
တိုကျို နိုဝင်ဘာ ၁၁
Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အပိုထပ် ဆောင်းထိုးနှံပေးမည့် အစီအစဉ်တွင် အသုံးပြုရန် ဂျပန်ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဂျပန်နိုင်ငံတွင် အပို ဆောင်းထိုးနှံခွင့်ပြုသည့် ပထမဆုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေး မည့်အစီအစဉ်တွင် လွန်ခဲ့သော ရှစ်လအတွင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးစီး သူများအား ဦးစားပေးထိုးနှံပေးမည်ဖြစ်သည်။ နိုင်ငံ အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ဒီဇင်ဘာလ မှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံပေးမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများ အား ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးမည်ဖြစ် ကြောင်း သိရသည်။ နိုင်ငံအတွင်း လက်ရှိအချိန်၌ အသက် ၁၂ နှစ်နှင့်အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံရန် သတ်မှတ် ထားပြီး အသက် ၁၈ နှစ်နှင့်အထက်ရှိသူများအား ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းခံယူရန် သတ်မှတ်ထားသည်။
သို့ရာတွင် Pfizer ဆေးဝါးကုမ္ပဏီမှ ၎င်းဆေးဝါး နှင့်ပတ်သက်၍ အသက်ငယ်ရွယ်သူများအား ထိုးနှံ ရာ၌ ဘေးကင်းလုံခြုံမှုရှိကြောင်း အချက်အလက်များ ထပ်မံတင်ပြလာပါက Pfizer ကာကွယ်ဆေးအပို ဆောင်းထိုးနှံမှုခံယူနိုင်သည့် အသက်အရွယ်ကို လက်ရှိသတ်မှတ်ထားသည့် အသက်ထက်လျှော့ချ၍ သတ်မှတ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ပြောကြားသည်။ ထို့ပြင် နိုင်ငံအတွင်း ၂၀၂၂ ခုနှစ် မတ်လမှစတင်၍ Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား စီးပွားရေးလုပ်ငန်းများနှင့် တက္ကသိုလ်များတွင် အပိုဆောင်းထိုးနှံပေးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