
ဒေါက်တာ အောင်မြင့်ဦး
မြန်မာ့ပညာရေး၏ မီးရှူးတန်ဆောင်ဖြစ်သော၊ မြန်မာပြည်သူပြည်သားအပေါင်း၏ နှလုံးသည်းပွတ်ဖြစ်သော၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ပေါင်းစုံ၏ မိခင်ကြီးသဖွယ်ဖြစ်သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ်ပေါင်း ၁၀၀ တိတိ ပြည့်မြောက်ပြီ ဖြစ်ပါသည်။ သမိုင်းအစဉ်အလာကြီးမားစွာဖြင့် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်လွှားခဲ့ရသော၊ သားကောင်းရတနာ လူချွန်လူကောင်းများစွာကို မွေးဖွားပေးခဲ့သော၊ ကမ္ဘာ့အလယ်တွင် မြန်မာ့ဂုဏ်ဆောင်တက္ကသိုလ်အဖြစ် ဝင့်ထည်စေခဲ့သော အမိရန်ကုန်တက္ကသိုလ်ကြီး၏ သက်တမ်း ၁ဝဝ ပြည့်မြောက်သည့် ရာပြည့်မွေးနေ့ အခါသမယကို ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုကြရမည် ဖြစ်ပါသည်။
အမိရန်ကုန်တက္ကသိုလ်၏ဖြစ်တည်ရာ သမိုင်း ကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် ကိုလိုနီ ခေတ်တွင် ၁၉၂၀ ပြည့်နှစ်မတိုင်မီအထိ မြန်မာနိုင်ငံ ၌ မြန်မာလူမျိုးတို့အတွက် ကိုယ်ပိုင်တက္ကသိုလ်ဟူ၍ မရှိသေးပါ။ ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ ရန်ကုန် ကောလိပ်နှင့် အမေရိကန် ဘက်ပတစ်သာသနာပြု အဖွဲ့၏ ပညာရေးလုပ်ငန်းများမှ ပေါက်ဖွားလာသော ဘက်ပတစ်ကောလိပ်တို့သာ ရှိခဲ့ပါသည်။ ဘက်ပတစ် ကောလိပ်ကို ၁၉၁၈ ခုနှစ်တွင် အမေရိကန် ခရစ်ယာန် သာသနာပြုဆရာကြီး ဒေါက်တာဂျပ်ဆင်အား ဂုဏ်ပြု သောအားဖြင့် ဂျပ်ဆင်ကောလိပ်(ဝါ) ယုဒသန် ကျောင်းတိုက်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ သို့ဖြစ်ရာ ၁၉၂၀ မတိုင်မီတွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့သာ ရှိခဲ့ပါသည်။
မြန်မာနိုင်ငံတွင် ကာလကတ္တားတက္ကသိုလ်၏ သြဇာအာဏာနှင့်ကြီးကြပ်မှုမှ ကင်းလွတ်သော သီးခြား တက္ကသိုလ်တစ်ရပ် ရန်ကုန်မြို့၌ တည်ထောင်ရန် ၁၈၉၂ ခုနှစ်ခန့်မှစ၍ မြန်မာခေါင်းဆောင်များ၊ သတင်း စာများ၊ ပညာရေးဆင်ဒီကိတ်အဖွဲ့ဝင်များနှင့် မြန်မာ ပြည်သူလူထုတို့က တစိုက်မတ်မတ် တောင်းဆိုခဲ့ကြ ပါသည်။ တောင်းဆိုမှုများ အရှိန်အဟုန်မြင့်မားလာရာ အာဏာပိုင်တို့မှာ မနေသာတော့ဘဲ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကို ၁၉၂၀ ခုနှစ် ဩဂုတ်လ ၂၈ ရက်တွင် မြန်မာပြည် ဥပဒေကောင်စီကအတည်ပြုခဲ့ပြီး ၁၉၂ဝ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် အိန္ဒိယဘုရင်ခံချုပ် က အတည်ပြုခဲ့ပါသည်။ အဆိုပါ အတည်ပြုချက်များ အရ ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်သည် ရန်ကုန်ကောလိပ် (တက္ကသိုလ်ကောလိပ်) နှင့် ဂျပ်ဆင်ကောလိပ်တို့ဖြင့် တည်ထောင်ပေါက်ဖွား လာခဲ့ပါသည်။
ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်စဉ်က အင်္ဂလန်နိုင်ငံ အောက်စဖို့နှင့် ကိန်းဘရစ် တက္ကသိုလ် တို့၏ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီတွင် ရန်ကုန်တက္ကသိုလ်၌ ပညာရပ်နယ်ပယ် ကျယ်ပြန့်လာပြီး ကောလိပ်များ ပွားများလာခဲ့သည်။
