
ကေကေစိုး
ကိုဗစ်- ၁၉ ကာလ အမေရိကန် ဖျော်ဖြေရေး လောကတွင် လှုပ်ရှားမှုများရပ်တန့်ထားရပြီး ကူးစက်မှုများငြိမ်သက်လာသည့်အခါ အင်တိုက် အားတိုက်ဖြင့် ဖျော်ဖြေရေးလုပ်ငန်းများ ပြန်လည် စတင်ရန် မျှော်လင့်ထားကြသည်။
ပွဲတော်ကြီးများဖျက်သိမ်းလာရ
သို့သော်လည်း ကိုဗစ် -၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုများကြောင့် အဆိုပါမျှော်လင့်ချက်များ မှာ သဲထဲရေသွန်ဖြစ်ခဲ့ရသည်။ အမေရိကန်၌ အိုမီခရွန်ကူးစက်မှု များပြားလာသည့်အတွက် အဓိက ဟောလိဝုဒ်ပွဲကြီးများကို ဖျက်သိမ်းမှုများနှင့် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ရသည်။
သေသေချာချာစိစစ်ပြီးနောက် လက်ရှိ ကိုဗစ်- ၁၉ ကူးစက်မှုများကြောင့် ၂၀၂၂ ခုနှစ်တွင် ကျင်းပ မည့် ရုပ်ရှင်ပွဲတော်ကို ကျင်းပနိုင်ခြင်းမရှိတော့ဟု Palm Spring အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် ကျင်းပရေးပွဲစီစဉ်သူများက ဒီဇင်ဘာ ၂၉ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါရုပ်ရှင်ပွဲတော်ကို ပုံမှန်အားဖြင့် ဇန်န ဝါရီ ၇ ရက်တွင် ကျင်းပလေ့ရှိသည်။
နောက်ထပ်အခွင့်အရေးများရရှိဦးမည်
ရုပ်ရှင်ထုတ်လုပ်သူများ၊ ရုပ်ရှင်လောကသား များနှင့်ဝန်ထမ်းများ ကျန်းမာရေးကိုရှေးရှုကာ ယခုကဲ့သို့ ကျိုးကြောင်းဆီလျော်သည့် ဆုံးဖြတ်ချက် မျိုးချခဲ့ရခြင်းဖြစ်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက ဖော်ပြခဲ့သည်။ အခြားသောသူများကဲ့သို့ပင် ရုပ်ရှင် ကို ချစ်မြတ်နိုးကြောင်း၊ ယခုဖြစ်ရပ်ကြောင့် အချင်းချင်းပို၍နီးကပ်လာမည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ယခုရုပ်ရှင်ပွဲတော်ကို ရုပ်ရှင်လောကသားများ လူကိုယ်တိုင် ပွဲတက်ကျင်းပခွင့် မရသော်လည်း နောက်ထပ်အခွင့်အရေးများရရှိမည်ဟု ယုံကြည် ကြောင်း ပွဲစီစဉ်ကျင်းပသူများက ပြောသည်။
ဂီတပွဲတော်ကိုလည်းဖျက်သိမ်း
၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် အဆိုပါရုပ်ရှင် ပွဲတော်ကို ပြန်လည်ကျင်းပမည်ဟု ပွဲစီစဉ်သူများ က ပြောသည်။ ထင်ပေါ်ကျော်ကြားသည့် ဂီတ ပွဲတော်ဖြစ်သည့် Hamilton ပွဲကို ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပမည်ဟု ရည်ရွယ်ထားသော်လည်း ပွဲတော်ကိုဖျက်သိမ်းရန် ရည်ရွယ်ထားသည်ဟု ထုတ်လုပ်သူများက ပြောသည်။
အဆိုပါပွဲတော်ကို လော့စ်အိန်ဂျလိစ်ကောင်တီ၊ ဟောလိဝုဒ်တွင် ကျင်းပခြင်းဖြစ်သည်။ အဆိုပါ ပွဲတော်တွင် ဟစ်ဟော့ ၊ ဂျက်ဇ် ၊ အာအင်န်ဘီ အပါ အဝင် အခြားသော ဂီတအမျိုးအစားများကို တင်ပြ လေ့ရှိသည်။
တင်းကျပ်သည့်ကျန်းမာရေးဆိုင်ရာ စံချိန်စံနှုန်း များနှင့် ဆေးစစ်မှုများကိုပြုလုပ်ပြီး ကိုဗစ် - ၁၉ ကူးစက်မှုများများပြားလာသည်ကို တွေ့ရှိရကြောင်း ဂီတပွဲတော် ထုတ်လုပ်သူများက ပြောသည်။
ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့
