ဂျပန်နိုင်ငံ ဖူကူအိုကာမြို့၌ ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ တွေ့ဆုံပွဲ (၂၀၂၄) သို့ တက်ရောက်မည့် မြန်မာကျောင်းသားလူငယ်အဖွဲ့ ထွက်ခွာ

ရန်ကုန်  ဇူလိုင်   ၁၂


ဂျပန်နိုင်ငံ  ဖူကူအိုကာမြို့   (Fukuoka) အခြေစိုက် အာရှပစိဖိတ်ဒေသ ကလေးများဆိုင်ရာကွန်ဗင်းရှင်း (Asian-Pacific Children's Convention - APCC) မှ ဦးစီး၍ ဖူကူအိုကာမြို့တွင် ဇူလိုင် ၁၃ ရက်မှ ၂၂  ရက်အထိကျင်းပမည့်   နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များ  တွေ့ဆုံစခန်းချပွဲ (BRIDGE Summer Camp - 2024) သို့ Junior Ambassador အဖြစ် မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်မည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ လူငယ်လေးဦးဖြစ်သော မောင်လင်းထက်ပိုင် (အထက-၁၊ ဒဂုံ)၊ မောင်ဘုန်း ဇေဟိန်း  (ကမာရွတ်လေ့ကျင့်ရေးကျောင်း TTC ၊ ရန်ကုန်)၊ မသွန်းသက်ထားအောင် (အထက-၁၊ ဒဂုံ)၊ မရှင်းသန့်ဖြူ (အထက-၂၊ မင်္ဂလာဒုံ၊   အောင်ဆန်း သူရိယ လှသောင်းကျောင်း)တို့အား မြန်မာ-ဂျပန် အသင်း (MJA) မှ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ ဌေးလွင်မှ အုပ်ချုပ်သူအဖြစ် ဦးစီးလိုက်ပါ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဇူလိုင် ၁၂ ရက် ညနေ တွင်  ထိုင်းလေကြောင်းခရီးဖြင့်   ထွက်ခွာသွားရာ မြန်မာ - ဂျပန်အသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများမှလေဆိပ်သို့ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့။


မြန်မာကျောင်းသားလူငယ်အဖွဲ့သည်  ၁၀ ရက် ကြာ စခန်းချကာလအတွင်း အခြားအာရှ - ပစိဖိတ် ဒေသ ၄၈ နိုင်ငံမှ ကျောင်းသားလူငယ်များနှင့်အတူ စခန်းဝင်တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်း သား ကျောင်းသူများ၏   ကျောင်းများသို့   အတူ သွားရောက်လေ့လာခြင်းနှင့်    ဂျပန်ကျောင်းသား ကျောင်းသူများ၏ နေအိမ်တွင် Home Stay နေထိုင် ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


စခန်းချကာလအတွင်း   ပါဝင်တက်ရောက်ကြ သည့်   နိုင်ငံစုံမှ ကျောင်းသား   ကျောင်းသူများ၏ ယဉ်ကျေးမှုပွဲတော်အစီအစဉ်ဖြစ်သော “We are the BRIDGE Festival - 2024” ကို ဇူလိုင် ၁၉ ရက် ဒေသ စံတော်ချိန် ၂ နာရီခွဲမှ ၆ နာရီအထိ ဖူကူအိုကာမြို့ Marine House တွင် ကျင်းပမည်ဖြစ်ရာ တစ်နိုင်ငံချင်း အလိုက်   ကပြဖျော်ဖြေကြရမည်ဖြစ်ပြီး   မြန်မာ ကျောင်းသားလူငယ်အဖွဲသည့် အစီအစဉ်(၁၆) အဖြစ် ဒေသစံတော်ချိန် ၃ နာရီ ၄၅ မိနစ်၊ မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ်တွင် ဖျော်ဖြေရမည်ဖြစ်ပြီး ယဉ်ကျေးမှု ပွဲတော်အစီအစဉ်များကို   ZOOM    Meeting ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်၍    မြန်မာနိုင်ငံမှ တက်ရောက်သည့် ကျောင်းသား   ကျောင်းသူများ၏ မိဘဆွေမျိုးများ၊ သက်ဆိုင်ရာကျောင်းများမှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ စိတ်ဝင်စား သူများအနေဖြင့် ဝင်ရောက်ကြည့်ရှုလိုပါက ZOOM Meeting Link နှင့် Meeting ID များကို မြန်မာ-ဂျပန် အသင်းရုံး   ရန်ကုန်တွင် ဆက်သွယ်စုံစမ်း   ရယူနိုင် ကြောင်း သိရသည်။


မြန်မာကျောင်းသားလူငယ်အဖွဲ့သည် ဂျပန်နိုင်ငံ မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် ထိုင်းလေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်