ရန်ကုန်တက္ကသိုလ်တွင် ယုဒသန်ကောလိပ်၊ ရန်ကုန် ယူနီဗာစီတီကောလိပ်၊ ဆေးကောလိပ်၊ ဆရာအတတ်သင် ကောလိပ်တို့ ရှိလာသည်။၁၉၂၅ ခုနှစ်တွင် မန္တလေးမြို့၌ ရန်ကုန်တက္ကသိုလ်က ကွပ်ကဲအုပ်ချုပ်သော ဥပစာ ကောလိပ်ကို တည်ထောင်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် မန္တလေးမြို့၌ စိုက်ပျိုးရေးကောလိပ်ကို ထပ်မံဖွင့်လှစ် ခဲ့ပါသည်။
အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်
ရန်ကုန်တက္ကသိုလ်သည် အင်္ဂလန်နိုင်ငံတက္ကသိုလ် များ၏ စံချိန်စံညွှန်းအတိုင်း ဖွဲ့စည်းထားခြင်း၊ အရည် အသွေးမြင့်မားသောဆရာများက ပို့ချခြင်း၊ ကျောင်းသူ ကျောင်းသားများ ပညာလိုလားစိတ်ပြင်းထန်ခြင်း၊ ဘဏ္ဍာ ရေး အခြေအနေကောင်းမွန်ခြင်းတို့ကြောင့် ပညာ ဝန်းကျင်ကောင်းတစ်ခုဖြစ်ခဲ့သည်။ ကျောင်း၏ဥပဓိရုပ် မှာလည်း သာယာသော အင်းလျားကန်နောက်ခံ၊ ခံ့ညား သော ဘွဲ့နှင်းသဘင်အဆောက်အအုံ၊ သက်တမ်းရင့် သစ်ပုပ်ပင်၊ ဖြောင့်တန်းသော အဓိပတိလမ်း၊ စိမ်းလန်း ကျယ်ဝန်းသော တက္ကသိုလ်နယ်မြေတို့ကြောင့် အရှေ့ တောင်အာရှတွင် အလှပဆုံးသော တက္ကသိုလ်ဖြစ်ခဲ့ သည်။ ၁၉၄ဝ-၅ဝ ခုနှစ်များအတွင်းတွင် ရန်ကုန် တက္ကသိုလ်သည် အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှအဆင့်တွင်လည်း ထိပ်တန်း တွင် ရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံများက အားကျအတုယူစရာ၊ လာရောက်ပညာဆည်းပူးရာ ကျောင်းတော်ကြီးဖြစ်ခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဝန်ကြီးချုပ်ဦးနု၊ အာဇာနည် ဦးရာဇတ်၊ နန်းရင်းဝန် ဒေါက်တာဘမော်၊ ဥပဒေပညာရှင် ဒေါက်တာဘဟန်၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၊ မြန်မာ့အမျိုးသားစာဆိုကြီးများဖြစ်ကြသည့် ဇော်ဂျီနှင့် မင်းသုဝဏ်၊ ပညာမင်းကြီး ဦးကောင်း၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း၊ မြန်မာစာပညာရှင် ဒေါက်တာ လှဘေ စသည့် ကမ္ဘာကလေးစားအသိအမှတ်ပြုရသည့် ပုဂ္ဂိုလ်များစွာကို အမိရန်ကုန်တက္ကသိုလ်က မွေးဖွားပေး ခဲ့သည်။
ဒုတိယကမ္ဘာစစ်မီးတောက်လောင်ချိန်တွင် ရန်ကုန် တက္ကသိုလ်ဥပဒေ ရပ်ဆိုင်းသွားခဲ့သည်။ စစ်ကြီးပြီးသွား ပြီးနောက် ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံပညာရေးဌာန က ကြားဖြတ်ရန်ကုန်တက္ကသိုလ်တစ်ခု ဖွင့်လှစ်ကာ တက္ကသိုလ်နယ်မြေရှိ ဘီအိုစီကောလိပ်အဆောက်အအုံ နှင့် ပြည်ဆောင်၊ တကောင်းဆောင်အကြားဆောက်လုပ် ထားသော စာသင်ခန်းများတွင် တက္ကသိုလ်ပညာရပ် များ သင်ကြားပို့ချခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် အက်ဥပဒေကို ပြန်လည်အသက်သွင်းပြီး ပြင်ဆင်လိုက်သဖြင့် ရန်ကုန်တက္ကသိုလ်သည် ကိုယ်ပိုင် အုပ်ချုပ်သော အဖွဲ့အစည်းအဖြစ် ပြန်လည်ရောက်ရှိ ခဲ့သည်။ စစ်ပြီးခေတ်တွင် ပြန်လည်ဖွဲ့စည်းခဲ့သော တက္ကသိုလ်၌ အပေါင်းပါကောလိပ်များကို ရုပ်သိမ်း၍ မဟာဌာန (Faculty) များဖြင့် အစားထိုးခဲ့သည်။
ပညာရတနာများ မွေးဖွားလာခဲ့
