
တိုကျို မတ် ၇
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၂၀၁၁ ခုနှစ် မတ် ၁၁ ရက်က ငလျင်နှင့် ဆူနာမီဒဏ်ခံစားခဲ့ရသော ဂျပန်အရှေ့ မြောက်ပိုင်း ဖူကူရှီးမားဒေသရှိ မြို့များသို့ သဘာဝဘေး အန္တရာယ်ကျရောက်သည့် ကိုးနှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်ရန် သွားရောက်ခဲ့သည်။
အာဘေးသည် ပစိဖိတ်ကမ်းရိုးတန်းဒေသရှိ နာမီမြို့ တွင် ကျင်းပသော အထက်ပါဘေးအန္တရာယ်ခံစားခဲ့ရသည့် ဒုက္ခသည်များအတွက် ဆုတောင်းပွဲသို့တက်ရောက်ပြီး လွမ်းသူ့ပန်းခွေများချကာ ဆုတောင်းခဲ့သည်။ အာဘေးသည် ၂၀၁၁ ခုနှစ်အတွင်းက ဖူကူရှီးမားဒိုင်အိချိနျူကလီးယား မတော်တဆမှုအတွက် ထုတ်ပြန်ထားခဲ့သော ကယ်ဆယ်ရေး အမိန့်အား ယခုလအစောပိုင်းတွင် တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းခဲ့သော ဖူတာဘာမြို့သို့ သွားရောက်လည်ပတ်ခဲ့ သည်။ ဖူတာဘာဘူတာရုံသည် အသစ်ဖွင့်လှစ်ထားသော အစိတ်အပိုင်းဖြစ်ပြီး ဖူတာဘာမြို့တော်ဝန် ရှီရိုအီဇာဝါက မြို့ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ရှင်ဇိုအာဘေး အား ရှင်းပြခဲ့သည်။ နျူကလီးယားမတော်တဆမှုကြောင့် ရပ်နားထားခဲ့ရသော ဂျိုဘန်ရထားလိုင်းအား မတ် ၁၄ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။
အာဘေးသည် ဖူကူရှီးမားဒိုင်အိချိစက်ရုံအနီးရှိ အမြန် လမ်း အပြန်အလှန်ချိတ်ဆက်မှုအခမ်းအနားသို့ တက်ရောက် ခဲ့သည်။ ယခုကဲ့သို့ အမြန်လမ်းများအား အပြန်အလှန် ချိတ်ဆက်ခြင်းအားဖြင့် ဒေသခံများကို ဖူတာဘာမြို့သို့ ဝင်ရောက်နိုင်ခြင်းနှင့် ပိတ်ထားခဲ့သော နျူကလီးယားစက်ရုံ သို့ မော်တော်ယာဉ်သွားလာမှုကို ချောမွေ့စေသည်။
အာဘေးသည် နာမီရှိ ကမ္ဘာ့အကြီးဆုံး ဟိုက်ဒရိုဂျင် ထုတ်လုပ်သည့်စက်ရုံ၏ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး စက်ကိရိယာများအား စစ်ဆေးကာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးမော်တော်ကားကို စမ်းသပ် မောင်းနှင်ခဲ့သည်။ အာဘေးက သတင်းထောက်များကို ပြောကြားရာတွင် ဖူကူရှီးမား ပြန်လည်တည်ဆောက်ရေး အတွက် အထက်ပါဘေးမှ လွတ်မြောက်လာသူများသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများပါ ဝိုင်းဝန်းကြိုးပမ်းရမည်ဟု ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