ဂျပန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုးဖြင့် ကူးစက်ထိတွေ့ခဲ့သူတစ်ဦးကိုတွေ့ရှိ

 

 

တိုကျို   နိုဝင်ဘာ   ၃၀ 
ဂျပန်နိုင်ငံတွင် အိုမီခရွန်ဗီဇပြောင်းကိုဗစ်-၁၉ မျိုးစိတ်သစ်တစ်မျိုးဖြင့် ကူးစက်ထိတွေ့ခဲ့သူ တစ်ဦး ရှိကြောင်း ဂျပန်အစိုးရက နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။ 
ကူးစက်ထိတွေ့ခဲ့သူမှာ အသက် ၃၀ ဝန်းကျင် ရှိပြီး     နမ်မီးဘီးယားမှ      ရောက်လာသူဖြစ်သည်။ ၎င်းရောက်လာသည့်    တနင်္ဂနွေနေ့မှာပင် တိုကျို အနီး နာရီတာလေဆိပ်တွင်   ကိုဗစ်-၁၉ စစ်ဆေးမှု များပြုလုပ်ခဲ့ရာ   ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားနေ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ 
ဗီဇပြောင်း ကိုဗစ်-၁၉ မျိုးစိတ်တစ်မျိုးဖြစ်သည့်  အိုမီခရွန် ကူးစက်ဖြစ်ပွားလာမှုအပေါ် အလွန်အမင်း စိုးရိမ်သောကြောင့်    နိုဝင်ဘာ  ၂၉  ရက်က ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါးက အစိုးရသည် နိုင်ငံခြား ခရီးသွားများအားလုံးကို ဝင်ခွင့်ပိတ်ရန် တိုက်တွန်း ပြောကြားထားသည်။ 
အဆိုပါဆောင်ရွက်ချက်ကို နိုဝင်ဘာ ၃၀ ရက် ကတည်းက စတင်ခဲ့ပြီး အနည်းဆုံး တစ်လကြာမြင့် မည်ဖြစ်သည်။ ဂျပန်နိုင်ငံသားများနှင့် ဂျပန်နိုင်ငံ တွင်    နေထိုင်သော     နိုင်ငံခြားသားများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများသော နေရာများမှ လာရောက်ပါက    အစိုးရသတ်မှတ်နေရာများတွင် ၁၀  ရက်ထက်မနည်း  သွားလာကန့်သတ်မှု ခံယူရ မည်ဖြစ်ကြောင်း သိရသည်။ 
အိုမီခရွန်ဗီဇပြောင်း   ကိုဗစ်-၁၉ ကို   တောင် အာဖရိက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ လွန်ခဲ့သော သီတင်းပတ်က အစီရင်ခံဖော်ပြခဲ့သည်။ ယခုချိန် အထိ ဥရောပနိုင်ငံအများစု၊ သြစတြေးလျ၊ ကနေဒါ၊  အစ္စရေး၊      တရုတ်နိုင်ငံ    ဟောင်ကောင်တို့တွင် ဗီဇပြောင်း    ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားနေကြောင်း အတည်ပြုဖော်ပြခဲ့သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ဖူး သူများကိုလည်း နောက်တစ်ဖန် ပြန်လည်ကူးစက် ပျံ့နှံ့နိုင်ပြီး ကူးစက်ဖြစ်ပွားမှု မြန်ဆန်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောထားသည်။  
     ဆင်ဟွာ