မဟာဌာနစနစ်တွင် ဝိဇ္ဇာသိပ္ပံနှင့် ဥပဒေ မဟာဌာန (Faculty of Arts, Science, and law) ၊ ဆေးပညာမဟာ ဌာန (Faculty of Medicine)၊ အင်ဂျင်နီယာမဟာဌာန (Faculty of Engineering) ၊ ပညာရေးမဟာဌာန(Faculty of Education)၊ သစ်တောပညာ မဟာဌာန (Faculty of Forestry) ဟူ၍ ဖြစ်လာခဲ့ပါသည်။ ၁၉၄၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်နှင့် ပေါင်းစည်းထားသည့် မန္တလေး ဥပစာကောလိပ်ကို ပြန်လည်ဖွင့်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဒီဂရီအဆင့်အထိ သင်ကြားနိုင်သည့် မန္တလေးတက္ကသိုလ် ကောလိပ် (University College Mandalay, UCM) အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၈-၅၉ ခုနှစ်တွင် မန္တလေး တက္ကသိုလ်ကောလိပ်ကို မြန်မာပါလီမန်က မန္တလေး တက္ကသိုလ်အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပြီး သီးခြား တက္ကသိုလ်အဖြစ် ရပ်တည်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မော်လမြိုင်ဥပစာကောလိပ်၊ ၁၉၅၄ ခုနှစ်တွင် ကျောက်ဖြူ ဥပစာကောလိပ်၊ ၁၉၅၅ ခုနှစ်တွင် မကွေးဥပစာကောလိပ်၊ ၁၉၅၈ ခုနှစ်တွင် ပုသိမ်ဥပစာကောလိပ်တို့ကို ရန်ကုန် တက္ကသိုလ်နှင့် နှီးနွှယ်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ခဲ့ ပါသည်။ ဤသို့ဖြင့် အမိရန်ကုန်တက္ကသိုလ်မှ မြန်မာနိုင်ငံ အနှံ့အပြားတွင် သားသမီး ပညာရတနာများ မွေးဖွားလာ ခဲ့ပါသည်။
၁၉၆၂ ခုနှစ်တွင်မူ အမိရန်ကုန်တက္ကသိုလ်သည် အလှည့်အပြောင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုနှစ်တွင် တော်လှန်ရေးကောင်စီသည် ရန်ကုန် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းခဲ့ပြီး ၁၉၆၄ ခုနှစ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ တက္ကသိုလ်တွင် အထူးပြု ဘာသာရပ်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုဥပဒေအရ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်အပါအဝင် တက္ကသိုလ် များကို စနစ်သစ်ဖြင့် ၁၉၆၄ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကို ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်အဖြစ် အမည်ပြောင်းလဲကာ ၁၉၆၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင်ပြန်လည်ဖွင့်လှစ် ခဲ့ပါသည်။ ထိုစဉ်က ပြန်လည်ဖွင့်လှစ်ခဲ့သော ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ဝိဇ္ဇာဌာန ၉ ခုနှင့် သိပ္ပံဌာန ၇ ခုတို့ ပါဝင်သည်။
ထိုကာလမှစတင်ကာ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ၏ အဆင့်အတန်းသည် အကြောင်းအမျိုးမျိုးကြောင့် တဖြည်းဖြည်း နိမ့်ပါးကျဆင်းလာခဲ့ရသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်အမည်မှ ရန်ကုန်တက္ကသိုလ် အမည်သို့ ပြန်လည်ခေါ်ဝေါ်ခဲ့သော်လည်း ခေတ်စနစ် အမျိုးမျိုးကြားတွင် ခါးသီးသော အတွေ့အကြုံများစွာကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ ၁၉၈၈ အရေးအခင်းနောက်ပိုင်းတွင် အမိရန်ကုန်တက္ကသိုလ် ရင်ခွင်ကို မျိုးဆက်သစ်ဘွဲ့ကြို သားငယ်သမီးငယ်တို့ ဝင်ရောက်ခိုလှုံခွင့် မရခဲ့သည့်ကာလမှာ နှစ်ပေါင်း ရှည်ကြာစွာ ရှိခဲ့သည်။ အမိရန်ကုန်တက္ကသိုလ်သည် နှစ်ပေါင်းအတန်ကြာ နိုးထရှင်သန်ခွင့် ပျောက်ဆုံးရခဲ့ပြီး လောကဓံတရား၏ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပါသည်။
