ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

Type
4


 

မွန်းဦးနဒီ

 

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကျင်းပရန် အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆပ်ကော်မတီအလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရှိမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာ ဖိုးကောင်းအား မြန်မာ့သတင်းစဉ်မှ ဆက် သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
(ယမန်နေ့မှ အဆက်)
မေး ။ ။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ တိုးတက်မှုအတွက် နိုင်ငံတကာ တက္ကသိုလ်
တွေနဲ့ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေ
အနေကိုလည်း ပြောပြပေးစေလိုပါတယ် ဆရာကြီးရှင့်။
ဖြေ ။ ။ ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာအသိအမှတ် ပြုတဲ့ မြန်မာနိုင်ငံရဲ့ ဂုဏ်ဆောင် တက္ကသိုလ်
အဖြစ် ရပ်တည်နိုင်ဖို့၊ တက္ကသိုလ်ရဲ့ ရုပ်ပိုင်းနဲ့ပညာရပ် ပိုင်းဆိုင်ရာ နှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ရန်ကုန် တက္ကသိုလ် ဘက်စုံပြုပြင်မွမ်းမံအဆင့်မြှင့်တင်ရေး မဟာစီမံကိန်း (၂၀၁၈-၂၀၃၀)ကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ မဟာစီမံကိန်းရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုက နိုင်ငံတကာ ဆက်စပ်မဟာဗျူဟာများ (International Engagement Strategies) ချမှတ်ပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းရဲ့ ရည်ရွယ်ချက်က (၁) ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၏ သင်ကြားသင်ယူမှုနှင့် သုတေသန အရည်အသွေး တိုးတက်မြင့်မားလာစေရန်၊ (၂) ကျောင်း သား၊ ကျောင်းသူများအား ကမ္ဘာ့နိုင်ငံအသီးသီးရှိ ယဉ် ကျေးမှုကွဲပြားသော ဝန်းကျင်များ (Intercultural world) တွင် အံဝင်ခွင်ကျ ပြုမူဆောင်ရွက်တတ်စေရန်၊ (၃) တက္ကသိုလ်၏ Global visibility မြင့်တက်လာစေရန် (၄) တက္ကသိုလ်နှင့် လူမှုအဖွဲ့အစည်းအကြား ချိတ်ဆက် ဆောင်ရွက်ခြင်း (University-Community Engage- ment) မှတစ်ဆင့် သင်ကြားရေးနှင့် သုတေသန စွမ်းရည် မြင့်တက်ပြီး လူမှုအဖွဲ့အစည်း (ဒေသ)ကို အကျိုးပြုရန်တို့ ဖြစ်ပါတယ်။
အဲဒီရည်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင် ရွက်မှုအနေနဲ့ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးခြင်းနှင့် သင်တန်းသား ဖလှယ်ခြင်းအစီအစဉ်မှာ ဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ ကမ္ဘာ့ထိပ်တန်း နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ စင်ကာပူ၊ ဟန်ဂေရီ၊ ဂျာမနီ၊ အီတလီ၊ နော် ဝေး၊ အမေရိကန်၊ အင်္ဂလန်နိုင်ငံတွေက တက္ကသိုလ်တွေနဲ့ နားလည်မှုစာချွန်လွှာများ (Memorandum of Under- standing – MoU) လက်မှတ်ရေးထိုးပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့် ဆောင်ရွက်လျက် ရှိပါ တယ်။ ယခုအချိန်ထိ MoU ၅၈ စောင် ရေးထိုးပြီး ဖြစ်ပါ တယ်။
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမှာ တက္ကသိုလ် နှစ်ခုအကြား ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ များ ဖလှယ်ခြင်း၊ သုတေသန နှီးနှောဖလှယ်ပွဲ၊ ညီလာခံ၊ အလုပ်ရုံဆွေးနွေးပွဲများ ပူးပေါင်းကျင်းပခြင်း၊ သုတေသန စာစောင်များ ပူးတွဲ ထုတ်ဝေခြင်းတို့ ပါဝင်ပါတယ်။ MoU လက်မှတ်ရေးထိုးရာမှာ အချို့ MoU တွေက မိတ်ဖက် တက္ကသိုလ်တွေက ကိုယ်စားလှယ်တွေ ရန်ကုန် တက္ကသိုလ်ကို လာရောက်လက်မှတ်ရေးထိုးပါတယ်။ အချို့ကတော့ ရန်ကုန်တက္ကသိုလ်မှ ကိုယ်စားလှယ်များ မိတ်ဖက် တက္ကသိုလ်များကို သွားရောက်လက်မှတ် ရေးထိုးပါတယ်။ အချို့က MoU