လော့စ်အိန်ဂျလိစ်မြို့၌ နေ့စဉ်နေ့တိုင်း ရောဂါ ကူးစက်မှုများမှာ မြင့်မားလျက်ရှိပြီး အိုမီခရွန် ကူးစက်မှုများမှာလည်း ဆက်လက်မြင့်မားလျက် ရှိသည်။ လာမည့်သီတင်းပတ်များအတွင်း ပွဲ လက်မှတ်အတွက် ငွေကြေးပြန်အမ်းမှုများ ပြုလုပ် သွားမည်ဟု မျှော်လင့်ထားကြောင်း ပွဲထုတ်လုပ်သူ ဂျက်ဖရီဆယ်လာ က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဂီတပွဲတော်အတွက် အစီအစဉ်များကို ဇန်နဝါရီ ၂၆ ရက်တွင်ကျင်းပရန် စီစဉ်ထားခြင်းဖြစ် သည်။ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဝေဖန်သူများ ရွေးချယ်သည့် ဆုပေးပွဲကိုလည်း ဇန်နဝါရီ ၉ ရက် တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ် -၁၉ အခြေအနေများကြောင့် ပွဲကျင်းပမှုကိုရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပွဲကျင်းပရေးအဖွဲ့က ကြေညာခဲ့ သည်။
ကြိုးပမ်းလျက်ရှိ
အဆိုပါ ရုပ်ရှင်ဝေဖန်ရေးအဖွဲ့အစည်းမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့တွင် အဖွဲ့ ဝင် အများဆုံးပါဝင်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
အဖွဲ့ဝင်ပေါင်း ၅၀၀နီးပါးပါဝင်သည်။ (၂၇) ကြိမ် မြောက် ဝေဖန်သူများချီးမြှင့်သည့် ဆုပေးပွဲအခမ်း အနားကို အားလုံး၏ဆုံးဖြတ်ချက်ဖြင့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့အစည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ်ကောင်တီမှ ကျန်းမာရေး အရာရှိများနှင့်လည်း အမြဲတစေ ဆက်သွယ်မှု ရှိကြောင်း၊ သတင်းအချက်အလက်သစ်များကို အမြဲ ရရှိအောင် ကြိုးပမ်းနေကြောင်း၊ မကြာမီရောက်ရှိ တော့မည့် ဆုပေးပွဲရာသီတွင်လည်း လူတိုင်းလူတိုင်း ၏ကျန်းမာရေးကိုဂရုတစိုက်ဖြင့် လူကိုယ်တိုင်ပွဲတက်နိုင်ရေးကြိုးပမ်းနေကြောင်း အဖွဲ့အစည်းက ပြောသည်။
လုံခြုံစိတ်ချရရေးရှေးရှု
လူတိုင်းလူတိုင်း ဘေးကင်းစွာဖြင့်နေထိုင်နိုင်ရေးမှာအဓိက ဦးစားပေးပင်ဖြစ်သည်ဟု ပြောသည်။ အကယ်ဒမီဆုချီးမြှင့်ရေး ပွဲစီစဉ်သူများကလည်း ၎င်းတို့နှစ်စဉ်ကျင်းပမြဲဖြစ်သော အုပ်ချုပ်ရေး ဆုချီးမြှင့်ပွဲအခမ်းအနားကို ရွှေ့ဆိုင်းရန် ဆုံးဖြတ် ခဲ့ကြောင်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ကြေညာခဲ့သည်။
ကိုဗစ် - ၁၉ မျိုးကွဲများ၏ သက်ရောက်လာ သည့် သက်ရောက်မှုများကြောင့် ပွဲတက်လာမည့်ဧည့်သည်တော်များနှင့် အနုပညာရှင်များ၏ လုံခြုံ စိတ်ချရမှုကို ရှေးရှုကာ ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
လူဦးရေအထူထပ်ဆုံးဖြစ်
ဇန်နဝါရီလအတွင်း လော့စ်အိန်ဂျလိစ်တွင် ကျင်းပမည့် အခြားသော ရုပ်ရှင်နှင့် ဂီတပွဲတော် များကို ဖျက်သိမ်းထားကြောင်းလည်း ဟောလိဝုဒ် အသိုင်းအဝိုင်းက ပြောသည်။
လော့စ်အိန်ဂျလိစ်ကောင်တီမှာ အမေရိကန် ပြည်ထောင်စုနှင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေအထူထပ်ဆုံးကောင်တီဖြစ်ပြီး ဒီဇင်ဘာ ၂၉ ရက်တစ်ရက်တည်းတွင်ပင် နောက်ထပ်ကူးစက် ခံရသူ ၁၆၀၀၀ တွေ့ရှိခဲ့သည်။
ကူးစက်မှုငါးသန်းကျော်လွန်လာ
နေ့စဉ်ကူးစက်မှုများထဲမှ အများဆုံးနေ့ပင် ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်၌ ဒီဇင်ဘာ ၂၈ ရက်က ကိုဗစ် -၁၉ ကူးစက်ခံရသူ ငါးသန်း ကျော်လွန်သွားပြီး အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ် - ၁၉ ကူးစက်ခံရသူငါးသန်းကျော် သွားသည့် ပထမဆုံးပြည်နယ်လည်း ဖြစ်သည်။
လော့စ်အိန်ဂျလိစ်၌ တွေ့ရှိရသည့် ကူးစက် မှုများမှာ ဒယ်လ်တာနှင့်အိုမီခရွန် ကူးစက်မှုများ ဖြစ်သည်။ ။
ကိုးကား-ဆင်ဟွာ