
ဂွ အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ် ဂွမြို့ ချောင်းသာ ကြီးကျေးရွာအနီး ဒေသအခေါ် ကတက်တောင်တွင် ယမန်နေ့ ညပိုင်းက ယာဉ်မောင်း ဦးဖိုးဝကြီး (ခ) သန်းအောင် (၄၀နှစ်) ဂွမြို့ နေသူမောင်းနှင်သည့် 3R/----SOJEN (အဖြူရောင်) ယာဉ်သည် ဂွမြို့မှ ပေါက်တူးကျေးရွာသို့ ပြန်စဉ် တောင်တက်တွင် နောက် ပြန်လျှောကျ၍ လမ်းယာဘက် ခြမ်း ပေ ၂၀၀ခန့်ရှိ ချောက်ထဲ သို့ထိုးကျ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်တွင် ပါလာသည့် ခရီးသည်များအနက် အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်ခရီးသည်များ ဖြစ်သည့် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦးမှာ မစိုးရိမ်ရ ကြောင်းနှင့် ဒဏ်ရာရသူများအား နာရေး ကူညီမှုအသင်းများက ဂွမြို့နယ် ပြည်သူ့ဆေးရုံသို့ ပေးပို့ ခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကိုဖိုးဝကြီးအား အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ရွှေရည်ဝင်းကျော်