စာရွက်စာတမ်းတွေကို စာတိုက်ကနေ အပြန်အလှန်ပေးပို့ပြီး လက်မှတ်ရေးထိုး ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပြည်ပမိတ်ဖက် အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များ လာရောက်လက်မှတ် ရေး ထိုးခဲ့တဲ့ နောက်ဆုံး MoU ကတော့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်နေ့က ရေးထိုးခဲ့တဲ့ MoU between University of Yangon and Purdue University Fort Wayne နဲ့ National Centre for English Language (UY) and Purdue University Fort Wayne ဖြစ်ပါတယ်။
မြန်မာစာဘာသာရပ်နဲ့ ဒေသတွင်း ကျောင်းသား ဖလှယ်ခြင်းအစီအစဉ်များမှာ နှစ်စဉ် နိုင်ငံတကာ ကျောင်းသား ၁၀ဝ ကျော်ကို ရန်ကုန်တက္ကသိုလ်ကနေ လက်ခံသင်ကြားပေးလျက်ရှိပါတယ်။ ယခုအချိန်အထိ ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများဟာ exchange, internship, Full degree program စတဲ့ နှစ်တို/ နှစ်ရှည် အစီအစဉ်အမျိုးမျိုးနဲ့ နိုင်ငံတကာ တက္ကသိုလ်များကို သွားရောက် ပညာသင်ကြားခွင့်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကျောင်းသား ၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ ဖလှယ်ခြင်း အစီအစဉ်တွေအပြင် ဧည့်ပါမောက္ခ အစီအစဉ် များ (visiting fellow/ professor) လည်း ဆောင်ရွက် နေပါတယ်။ ဥပမာ Open Society Foundations (OSF) က ထောက်ပံ့တဲ့ scholar exchange အစီအစဉ် (နိုင်ငံ တကာဆက်ဆံရေးပညာဌာန၊ ဥပဒေပညာဌာနနှင့် ရှေးဟောင်းသုတေသနပညာဌာနများအတွက်) နဲ့ AUN-SEED/net က ထောက်ပံ့တဲ့ Visiting Professor အစီအစဉ် ဖြစ်ပါတယ်။
စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုပရိုဂျက်တွေ၊ အစီအစဉ် တွေမှာ ပါဝင်ဆောင်ရွက်ခြင်းအနေနဲ့ ပြောရမယ်ဆိုရင် ရန်ကုန်တက္ကသိုလ်ဟာ The Asian University Alliance (AUA) ရဲ့ အဖွဲ့ဝင် ဖြစ်ပါတယ်။ SEAMEO (The Institute of the SouthEast Asian Ministers of Education Organization)ရဲ့ ပရိုဂျက်တွေမှာ ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ ပရိုဂျက်တချို့ကတော့ (RELC (language), CHAT (Culture and History), RIHED (Higher Edu- cation Development), QITEP (Science)) တို့ဖြစ်ပါ တယ်။ ဒါ့အပြင် Bilateral Development Agencies က ထောက်ပံ့တဲ့ ပရိုဂျက်တွေမှာလည်း ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။ ဥပမာ- ဥရောပကော်မရှင်က ထောက်ပံ့ တဲ့ ပရိုဂျက်တွေ ဖြစ်တဲ့ Erasmus+ Capacity Building Projects, EU-SHARE, CHINLONE, TIDE (UK aid, DFID), Toolkit, DAAD ၊ ဒေသတွင်းအစီအစဉ်တွေဖြစ်တဲ့ ASEAN-Japan Program, ASEAN-India Universities Network, KFAS (Korean Foundation for Advanced Studies), Chinese Government Scholarship program တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတကာညီလာခံတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ လက်ခံကျင်းပခြင်း၊ ပါဝင်ခြင်းအနေနဲ့ ပြောရမယ်ဆိုရင် ဆရာဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေဟာ နောက်ဆုံးနည်းပညာများ၊ သတင်းအချက်အလက်များ ရရှိနိုင်ဖို့ ၊ နိုင်ငံတကာမှသုတေသီများနဲ့ ပညာရေးဆိုင်ရာ အမြင်များ၊ စိတ်ကူးများ၊ အတွေ့အကြုံများ ဖလှယ်နိုင်ဖို့၊ သုတေသနနယ်ပယ်အသီးသီးမှ အသစ်တွေ့ရှိချက်များ နှင့်အတူ စိန်ခေါ်မှုများကို သိရှိနားလည်နိုင်စေဖို့အတွက် နိုင်ငံတကာတက္ကသိုလ်များနှင့်ပူးပေါင်းပြီး နိုင်ငံတကာ သုတေသနညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲတွေကို ရန်ကုန်တက္ကသိုလ်က လက်ခံကျင်းပခြင်း၊ နိုင်ငံတကာ မိတ်ဖက်တက္ကသိုလ်တွေက လက်ခံကျင်းပတဲ့ ညီလာခံ တွေမှာလည်း ရန်ကုန်တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စေလွှတ်၍ တက်ရောက်စေ ခြင်းကို တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်။
သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းအပိုင်းမှာ ရန်ကုန်တက္ကသိုလ်ရဲ့ Master Plan အရ ၂၀၂၀ ရာပြည့် အမီ လက်ရှိသင်ရိုးညွှန်းတမ်းများကို ပရိုဂျက်အခြေပြု လေ့လာသင်ယူခြင်းနဲ့ လုပ်ငန်းလိုအပ်ချက်တွေကို ဖြည့် ဆည်းပေးနိုင်မယ့် သင်ရိုးညွှန်းတမ်းများအဖြစ် အဆင့် မြှင့်တင်ရမှာ ဖြစ်ပါတယ်။ ဘွဲ့ကြိုသင်တန်း ဝိဇ္ဇာဘာသာ ရပ်များအတွက် Central European University (CEU) က ပံ့ပိုးကူညီမှုများ ရယူဆောင်ရွက်ခဲ့ပါတယ်။
ဘွဲ့ကြိုသင်တန်း သိပ္ပံဘာသာရပ်များအတွက် သင် ရိုးညွှန်းတမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းအဖွဲ့ကို ၂၀၁၉ ခုနှစ်မှာ ဖွဲ့စည်းပြီး နိုင်ငံတကာတက္ကသိုလ်များမှ သင်ရိုး ညွှန်းတမ်း ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ် ဆောင်ရွက် ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့် နှစ် မတ်လအတွင်း (1st Phase) သိပ္ပံဌာနတွေမှာ နိုင်ငံတကာပညာရှင် ၁၅ ဦးလာရောက်ပြီး သင်ရိုး ညွှန်းတမ်း ပြန်လည်ဆန်းစစ်ခြင်း၊ အဆင့်မြှင့်တင်ဖို့ စီစဉ်လျာထားခြင်းများ ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။ နိုင်ငံတကာပညာရှင်များအတွက် ကုန်ကျစရိတ်များကို ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးမှု ရန်ပုံငွေ (Capacity Development Fund-CDF) ကနေ ရယူသုံးစွဲပါတယ်။ ဒီအစီအစဉ်နဲ့ ဘွဲ့ကြို သင်တန်း ဝိဇ္ဇာဘာသာရပ်များရဲ့ သင်ရိုးညွှန်းတမ်း အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်
ဟာ ၂၁ ရာစု ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရဲ့ စိန်ခေါ်မှုများကို ဖြည့်ဆည်းပေးမယ့်အသိပညာနဲ့ ကျွမ်းကျင်မှုအသစ်များ ရရှိစေဖို့ ပြုစုပျိုးထောင်ပေးနေရတဲ့ တက္ကသိုလ်ရဲ့ လုပ်ငန်းစဉ်ကို များစွာအထောက်အကူပြုပါတယ်။
ဘွဲ့၊ ဘာသာရပ်အစီအစဉ်အသစ်များ တိုးချဲ့ဖွင့်လှစ် ခြင်းအနေနဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် အတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုလိုအပ် ချက်နဲ့ ဒေသလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့ဒီဂရီ အစီအစဉ်အသစ်များ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။
ရေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာပညာဌာန (Water and Environmental Studies Department) ကို ၂၀၁၉ ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်ရခြင်း ရဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံအတွက် လိုအပ် နေတဲ့ ရေပညာရပ်ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်များ ပြုစုပျိုးထောင် မွေးထုတ်ပေးပြီး မြန်မာနိုင်ငံရဲ့ ပေါများ ကြွယ်ဝတဲ့ ရေသယံဇာတကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင် ဖို့နဲ့ စိန်ခေါ်မှုတွေကို ဟန်ချက်ညီညီ ဖြေရှင်းဆောင် ရွက်နိုင်ဖို့ ဖြစ်ပါတယ်။ ယခုလာမယ့် ပညာသင်နှစ်ကနေ စပြီး ရေပညာရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်း (B.Sc. Water Studies) နဲ့ ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Postgraduate Diploma in Water Studies) တွေကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။
ရေပညာရပ်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်း အတွက် သင်ရိုးညွှန်းတမ်းနဲ့ သင်ရိုးမာတိကာကို ဟန် ဂေရီနိုင်ငံ Central European University (CEU) ရဲ့ အထောက်အပံ့နဲ့ ၂၀၁၉ ခုနှစ် မေလအတွင်း ရေးဆွဲခဲ့ပြီး ဖြစ်ပါတယ်။ ရေပညာရပ်ဆိုင်ရာ ဘွဲ့ကြိုသင်တန်းအတွက် NUFFIC (နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် နယ်သာလန်တက္ကသိုလ်များအဖွဲ့အစည်း)ရဲ့ Orange Knowledge Program က ပံ့ပိုးမှုနဲ့ နယ်သာလန်နိုင်ငံ UV University Amsterdam က ရေပညာရှင်များနဲ့ ပူးပေါင်းပြီး Labour Market Needs Assessment ကို ဆောင်ရွက်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ ရလဒ်အပေါ်မူတည်ပြီး လိုအပ်ချက်နဲ့ ကိုက်ညီအောင် သင်ရိုးညွှန်းတမ်းကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ပြီး နိုင်ငံ တကာအဆင့်မီ ရေးဆွဲခဲ့ပါတယ်။
နိုင်ငံတကာမှကျွမ်းကျင်ပညာရှင်တွေထဲမှာ အမေ ရိကန်နိုင်ငံ Northern Illinois University, Colorado State University၊ နယ်သာလန်နိုင်ငံ VU University Amsterdam၊ ဆွီဒင်နိုင်ငံ Lund University တို့မှ မြေအောက်ရေ နဲ့ ရေအရည်အသွေးကျွမ်းကျင်ပညာရှင်၊ မြစ်ချောင်းနဲ့ ရေဝေရေလဲ စီမံခန့်ခွဲမှုပညာရှင်၊ ရာသီ ဥတုပြောင်းလဲခြင်းနဲ့ ရေသယံဇာတ ဘေးအန္တရာယ် လျှော့ချခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ ရေအရင်း အမြစ်စီမံခန့်ခွဲမှု ကျွမ်းကျင်ပညာရှင်များ ပါဝင်ခဲ့ပါတယ်။
ငါးလုပ်ငန်းပညာဘာသာရပ် (Fisheries and Aquaculture) ကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖွင့် လှစ်ခဲ့ပါတယ်။ ငါးလုပ်ငန်းကဏ္ဍဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာ ဖူလုံရေးကဏ္ဍနဲ့ နိုင်ငံခြားဝင်ငွေကို သတ္တမ မြောက် အများဆုံးရှာဖွေပေးနိုင်တဲ့ကဏ္ဍဖြစ်တဲ့အတွက် ဒီကဏ္ဍကို နည်းပညာအသုံးချမှုများဖြင့် ပိုမိုဖွံဖြိုးစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ငါးလုပ်ငန်းပညာ ဘာသာရပ်မှ ဆရာ/ဆရာမများနဲ့ ကျောင်းသားကျောင်းသူ များဟာ University-Industry partnership ဖွံ့ဖြိုးတိုး တက်စေဖို့ Industry မှ လိုအပ်တဲ့ အတတ်ပညာကျွမ်း ကျင်တဲ့ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးခြင်း၊ အသုံးချသုတေသနများ ပြုလုပ်ပြီး ရေလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေဖို့အတွက် နည်းပညာမျှဝေခြင်း၊ အကြံပေး ခြင်းများ ပြုလုပ်ပေးလျက် ရှိပါတယ်။
နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်တွေက ငါးလုပ်ငန်းပညာဘာသာရပ် သင်ရိုးညွှန်းတမ်းများ နိုင်ငံ တကာအဆင့်မီစေရေးနဲ့ အဆင့်မြင့်သုတေသနများ ဆောင်ရွက်နိုင်ရေးတို့မှာ စဉ်ဆက်မပြတ် ကူညီခဲ့ကြပါ တယ်။ The German Agency for Internal cooperation (GIZ)နဲ့ European Union ရဲ့ Myanmar Sustainable Aquaculture project (MSAP) မှ အမေရိကန်ဒေါ်လာ ငါးသိန်းခန့်တန်ဖိုးရှိတဲ့ ဓာတ်ခွဲခန်းများ၊ အမေရိကန် နိုင်ငံ တကာဖွံ့ဖြိုးမှုအေဂျင်စီ USAID က အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ သိန်းတန်ဖိုးရှိ ဓာတ်ခွဲခန်းပစ္စည်းများ လှူဒါန်းခဲ့ ပါတယ်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ကလည်း Com-puter Lab တည်ဆောက်ပေးခဲ့ပါတယ်။ အခြားသော ပြည်တွင်းငါးလုပ်ငန်းအဖွဲ့များကလည်း သုတေသန လုပ်ငန်းအတွက် လိုအပ်တဲ့ပံ့ပိုးမှုများပြုလုပ်ပြီး Private-Public Partnership များ ထူထောင်လုပ်ကိုင်လျက် ရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဟာ ASEAN Fisheries Education Network (ASEAN - FEN) အဖွဲ့ဝင် တက္ကသိုလ်ဖြစ်တဲ့အတွက် အာဆီယံတက္ကသိုလ်အတွင်းရှိ ငါးလုပ်ငန်းပညာ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ များအကြား ဖလှယ်ခြင်းအစီအစဉ်များနဲ့ သုတေသန ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပါတယ်။ တိုင်းရင်းသားပညာ Nationalities Studies အနေနဲ့ ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် ဦးတည်ချက် ငါးရပ်ထဲမှာ "ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူပြု စေရန်” ရည်ရွယ်ပြီး တိုင်းရင်းသားရေးရာကို လေ့လာမယ့် တိုင်းရင်းသားပညာကို တိုးမြှင့်သင်ကြားနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။
