
တိုကျို ဒီဇင်ဘာ ၁၀
ဂျပန်နိုင်ငံ၌ နောက်ထပ် အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ ရှစ်ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီးနောက် စုစု ပေါင်း အိုမီခရွန် ဗိုင်းရပ်စ်သစ်ကူးစက် ဖြစ်ပွားလျက်ရှိသူ ၁၂ ဦးအထိ ရှိလာ ခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် သတင်းဖော်ပြ သည်။
အိုမီခရွန် ဗိုင်းရပ်စ်သစ်တွေ့ရှိသူအားလုံးမှာ နိုင်ငံရပ်ခြားမှ ဂျပန်နိုင်ငံသို့ နိုဝင်ဘာနှောင်းပိုင်းမှ ယခုလအစော ပိုင်းအထိ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ကြောင်း အစိုးရအရာရှိ တစ်ဦးက ပြောသည်။
ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှုကို ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်က တွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
အလားတူ အိန္ဒိယနိုင်ငံတွင်လည်း အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူ နှစ်ဦးထပ်မံတွေ့ရှိမှုနှင့်အတူ စုစုပေါင်း အိုမီခရွန်ဗိုင်းရပ်စ်သစ်ကူးစက် ဖြစ်ပွားသူ ၂၅ ဦးအထိ ရှိလာပြီဖြစ်သည်။
ထပ်မံတွေ့ရှိခဲ့သော ဗိုင်းရပ်စ်သစ်ကူးစက်ဖြစ်ပွားသူနှစ်ဦးမှာ ဂူဂျာရတ် ပြည်နယ်အနောက်ပိုင်း ဂျန်နာဂါဒေသ မှဖြစ်ကြောင်း သတင်းဖော်ပြသည်။ ၎င်းတို့နှစ်ဦးသည် ယခင်က အိုမီခရွန် ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူများနှင့် ထိတွေ့ခဲ့သူများဖြစ်သည်။ အိုမီခရွန် ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားနေသူ အားလုံး ပြင်းထန်သည့်လက္ခဏာ မရှိ သေးကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာနက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံ အတော်များများတွင် စစ်ဆေးတွေ့ရှိ လျက်ရှိသော ကူးစက်မြန် အိုမီခရွန် ဗိုင်းရပ်စ်သစ်သည် ယခင်ကတွေ့ရှိခဲ့ သော ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲ များထက် ပိုမိုကူးစက်မြန်ကြောင်းနှင့် လက်ရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ ခုခံစွမ်းအားကို ကျော်လွှားနိုင်ကြောင်း သတိပေးထားသည်။
ဆင်ဟွာ