ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် ရာပြည့်တက္ကသိုလ်

အယ်ဒီတာ့အာဘော်

============

 

ဂုဏ်ယူဝင့်ကြွားခဲ့ရသည့် ရာပြည့်တက္ကသိုလ်

===========================

 

ယခု ၂၀၂၀ ပြည့်နှစ်သည် ရန်ကုန်တက္ကသိုလ်ကြီးအတွက် လေးစားဂုဏ်ယူ မြတ်နိုးဖွယ်ရာ ရာပြည့်ကာလဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ရန်ကုန်တက္ကသိုလ်ကြီး နှစ် ၁၀၀ သက်တမ်းပြည့်တော့မည် ဖြစ် သည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကာလ နီးကပ်လာပြီ ဖြစ်၍ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာတက္ကသိုလ်ကြီးနှင့် ဆက်နွှယ် ပတ်သက်ခဲ့ကြသူများ၊ ပညာသင်ကြားပေးခဲ့ကြသည့်ဆရာ ဆရာမကြီးများ၊ ပညာရည်နို့သောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူဟောင်းများက လက်လှမ်းမီသရွေ့၊ တတ်နိုင်သရွေ့ ဝိုင်းဝန်းဂုဏ်ပြုချီးမြှင့်ပေးကြရမည် ဖြစ်သည်။

 

ရန်ကုန်တက္ကသိုလ်ကြီး စတင်ပေါ်ထွန်းချိန်မှစ၍ လွတ်လပ်ရေးရရှိပြီး နောက် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း တက္ကသိုလ်ကြီး၏ ဂုဏ်ယူ ဖွယ်ရာ သမိုင်းကြောင်းအစဉ်အလာများမှာ မမေ့နိုင်စရာများဖြစ်သည်။ တက္ကသိုလ်ကြီးသည် ဖြတ်သန်းခဲ့သည့် မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းများနှင့် ပညာရေးလမ်းကြောင်းများ ပြောင်းလဲဖြစ်ပေါ်လာအောင် ကြိုးပမ်း အားထုတ်ခဲ့သည့် သမိုင်းမှတ်တိုင်များ အထင်အရှားရှိခဲ့ပါသည်။ တက္ကသိုလ် ကြီးသည် အဆင့်မြင့်ပညာများကို လေ့လာဆည်းပူးတတ်မြောက်ရေး သက်သက်သာမဟုတ်ဘဲ မိမိတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ် မြော်မြင်မှုစွမ်းရည်များ မြင့်မားတိုးတက်လာရေး၊ တိုင်းပြည်နှင့် လူမျိုးအကျိုး အစွမ်းကုန်သယ်ပိုးထမ်းဆောင်နိုင်ရေးအတွက်ပါ ထိရောက်စွာထောက်ပံ့ ပေးနိုင်ခဲ့သည်။

 

ထိုသို့ဂုဏ်ယူဖွယ်ရာကောင်းသော၊ ထင်ရှားထူးချွန်ပြောင်မြောက်သော၊ မြန်မာ့သမိုင်းကြောင်းကို ဖန်တီးပေးနိုင်ခဲ့သော၊ ထူးချွန်ထက်မြက်သော သားကောင်းရတနာများကို မွေးထုတ်ပေးနိုင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီး ၏ နှစ် ၁၀၀ ပြည့်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုပေးကြရမည် ဖြစ်သည်။ ထူးခြားထင်ရှားသော ဂုဏ်ယူဖွယ်ရာများနှင့်ပြည့်စုံသဖြင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်နေ့ ကျင်းပရေးအပြင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့အထိ ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ်ကို တစ်နှစ်ပတ်လုံးကျင်းပရန် နိုင်ငံတော်က စီစဉ်ပေးခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ်ကြီး၏ ဖြစ်တည် သည်မှစ၍ သမိုင်းကြောင်းအစဉ်အလာ အချက်အလက်များသည် စိတ်ဝင်စား စရာများဖြစ်ပေသည်။ ရန်ကုန်တက္ကသိုလ်ကြီးသည် စတင်ဖြစ်တည်ပြီးနောက် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအတွက် အမျိုးသားရေးစိတ်ဓာတ်များ သန္ဓေ တည်ရာ၊ လွတ်လပ်ရေးရရှိရေးအတွက် အားမာန်များ နိုးကြားထက်သန်ရာ ဘူမိနက်သန် အောင်မြေအမှန်ဖြစ်ခဲ့သည်။ အတိတ်တစ်ချိန် လွတ်လပ်ရေး ရပြီးနောက်ပိုင်းကာလက အရှေ့တောင်အာရှတွင်လည်းကောင်း၊ အာရှတွင် လည်းကောင်း ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ရာ ရပ်တည်နိုင်ခဲ့သည့် သမိုင်းမှတ်တိုင်များရှိခဲ့သည်။

 

ရန်ကုန်တက္ကသိုလ်ကြီး၏ ဖြစ်တည်ပြောင်းလဲဖြစ်ပေါ်လာမှုများကို နှစ် ၁၀၀ ပြည့်သမိုင်းကြောင်းကာလအတွင်း ခေတ်ကာလအလိုက် ပြန်လည် ထုဆစ်ပိုင်းခြားလေ့လာကြည့်လျှင် အောင်မြင်မှု၊ တိုးတက်မှု၊ ပြောင်းလဲမှု၊ ဆုတ်ယုတ်မှုများကို အထင်အရှားမြင်တွေ့နိုင်မည်ဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး တစ်ခုတည်းသော ဂုဏ်ယူဖွယ်ရာ တက္ကသိုလ်ဖြစ်သည့် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကာလနှင့် တိုက်ဆိုင် လေသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံး မှာရှိသည့်တက္ကသိုလ်များအားလုံး၏ တိုးတက်ရာတိုးတက်ကြောင်းများကို တက္ကသိုလ်နှင့်ဆက်နွှယ်ပတ်သက် တာဝန်ရှိသူများအားလုံးတို့က တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကြီးကဲ့သို့ တိုးတက်ဖြစ်ထွန်းလာစေရန် တဖြည်းဖြည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် သမိုင်းကြောင်းဆိုင်ရာ အထိမ်းအမှတ်များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွား နေဆဲကာလ ရောဂါဆိုင်ရာကန့်သတ်ချက်များအရ စည်ကားသိုက်မြိုက်စွာ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပနိုင်ခြင်းမရှိသော်လည်း ပုံနှိပ်စာမျက်နှာများမှလည်းကောင်း၊ အွန်လိုင်းမျက်နှာစာများမှလည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ဂုဏ်ပြုပေးကြရမည် ဖြစ်သည်။ ကိုဗစ်အလွန်ကာလတွင် ရန်ကုန် တက္ကသိုလ်ကြီးကို ခမ်းခမ်းနားနား စည်စည်ကားကား ဂုဏ်ပြုပေးကြဦးမည် ဖြစ်သည်။ မျိုးဆက်သစ်တက္ကသိုလ်ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ များအနေဖြင့် အတိတ်တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကြီး၏ လေးစားဂုဏ်ယူ ဖွယ်ရာများကို အတုယူအားကျပြီး ပြုပြင်ပြောင်းလဲကြိုးပမ်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ ။