
တိုကျို နိုဝင်ဘာ ၁၇
နောက်နှစ် ဖေဖော်ဝါရီလမှအစောဆုံးထားပြီး အသက် ၁၂ နှစ်အောက် ကလေးများကို ကိုဗစ်-၁၉ ကာကွယ် ဆေးတိုးချဲ့ထိုးပေးသွားမည်ဖြစ်ကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်ကပြောသည်။
ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက နိုင်ငံတစ်ဝန်းမှာရှိသည့် ဒေသန္တရ အုပ်ချုပ်ရေးနယ်မြေများအတွင်း ကျရောက်သည့် နေရာများအားလုံးတွင် အသက် ၅ နှစ်မှ ၁၁ နှစ် အတွင်းရှိ ကလေးများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးပေးရန် စတင်ပြင်ဆင်လျက်ရှိသည်။
အဆိုပါအစီအစဉ်နှင့် သက်ဆိုင်သည့် ဆေးဘက် ဆိုင်ရာအဖွဲ့အစည်းများကလည်း ကလေးများ အတွက် ကာကွယ်ဆေးသည် အစွမ်းထက်ထိရောက် ပြီး ဘေးကင်းလုံခြုံစိတ်ချမှုရှိကြောင်း မိဘများ သို့မဟုတ် အုပ်ထိန်းသူများကို ပြည့်ပြည့်စုံစုံရှင်းပြပေးသင့်ကြောင်း ဝန်ကြီးဌာနက ဖော်ပြထားသည်။
ထို့အပြင် ကာကွယ်ဆေးထိုးပြီးနောက် ဘေးထွက်ဆိုးကျိုးတစ်စုံတစ်ရာ သက်ရောက်မှု ရှိပါကလည်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများကပဲ သင့်တော်သော ကုသမှုလုပ်ငန်းစဉ်များ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက် ဖော်ပြသည်။
အစိုးရထံမှ ခွင့်ပြုချက်ရရှိသည်နှင့် တစ်ပြိုင်နက် အဆိုပါ ကာကွယ်ဆေးထိုးအစီအစဉ်ကို စတင်မည် ဖြစ်ကြောင်းသိရသည်။ ဝန်ကြီးဌာန တာဝန်ရှိသူများ ကလည်း ကာကွယ်ဆေးထိုးပေးမည့် အသက်အရွယ် အုပ်စုကို တိုင်ပင်ဆွေးနွေးလျက်ရှိသည်။
လွန်ခဲ့သော သီတင်းပတ်က အမေရိကန်ဆေးဝါး ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သည့် ဖိုက်ဇာက ဘီရွန် တက်ခ်နှင့်ပေါင်းပြီး အသက် ၅ နှစ်မှ ၁၁ နှစ်အကြား ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုများ ပြုလုပ်ဆောင်ရွက်နိုင်ရန် လျှောက်လွှာတင်သွင်း ခဲ့သည်။
လတ်တလောတွင် အစိုးရသည် အသက် ၁၂ နှစ် နှင့်အထက် အသက်အုပ်စုများကို ဖိုက်ဇာ-ဘီရွန်တက်ခ်နှင့် အမေရိကန်ဆေးဝါးထုတ်လုပ်သူ မော်ဒါးနား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသုံးပြုခွင့်ပေးခဲ့သည်။ အက်စ်ထရာဇနီကာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့် အထက် အသက်အုပ်စုတွင် အသုံးပြုရန် ကန့်သတ်ထားသည်။
ဆင်ဟွာ