သုတေသနနဲ့ ဆန်းသစ်တီထွင်မှုဗဟိုဌာန (CRI) တည်ထောင်ခြင်းမှာ ပညာရေး၀န်ကြီးဌာနရဲ့ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (National Education Strategic Plan - NESP) (၂၀၁၆-၂၁) အခန်း (၁၂)၊ မဟာ ဗျူဟာ (၂)၊ အပိုင်း (၁) ကို အကောင်အထည်ဖော်ဖို့ ရန်ကုန်တက္ကသိုလ်မှာ သုတေသနနဲ့ ဆန်းသစ်တီထွင်မှု ဗဟိုဌာန (Centre for Research and Innovation - CRI) တည် ထောင်ဖို့ စီစဉ်လျက်ရှိပါတယ်။ ရန်ကုန်တက္ကသိုလ် CRI တည်ထောင်ရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့- (၁) ၂၁ ရာစု စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် တက္ကသိုလ်၏ ဘွဲ့အစီအစဉ်များတွင် စဉ်ဆက် မပြတ်အသုံးချသင်ယူခြင်း၊ သုတေသနနှင့် ဆန်းသစ်တီထွင် ယဉ်ကျေးမှုခေတ်စားလာစေရန် (၂) သင်ရိုးညွှန်းတမ်းများ တိုးတက်ကောင်းမွန်ပြီး စက်မှုလုပ်ငန်းအခြေပြုသင်ယူမှု အခွင့်အလမ်းများ ရရှိစေနိုင်ရန်အတွက် တက္ကသိုလ်နှင့် စက်မှုလုပ်ငန်းများအကြား ပုံမှန်ချိတ်ဆက်မှု အားကောင်း လာစေရန် (၃) လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတားအဆီးများ၊ စိန်ခေါ်မှုများကို ဖြေရှင်းပေးနိုင်မည့် ဆန်းသစ်တီထွင်နိုင်မှုနှင့် အထောက်အထားအခြေပြုရလဒ် ကောင်းများရရှိရန် အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပစက်မှုလုပ်ငန်းများအကြား မိတ်ဖက်ဆောင်ရွက်ခြင်း ဖွံ့ဖြိုးလာစေရန်တို့ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံအစိုးရက ထောက်ပံ့တဲ့လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုရန်ပုံငွေ (Capacity Development Fund-CDF) နဲ့ "Feasibility Study for CRI Establish- ment" လုပ်ငန်းဆောင်ရွက်ဖို့ ပညာရေးဝန်ကြီးဌာနကို ခွင့်ပြုချက်တောင်းခံပြီး စိတ်ဝင်စားတဲ့ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများကို အဆိုပြုလွှာများ တင်သွင်းဖို့ ဖိတ် ခေါ်ခဲ့ပါတယ်။ စကားဝါဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိ တက်က "Design of School-Industry Partnership SIP TOR and Feasibility Study to establish Centre for Research and Innovation" လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ စတင်ဆောင်ရွက်ခွင့်ရရှိပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှာ ပြီးစီးမှာ ဖြစ်ပါတယ်။
Feasibility study နဲ့ ပတ်သက်တဲ့ အသေးစိတ် အစီ ရင်ခံစာကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမှာ ဖြစ်ပါ တယ်။ ပညာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရရှိရင် လာမယ့် ၂၀၂၁ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်၊ Centre for Research and Innovation (CRI) ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်မှန်းပါတယ်။ CRI ကို အင်းလျားလမ်းမှာရှိတဲ့ လက်ရှိတည်ဆောက်ပြီး လိုအပ် ချက်တွေနဲ့ လိုက်ဖက်မှုရှိတဲ့ ခြောက်ထပ် အဆောက်အအုံ မှာ ထားရှိဖို့ လျာထားပြီးဖြစ်ပါတယ်။ ဘာသာရပ်ဌာန အသစ်နှစ်ခုဖြစ်တဲ့ ငါးလုပ်ငန်းပညာဘာသာရပ်နဲ့ ရေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာပညာဌာနကို CRI Building မှာ ထား ရှိပါတယ်။ CRI အတွက် အစည်းအဝေးခန်းများ၊ ရုံးခန်း များ၊ သင်ကြားရေးဌာနများမှ Common/Research Focus/Project Laboratories များကိုလည်း နေရာ ချထားပြီးဖြစ်ပါတယ်။
နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ Inter- national Cooperation Office (ICO) ကို ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပြီး လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး) က ဦးဆောင်ပြီး သင်ကြားရေးဌာနများမှ ဆရာ ဆရာမ (၈) ဦးက အချိန်ပိုင်းတာဝန်ယူဆောင်ရွက်နေပါတယ်။ အင်္ဂလန် နိုင်ငံ University of Warwick မှ James Kennedy က ICO မှာ အချိန်ပိုင်း Internationalization advisor အဖြစ် တာဝန်ယူပြီး ICO အဖွဲ့ဝင်တွေကို တက္ကသိုလ် ဝက်ဆိုက်ဘ် ဖန်တီးခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ အီးမေးလ်များ စနစ်တကျ လက်ခံ သိမ်းဆည်းခြင်း၊ MoU တွေကို စစ်ဆေးခြင်းစတဲ့ အခြေခံကျွမ်းကျင်မှု သင်တန်းများ ပေးခဲ့ပါတယ်။ ယခု အချိန်မှာ James Kennedy ရဲ့ ကူညီမှုနဲ့ သုတေသီများရဲ့ သုတေသနတွေ၊ စာတမ်းတွေ သတင်းအချက်အလက် စုံလင်၍ လွယ်ကူစွာ အသုံးပြုနိုင်တဲ့ ရန်ကုန်တက္ကသိုလ် ဝက်ဆိုဘ် တည်ဆောက်ထားပြီးဖြစ်ပါတယ်။ ICO ဟာ သုတေသီတွေနဲ့ ကျောင်းသား ကျောင်းသူတွေကို Interna-tionalization ကိစ္စရပ်တွေမှာ ကူညီပံ့ပိုးပေးမှုအပြင် ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာမျက်နှာစာမှာ ပိုမို သိမြင်လာစေဖို့ ကြိုးစားဆောင်ရွက်တဲ့ လုပ်ငန်းစဉ်မှာလည်း အရေးပါတဲ့အခန်းကနေ ပါဝင်ပါတယ်။
တက္ကသိုလ်တစ်ခုရဲ့ အောင်မြင်မှုဟာ နိုင်ငံတကာ မိတ်ဖက်များနဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက် ခြင်းမှာ အားထည့်ဆောင်ရွက်နိုင်စွမ်းအပေါ် မူတည်နေပါ တယ်။ သာမန်ကာလျှံကာ ပူးပေါင်းဆောင်ရွက်ခြင်းဟာ အောင်မြင်မှုကိုရဖို ခက်ခဲပါတယ်။ ဒါကြောင့် ရန်ကုန် တက္ကသိုလ်ဟာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်းကို အထူးအလေးပေး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအသိ အမှတ်ပြုသော၊ ဂုဏ်ဆောင်တက္ကသိုလ် (Myanmar’s Flagship University) တစ်ခုအဖြစ် ရပ်တည်နိုင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားလိုပါ တယ်။
မေး ။ ။ အခြားဖြည့်စွက် ပြောကြားလိုတာများ ရှိရင် ပြော ပေးပါအုံး ဆရာကြီးရှင့်။
ဖြေ ။ ။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်မှာ မွေးဖွားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ
၁ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်ပြီး ဒုတိယရာစု နှစ်များအတွင်းသို့ ချင်းနင်းဝင်ရောက်တော့မှာ ဖြစ်ပါတယ်။ ပထမရာစုနှစ်များအတွင်း တက္ကသိုလ်ရဲ့ အောင်မြင်မှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ စီမံကိန်းများ၊ လုပ်ငန်းစဉ်များနဲ့ ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်များကို တက္ကသိုလ်ကိုယ်စား ပါမောက္ခချုပ်အနေဖြင့် တက္ကသိုလ်ရဲ့ ရာပြည့်မွေးနေ့အခါသမယမှာ စုစည်းမှတ်တမ်းတင် ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
ပထမရာစုအတွင်း ရန်ကုန်တက္ကသိုလ်ဖြတ်သန်းခဲ့တဲ့ သမိုင်းကြောင်းကို ပြန်လည်သုံးသပ်ကြည့်မိပါတယ်။ အမိတက္ကသိုလ်ဟာ ကျွန်တော်တို့ကို အကောင်းဆုံးပုံဖော် ခဲ့ပြီး ကျွန်တော်တို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ လေးနက်တဲ့ လွှမ်းမိုးမှုတွေရှိနေဆဲဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့ရတွေကနေ ကမ္ဘာကို ယူဆောင်ပြသနေတဲ့ ဗဟုသုတ ကြွယ်ဝမှု၊ အတွေ့အကြုံအလေ့အကျင့်ကောင်းရှိမှုနဲ့ ကိုယ်ကျင့်သိက္ခာပြည့်ဝမှုများဟာ ရန်ကုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို သက်သေခံလျက်ရှိပါတယ်။
