
တိုကျို စက်တင်ဘာ ၂
ဂျပန်နိုင်ငံ၌ ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်အမျိုးအစားသစ် တစ်မျိုးကို ယမန်နေ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။
နိုင်ငံအတွင်းရှိ လေဆိပ်နှစ်ခု၌ သီးသန့်ခွဲခြားစောင့်ကြည်မှုခံယူနေသည့် ခရီးသည်နှစ်ဦးတွင် အဆိုပါ ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံထားရ ကြောင်း စစ်ဆေးတွေ့ရှိခြင်းဖြစ်သည်။
အဆိုပါဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးအနက် တစ်ဦးမှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လနှောင်းပိုင်း တွင် အာရပ်စော်ဘွားများပြည်ထောင်စုမှ ဂျပန်နိုင်ငံ နာရီတာလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ကျန် တစ်ဦးမှာ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းက ဗြိတိန် နိုင်ငံမှ ဟာနီဒါလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။ ယင်းတို့နှစ်ဦးမှာ သီးခြားစောင့်ကြည့်မှုများခံယူ လျက်ရှိစဉ် ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်ကို တောင်အာဖရိကနိုင်ငံနှင့် ဥရောပနိုင်ငံများတွင် တွေ့ရှိပြီးဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်ကို စောင့်ကြည့်စာရင်းထဲ တွင် ထည့်သွင်းသတ်မှတ်ထားကြောင်း သိရသည်။ ဂျပန်ကျန်းမာရေးတာဝန်ရှိသူများကလည်း အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူများ၏ သွေးနမူနာများကို သုတေသနပြုမှုများ လုပ်ဆောင် လျက်ရှိသည်။
သတိထားဆောင်ရွက်သင့်
နိုင်ငံအတွင်း၌ ဗီဇပြောင်းဗိုင်းရပ်စ်များတွေ့ရှိမှုကို အတည်ပြုလျက်ရှိပြီး ယင်းတို့အနက် ကူးစက် မှုမြန်ဆန်သည့် ဗီဇပြောင်းဗိုင်းရပ်စ်များကို ပိုမို သတိထားဆောင်ရွက်သင့်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်တွင် ကာကွယ်ဆေး များမှ ထွက်ရှိလာသည့် ရောဂါခုခံအားကို ရှောင်ဖယ် နိုင်စွမ်းရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ‘မူ’ ဗီဇပြောင်းဗိုင်းရပ်စ်ကို ပြီးခဲ့သည့်ဇန်နဝါရီ လက ကိုလံဘီယာနိုင်ငံတွင် ပထမဆုံးစတင်တွေ့ရှိ ပြီး လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၃၉ နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်