
ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်း နှင့် ပရီမီယာလိဂ်ကလပ် အဲဗာတန် အသင်းတို့၏ အက်ဖ်အေဖလား တတိယ အဆင့်ပွဲစဉ်ကို ဇန်နဝါရီ ၉ ရက် နံနက် ပိုင်းက ဟားလ်အိမ်ကွင်း၌ အကြိတ် အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန် အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။
ယခုပွဲစဉ်တွင် သာမန်ပွဲကစားချိန် အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေကျနေ၍ အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရပြီး အချိန်ပိုတွင် အဲဗာတန်ကစားသမား တောင်းဆန့်က ဂိုးသွင်းယူနိုင်ခဲ့သော ကြောင့် အဲဗာတန်အသင်းက သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိကာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဟားလ်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့် ပွဲစသည်နှင့် တစ်ပြိုင်နက် အကြိတ်အနယ်ရှိခဲ့ပြီး ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည်။ ဦးဆောင် ဂိုးကို ဟားလ်အသင်းက ပွဲချိန်တစ်မိနစ် တွင်ပင်ရရှိခဲ့ပြီး စမစ်က သွင်းယူပေးနိုင် ခဲ့သည်။ ထို့နောက်တွင် အဲဗာတန်အသင်း ချေပဂိုးရရှိရေးကြိုးစားလာခဲ့ပြီး ပွဲချိန် ၂၁ မိနစ်တွင် ဂရေးက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် အဲဗာတန်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး ဂိုမက်စ်က သွင်းယူ ပေးနိုင်ခဲ့သည့်အတွက် ပထမပိုင်းကို အဲဗာတန်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ဟားလ်အသင်း ကစားအားတက်လာပြီး ပွဲချိန် ၇၁ မိနစ် တွင် ချေပဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် တစ်ဖက်နှင့်တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ သာမန်ပွဲကစား ချိန်ပြည့်သည်အထိ တစ်ဖက် နှစ်ဂိုးစီ သရေကျနေ၍ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ရသည်။ အချိန်ပိုပွဲကစား ချိန် ၉၉ မိနစ်အရောက်တွင် အဲဗာတန် အသင်းအတွက် အနိုင်သေချာစေမည့် တတိယမြောက်ဂိုးကို တောင်းဆန့်က သွင်းယူပေးနိုင်ခဲ့သည်။
ဟားလ်အသင်းသည် ယခုပွဲစဉ်တွင် ပြိုင်ဘက်အဲဗာတန်အသင်းကို ခြေရည် တူ ကစားနိုင်ခဲ့သော်လည်း အဆုံးသတ် ပိုင်း အားနည်းချက်ရှိနေသည့်အတွက် နိုင်ပွဲရလဒ်နှင့်ဝေးကွာခဲ့ရပြီး ယခုနှစ် ရာသီ အက်ဖ်အေဖလားပြိုင်ပွဲကို တတိယ အဆင့်မှ နှုတ်ဆက်ထွက်ခွာသွားခဲ့ရပြီ ဖြစ်သည်။
အခြားသော အက်ဖ်အေဖလား တတိယအဆင့် နာမည်ကြီး ပွဲစဉ်ရလဒ် များတွင် လက်စတာက ဝက်ဖို့ဒ်ကို လေးဂိုး-တစ်ဂိုး၊ ဘရိုက်တန်က ဝက်စ် ဘရွန်းကို နှစ်ဂိုး-တစ်ဂိုး၊ ချယ်ဆီးက ချက်စတာဖီးလ်ကို ငါးဂိုး-တစ်ဂိုး၊ ဆောက်သမ်တန်က ဆွမ်ဆီးအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဘန်လေ အသင်းက ဟက်ဒါဖီးလ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို နယူး ကာဆယ်အသင်းကလည်း ကမ်းဘရစ် အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ သည်။
အောင်ဇော်