သူတို့ရဲ့ ရည်မှန်းချက်ကြီးမားမှုနဲ့ ထူးချွန်ထက် မြက်မှုကို မိခင်တက္ကသိုလ်မှ အမြဲဂုဏ်ယူလျက်ရှိပါတယ်။ တက္ကသိုလ်ဟာ သူတို့ပညာသင်နေစဉ်ကာလမှာ သူတို့ ဘဝတိုးတက်အောင်မြင်မှုအတွက် အကောင်းဆုံး ပုံသွင်း မှုများ၊ စိတ်ဓာတ်တက်ကြွမှုများ၊ စိတ်ခွန်အားရှိမှုများ အတွက် အာမခံပေးပြီး၊ သူတို့ရွေးချယ်လျှောက်လှမ်းမယ့် အနာဂတ် ခရီးမှာ ကျရောက်လာမယ့်တာဝန်နဲ့ စိန်ခေါ်မှု များအတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။
လူသားစွမ်းဆောင်ရည်နဲ့ အတတ်ပညာဆိုင်ရာ အောင်မြင်မှုများကို ရန်ကုန်တက္ကသိုလ်ကနေ မြန်မာ့၊ ကမ္ဘာ့ခေါင်းဆောင်မျိုးဆက်များ မွေးထုတ်ပေးနိုင်မှုစံနဲ့ တိုင်းတာကြည့်နိုင်ပါတယ်။ တက္ကသိုလ်ရဲ့ ထိုကောင်း မြတ်သော အမွေအနှစ်၊ အစဉ်အလာတွေကို ဂုဏ်ယူစွာ ဆက်ခံရင်း ရေရှည်တည်တံ့စေဖို့ ထိန်းသိမ်းလျက် ၂၁ ရာစု ခရီးကို ဆက်လက်ချီတက်ရမှာ ဖြစ်ပါတယ်။
သင်ကြားသင်ယူခြင်း၊ သုတေသနနဲ့ ပညာရေးဝန် ဆောင်မှုပေးခြင်းဆိုတဲ့ တက္ကသိုလ်ရဲ့ အဓိက တာဝန် (၃) ရပ်ကို ပြည့်ဝစွာဆောင်ရွက်နိုင်တဲ့ မြန်မာနိုင်ငံ့ဂုဏ် ဆောင်တက္ကသိုလ် ဖြစ်လာစေဖို့ ရည်ရွယ်ပြီး မကြာမီ ကာလမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရ တက္ကသိုလ်အဖြစ် အကောင်းဆုံး ဆောင်ရွက်နိုင်ဖို့ ရန်ကုန်တက္ကသိုလ် ဘက် စုံပြုပြင်မွန်းမံအဆင့်မြှင့်တင်ရေးမဟာစီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၀- တက္ကသိုလ်ရာပြည့်အချိန်မှာ ဒီအသွင်ပြောင်း လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းများ ပြီးစီးပြီး နောင်လာမယ့် ရာစုနှစ်အသစ်မှာ အပြောင်းအလဲများ အမြစ်တွယ်ပြီး ဘက်စုံအရည်အသွေးတိုးတက်မှုတွေ၊ ရေရှည်တည်တံ့မှုတွေ ဆက်လက်ဖြစ်ထွန်းစေဖို့ ဆောင်ရွက်ရပါမယ်။
ဒီတာဝန်ကိုဆောင်ရွက်ဖို့ ရန်ကုန်တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူ များ အဖွဲ့အစည်းတစ်ခုလုံးရဲ့ ထူးချွန်ပြောင်မြောက်မှုနဲ့ လုပ်ပိုင်ခွင့်အပြည့်အဝအသုံးချနိုင်မှုတို့အပေါ် အခြေပြု ရမှာ ဖြစ်ပါတယ်။ စီမံကိန်းတွေကို အကောင်အထည်ဖော် ရာမှာ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ ရရှိလာမယ့် အောင် မြင်မှုအတွက် ဂုဏ်ယူပီတိဖြစ်မှုကို မျှဝေခံစားနိုင်ဖို့ ဖိတ် ခေါ်ပါတယ်။
ဒုတိယရာစုနှစ်တက္ကသိုလ်ရဲ့ မျှော်မှန်းချက်မှာ လိုက် လျောညီထွေ အဖြစ်ဆုံး၊ ဆန်းသစ် တီထွင်သုတေသန များမှတစ်ဆင့် နိုင်ငံ့လူမှု စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊ အနာဂတ်လူငယ်များအား ပညာ ရေးစွမ်းဆောင်ရည်နဲ့ စစ်မှန်တဲ့ အတွေးအခေါ်များ ရှိလာ စေဖို့ ပြုစုပျိုးထောင်ပေးရန်ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပတက္ကသိုလ်များ၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်း များ၊ စက်မှုလုပ်ငန်းများနဲ့ ချိတ်ဆက်မှု အားကောင်း လာအောင် လမ်းသစ်များခင်းပေးရပါမယ်။ ဦးစားပေးအစီ အစဉ်အနေနဲ့ ပေါ်လစီများ ချမှတ်ခြင်း၊ ဒီမိုကရေစီ အုပ် ချုပ်ရေး၊ ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်မှုနဲ့ ငြိမ်းချမ်းရေး တည် ဆောက်ခြင်း၊ သယံဇာတအရင်းအမြစ်များ ထိရောက်စွာ အသုံးပြုခြင်းစတဲ့ နယ်ပယ်တွေမှာ ခေတ်မီအဆင့်မြင့် သုတေသနနဲ့ သင်တန်းများပေးနိုင်ရန်နဲ့ ရေရှည် တည် တံ့ပြီး ဆန်းသစ်ခေတ်မီတဲ့ ဖြေရှင်းနည်းများနဲ့ အဖြေများ ကို ထုတ်ပေးနိုင်ရန် လူ့စွမ်းအား အရင်းအမြစ်များ ပြုစု ပျိုးထောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်ခဲ့တဲ့ သမိုင်းဝင်နေရာ တစ်ခုဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်နယ်မြေဟာ ယဉ်ကျေးမှုဓလေ့နောက်ခံမတူ သော လူငယ်လူရွယ်များအတွက် သက်ဆိုင်ရာ သူတို့ အဖွဲ့အစည်းများရဲ့ ချန်ပီယံများဖြစ်လာစေရန် ပြုစု ပျိုးထောင်ပေးနေတဲ့ လှုပ်ရှားသက်ဝင်နေရာတစ်ခုအဖြစ် တစ်ဖန်ပြန်လည် ဖြစ်တည်လာပါလိမ့်မယ်။
