ဂျပန်နိုင်ငံက အာဖဂန်ပြည်သူများအား လူသားချင်းစာနာသည့်အကူအညီများ ထောက်ပံ့မည်

တိုကျို   အောက်တိုဘာ   ၂၈ 

ဂျပန်အစိုးရက  အာဖဂန်နစ္စတန်နိုင်ငံအား  လူသားချင်းစာနာ ထောက်ထားသည့် အရေးပေါ်အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၅၈ သန်းတန်ဖိုးရှိ စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါ  လှူဒါန်းမှုအစီအစဉ်နှင့်ပတ်သက်ပြီး   ဂျပန် နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုက အောက်တိုဘာ ၂၆ ရက်တွင်   ပြုလုပ်သည့်   သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားသည်။ 


ဂျပန်နိုင်ငံက ဂျုံနှင့် ပဲအပါအဝင် အခြားသော စားနပ် ရိက္ခာများ၊   ရွှေ့ပြောင်းပြည်သူများအတွက်  နေထိုင်စရာ ယာယီတဲများနှင့်    ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို နိုင်ငံတကာအဖွဲ့အစည်း ခုနစ်ခုမှတစ်ဆင့် အာဖဂန်ပြည်သူများ ထံသို့ လှူဒါန်းသွားမည်ဖြစ်သည်။ 
အာဖဂန်ပြည်သူများအား   ဂျပန်အစိုးရက  လှူဒါန်းမှု ပြုလုပ်ခြင်းသည်     အာဖဂန်နစ္စတန်နိုင်ငံအား   တာလီဘန် အဖွဲ့အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။


လက်ရှိအချိန်တွင် အာဖဂန်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများသည် ဆိုးရွား လျက်ရှိပြီး နေရပ်စွန့်ခွာသည့် ပြည်သူအရေအတွက် ပိုမိုများပြား လာသည်။ ဂျပန်အစိုးရက အာဖဂန်ပြည်သူများအား ဆက်လက် ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂီတိုရှီမစ်ဆုက ဆိုသည်။ 


အာဖဂန်နစ္စတန်နိုင်ငံ လူဦးရေထက်ဝက်ကျော် (ပြည်သူ ၂၂ ဒသမ ၈ သန်း)သည် နိုဝင်ဘာလမှစပြီး မတ်လအထိ စားနပ် ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။      

                         
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်