခါမှာ အီးယူအတွင်းမှာ ဖြစ်ပွား နေတဲ့ လတ်တလောသဘောမတူညီမှုတွေဟာ အနာဂတ် တူရကီ-အီးယူဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ် ထားပါတယ်။
မသေချာမှု သက္ကရာဇ်ထဲတိုးဝင် 
ဥရောပဟာ မသေချာမှုသက္ကရာဇ်ထဲ တိုးဝင်နေတယ်လို့ သူက သုံးသပ်ထားပါတယ်။ 
အမေရိကန်ပြည်ထောင်စုဟာ သူ့ရဲ့ လုံခြုံရေးသဘောတူညီချက်ကို ဥရောပကနေ အရှေ့အာရှကို ရွှေ့ပြောင်းလိုက်ပြီလို့လည်း သူက ဆက်လက်သုံးသပ်ထားပါတယ်။ 
မသေချာမှုတွေနဲ့   ရင်ဆိုင်နေရတဲ့ ဥရောပရဲ့အခြေအနေမှာ တူရကီလည်း အဖွဲ့ဝင်ဖြစ်ဖို့ နောက်ထပ်အခက်အခဲတွေနဲ့ ရင်ဆိုင် ရနိုင်ပါတယ်။   
ကိုးကား-ဆင်ဟွာ