ဒီရာပြည့်သဘင်ဆင်နွှဲချိန်အခါမှာ အမိတက္ကသိုလ်ရဲ့ ပထမရာစုအောင်မြင်မှုများကို မှတ်တမ်းတင် ဂုဏ်ပြု လျက် ပိုမိုမြင့်မားသော မျှော်လင့်ချက်များဖြင့် ဒုတိယရာစုကို ကြိုဆိုလိုက်ရပါကြောင်း ပြောကြား လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။ ။

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာဖိုးကောင်း၏ ကိုယ်‌ရေးအချက်အလက်
--------------------------------------------------------------------

- ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ်မှ ယနေ့အထိ တာဝန်ထမ်းဆောင်လျက် ရှိပြီး ရန်ကုန်တက္ကသိုလ်၏ (၁၆) ဦးမြောက် ပါမောက္ခချုပ်ဖြစ်သည်။
- ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာပင် ဒုတိယ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
- ရူပဗေဒ ပါမောက္ခတစ်ဦးအဖြစ် ၂၀၀၇ ခုနှစ်တွင် ရာထူးတိုးခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်၊ တက္ကသိုလ်များသိပ္ပံသုတေသနဌာနတွင် ဌာနမှူး အဖြစ် သိပ္ပံဘာသာရပ် နယ်ပယ်အစုံမှ သုတေသီ များကို ဦးဆောင်၍ တက္ကသိုလ်များ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွား လုပ်ငန်းအဖွဲ့ အစည်းများ၏ လိုအပ်သော သုတေသနတိုင်းတာ မှုများကို ဆောင်ရွက်ခဲ့သည်။
- ယင်းမတိုင်မီ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန တွင် ၂၃ နှစ်တိုင်တိုင် သင်ကြားရေးနှင့် သုတေသနကို ပူးတွဲ၍ စွမ်းစွမ်းတမံ ဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
- ၁၉၇၇ ခုနှစ်တွင် အခြေခံပညာအထက်တန်းကို အထက(၁) လမ်းမတော် ရန်ကုန်မြို့မှ အောင်မြင်ခဲ့ပြီး သိပ္ပံဂုဏ်ထူးဘွဲ့ (ရူပဗေဒ)ကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း၊ မဟာသိပ္ပံ ဘွဲ့(ရူပဗေဒ)ကို ၁၉၈၆ ခုနှစ်တွင်လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။
- ပါရဂူဘွဲ့(ရူပဗေဒ) ကို ဂျပန်နိုင်ငံ ဟော့ကိုင်း ဒိုးတက္ကသိုလ်မှ ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့သည်။
- ကွန်ပျူတာသိပ္ပံ၊ ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာ ရပ် အထူးပြု ပါရဂူဘွဲ့၊ မဟာသုတေသနဘွဲ့၊ မဟာဘွဲ့ကျမ်းပေါင်း ၂၀၀ ကျော်ကို ကြီးကြပ် ခဲ့သည်။ ပြည်တွင်း၊ ပြည်ပ သုတေသနဂျာနယ် များတွင် သုတေသနစာတမ်းပေါင်း ၅၀ ကျော် ထုတ်ဝေခဲ့သည်။
- ၂၀၀၉ ခုနှစ်တွင် အာဆီယံတက္ကသိုလ်များ ကွန်ရက် (မလေးရှား၊ ဂျပန်၊ မြန်မာ) ပူးတွဲ သုတေသနဖြင့် မလေးရှားနိုင်ငံ Malaysian Invention and Design Society မှ ချီးမြှင့်သော ရွှေတံဆိပ်ဆု (ITEX GOLD MEDAL 2019) ကို ရရှိခဲ့သည်။
- ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံပညာ ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းကျင်းပ သည့် ဗြိတိသျှကောင်စီ ကမ္ဘာ့ပညာရေးအပြန် အလှန် ဆွေးနွေးခြင်းကတွင် “မြန်မာ့သုတေ သနမဟာဗျူဟာ” အကြောင်း ပါဝင်ဟောပြော ခဲ့သည်။
- ၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ Midwest University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အင်္ဂလန်နိုင်ငံ Institute of Physics ၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပြီး ရူပဗေဒဘာသာရပ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။