
တိုကျို နိုဝင်ဘာ ၁၅
ဂျပန်တော်ဝင်မင်းသမီးဟောင်းမာကိုနှင့် ခင်ပွန်း သည်ဖြစ်သူ ကိုမူရိုကေတို့သည် ၎င်းတို့ ဘဝသစ် စတင်မည့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။
၎င်းတို့ဇနီးမောင်နှံသည် တိုကျိုမြို့ ဟာနေဒါ လေဆိပ်မှ နယူးယောက်ပြည်နယ် ဂျွန်အက်ဖ် ကနေဒီ လေဆိပ်သို့ နိုဝင်ဘာ ၁၄ ရက်တွင် ရောက်ရှိ ခဲ့ကြသည်။ ဒေသစံတော်ချိန်နံနက် ၉ နာရီတွင် ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ လုံခြုံရေးအစောင့် အရှောက်များဝန်းရံထားသည့် အဆိုပါ ဇနီးမောင်နှံ သည် လေဆိပ်မှမထွက်ခွာမီ သတင်းထောက်များကို ဦးညွတ်ခဲ့ကြသည်။
မာကိုနှင့် ကိုမူရိုတို့သည် အောက်တိုဘာ ၂၆ ရက်တွင် လက်ထပ်မှတ်ပုံတင်ခဲ့သည်။ ၎င်းတို့နှစ်ဦး မှာ နယူးယောက်မြို့တွင် အိမ်ခန်းငှားရမ်းကာ နေထိုင် မည်ဖြစ်ပြီး အတူတကွ အလုပ်လုပ်ကြရန်လည်း စဉ်းစားထားကြောင်း သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
ကိုမူရိုသည် နယူးယောက်ရှိ ဥပဒေကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်သည်။ ကိုမူရိုသည် ယခုနှစ်အစောပိုင်းတွင် ပြည်နယ်စာမေးပွဲတွင် ကျရှုံးခဲ့သော်လည်း လာမည့်ဖေဖော်ဝါရီလတွင် ထပ်မံကြိုးစားရန် အစီအစဉ်ရှိကြောင်း သိရ သည်။
အင်န်အိတ်ချ်ကေ