ပြန်လည်နိုးထခွင့်ရလာ
၁၉၉၄ ခုနှစ် စိန်ရတုအကြိုကာလတွင် အမိရန်ကုန် တက္ကသိုလ်သည် အနည်းငယ် ပြန်လည်နိုးထခွင့်ရလာ ခဲ့သည်။ တက္ကသိုလ်ကောလိပ်အသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော ဆရာ ဆရာမများအတွက် ပါရဂူ သင်တန်းများကို ၁၉၉၄ ခုနှစ်မှစတင်ကာ ရန်ကုန် တက္ကသိုလ်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ၁၉၉၄-၉၅ ပညာ သင်နှစ်တွင် ရူပ၊ ဓာတု၊ သင်္ချာ ဘာသာရပ်များကို လည်းကောင်း၊ ၁၉၉၅-၉၆ ပညာသင်နှစ်တွင် မြန်မာစာ၊ ပထဝီဝင်၊ သတ္တဗေဒဘာသာရပ်များကို လည်းကောင်း၊ ၁၉၉၆-၉၇ ပညာသင်နှစ်တွင် သမိုင်း၊ ရုက္ခဗေဒ၊ ဘူမိ ဘာသာရပ်များကိုလည်းကောင်း ပါရဂူသင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ဒီမိုကရေစီခေတ်စနစ်နှင့်အတူ အမိရန်ကုန်တက္ကသိုလ် သည် အားသစ်အင်သစ်များဖြင့် ပြန်လည်နိုးထရှင်သန် ခွင့်ရရှိလာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်တွင် နှစ်ပေါင်း အတန်ကြာ ရပ်ဆိုင်းထားခဲ့သော ဘွဲ့ကြိုသင်တန်းများ ကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်ကာ ထူးချွန် ကျောင်းသူကျောင်းသားများ ပြုစုပျိုးထောင်ရေး အစီ အစဉ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ ဘွဲ့ရပြီး ပညာ ဆက်လက်ဆည်းပူးလိုသူများအတွက် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုသင်တန်းများကို တိုးချဲ့ဖွင့်လှစ် နိုင်ခဲ့ပါသည်။ စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ ပန်းချီပြပွဲများ၊ အဆိုအကအနုပညာပွဲ များ၊ အားကစားပြိုင်ပွဲများ၊ ဘာသာစကားပြိုင်ပွဲများ၊ သိပ္ပံပြပွဲများ၊ စာအုပ်ဈေးရောင်းပွဲများဖြင့် ပညာရပ် ဝန်းကျင်ကောင်းတစ်ခုအဖြစ် ပြန်လည်သက်ဝင်လှုပ်ရှား လာခဲ့ပါသည်။ ။
နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဖြစ်စေရန် ရည်ရွယ်ချက်နှင့်အညီ နိုင်ငံတကာတက္ကသိုလ်များ၊ နိုင်ငံ တကာအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိပါသည်။ အမေရိကန်၊ ဂျာမနီ၊ အင်္ဂလန်၊ နော်ဝေ၊ ဟန်ဂေရီ၊ နယူးဇီလန်၊ ဗီယက်နမ်၊ သြစတြေးလျ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ တရုတ် စသည့်နိုင်ငံများ၏ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများရေးထိုးပြီး ပူးပေါင်း ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိရာ ပညာ လာရောက်ဖြန့်ဝေပေးကြသော နိုင်ငံတကာမှ ပညာရှင် များ၊ ပညာလာရောက်ဆည်းပူးကြသော နိုင်ငံတကာမှ ကျောင်းသူ ကျောင်းသားများဖြင့် နိုင်ငံတကာတက္ကသိုလ် အဆင့်သို့ တဖြည်းဖြည်း တက်လှမ်းနေပြီဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအဆင့်မီ မြန်မာ နိုင်ငံ၏ဂုဏ်ဆောင် တက္ကသိုလ်ကြီးတစ်ခုအဖြစ် အဆင့် မြှင့်တင်နိုင်ရေးအတွက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ကျင်းပစဉ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ယခု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုနိုင်ခဲ့ပါသည်။ သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် ပြန်လည်မွမ်းမံခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို နိုင်ငံတော် အဆင့် ခိုင်ခိုင်မာမာဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ များ၊ အဖွဲ့များ ဖွဲ့စည်းပြီး မဟာစီမံကိန်း (Master Plan) တစ်ခုကို ရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ မဟာစီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ပညာအရည်အသွေး မြှင့်တင်ရေးကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာဖြည့်ဆည်းရေးကော်မတီ (Hardware Committee)၊ ရန်ကုန်တက္ကသိုလ် ပဋိညာဉ်ရေးဆွဲရေး ကော်မတီ (University Charter Committee) များကို ထပ်မံဖွဲ့စည်းကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်သည် မြန်မာနိုင်ငံ၏ အဓိက အကျဆုံးနှင့် စံနမူနာပြတက္ကသိုလ်တစ်ခုဖြစ်သည့် အားလျော်စွာ ကိုယ်ပိုင်လွတ်လပ်စွာ စီမံခန့်ခွဲသည့် တက္ကသိုလ် (Autonomous University) ဖြစ်ရေးသည် အဓိကဦးတည်ချက်တစ်ရပ် ဖြစ်ပါသည်။ လက်ရှိ ဆောင်ရွက်နေသည့် မဟာစီမံကိန်းနှင့် ရန်ကုန်တက္ကသိုလ် အတွက် ပေါ်ပေါက်လာတော့မည့် တက္ကသိုလ်ပဋိညာဉ် (University Charter) တို့အရ ရန်ကုန်တက္ကသိုလ်တွင် နောင်အခါ မဟာဌာနကြီးများပေါ်ပေါက်လာတော့မည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံများပြောင်းလဲလိုက်သည့်အတွက် လက်ရှိစီမံခန့်ခွဲနေသည့်စနစ်မှ လွတ်လပ်စွာကိုယ်တိုင် စီမံခန့်ခွဲသည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်နိုင်တော့ မည် ဖြစ်ပါသည်။
အမိရန်ကုန်တက္ကသိုလ်သည် မကြာမီရောက်ရှိ တော့မည့် ဒီဇင်ဘာလ(၁) ရက်နေ့တွင် သက်တမ်း နှစ်၁၀ဝ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။ အမိ တက္ကသိုလ် ဖြတ်သန်းခဲ့ရသည့် နှစ် ၁ဝဝ ကာလသည် ကြမ်းတမ်း ပင်ပန်းလှပါသည်။ အမိတက္ကသိုလ်ကြီး၏ ပြယုဂ်သင်္ကေတ တစ်ခုဖြစ်သည့် သစ်ပုပ်ပင်ကြီးသည် ကြမ်းတမ်းလှသော နာဂစ်မုန်တိုင်းဒဏ်ကို ပြင်းထန်စွာ ခံခဲ့ရသော်လည်း မပြိုမလဲ ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ ရွက်သစ်ဝေဆာ လာသကဲ့သို့ပင် အမိရန်ကုန်တက္ကသိုလ် ကြီးသည် လောကဓံမုန်တိုင်းများကို ကျော်လွှား လွန်မြောက်ပြီးနောက် သက်တမ်း နှစ် ၁၀၀ ပြည့်မြောက် သည့် ယခုအချိန်တွင်မူ အားသစ်အင်သစ်များဖြင့် ပြန်လည်နုပျို လန်းဆန်းလာခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံ့ ဂုဏ်ဆောင်အမိတက္ကသိုလ်ကြီး နှစ်ပေါင်း ၁ဝဝ ပြည့်မြောက်ပြီးနောက် နောင်နှစ်ပေါင်း ထောင်ချီတိုင် အောင် နုပျိုရှင်သန်နေစေရန်အတွက် မျိုးဆက်ဟောင်း ကျောင်းသူ ကျောင်းသားကြီးများ၊ မျိုးဆက်သစ်သားသမီး ရတနာ ကျောင်းသူ ကျောင်းသားများနှင့် မိဘပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်းကြပါစို့ဟု နှိုးဆော်ရင်း အမိရန်ကုန်တက္ကသိုလ်၏ နှစ်(၁၀၀) ပြည့် ရာပြည့် သဘင်ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါသည်။ ။
- Log in to post comments