ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ


 

နေပြည်တော် နိုဝင်ဘာ ၂၄


ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် Virtual အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အတွက် ယခု ၂၀၂၀ ပြည့်နှစ် စက်တင် ဘာ ၂၃ ရက်တွင် (၂၈)နှစ် ပြည့်မြောက် ခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၈) နှစ်ပြည့် အခမ်းအနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ထိန်းသိမ်းကာကွယ်ရန် ယခုကဲ့သို့ အွန်လိုင်းမှ စီစဉ်ကျင်းပခြင်း ဖြစ်ပါကြောင်း။
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ဒေသများအပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ခရီးသွား လုပ်ငန်းများတစ်ပြေးညီ ဖွံ့ဖြိုးရှင်သန် စေရေး၊ မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုး အသီးသီး၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုများကို အခြေခံပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထောက်အကူပြု နိုင်ရေး၊ ခရီးသွားလုပ်ငန်း၏ အသီး အပွင့်များကို ဒေသခံပြည်သူများ တိုက်ရိုက် ရရှိခံစားနိုင်ရေးအတွက် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း CBT ကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင် ရွက်ခဲ့ပါကြောင်း။
Decentralization ကို ဦးတည် ၍ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေကို ပြင်ဆင် ရေးဆွဲပြဋ္ဌာန်းကာ အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့်နှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ခရီးသွားလုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး လုပ်ပိုင်ခွင့် များ ခွဲဝေလွှဲပြောင်း စီမံခန့်ခွဲဆောင် ရွက်လျက်ရှိပါကြောင်း။
ယနေ့ခေတ်၌ တွင်တွင် ကျယ်ကျယ်အသုံးပြုလာသည့်သတင်း အချက်အလက်နှင့် နည်းပညာများကို အသုံးပြု၍ Digital Marketing စနစ်ဖြင့် ကမ္ဘာလှည့်ခရီးသည်များ အတွက် တိကျမှန်ကန်သော သတင်း အချက်အလက်များကို မြန်ဆန် စွာ ဖြန့်ချိပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ခဲ့ပြီး Responsive Website, Tourism Web Portal များ ထူထောင်ကာOn-line Tourism Promotion များကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိ ပါကြောင်း။
၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံး ခရီးသွားလုပ်ငန်းမှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည့်အတွက် ခရီးသွား မြှင့်တင်ရေးလုပ်ငန်းများ အစား ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုများ ကုစားပေးရန် Myanmar Tourism Rescue Plan ကို ချမှတ်ဆောင်ရွက် ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုခံစားရသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများအတွက် ကုစား ရေးအစီအစဉ်များအဖြစ် Cash for Training များ ပေးခြင်း၊ အတိုးနှုန်း သက်သာသော ချေးငွေများရရှိရေး ပံ့ပိုးပေးခြင်း၊ လိုင်စင်ကြေးများကို တစ်နှစ် ကင်းလွတ်ခွင့်ပြုခြင်း၊ဟိုတယ် ငှားရမ်းခများ ပေးသွားရန် ကာလ ရွှေ့ဆိုင်းပေးခြင်း၊ ကာလသတ် မှတ်ချက်ဖြင့် ငှားရမ်းခနှုန်းထား များ ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွင်း ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ပါကြောင်း။
ရပ်တန့်သွားသည့် ခရီးသွား လုပ်ငန်းကို ပြည်တွင်းခရီးသွားနှင့် ပြန်လည်စတင်နိုင်ရန် ဆက်စပ်၀န်ကြီး ဌာနများနှင့် ပူးပေါင်း၍ Tourism National Guidelines for COVID-19 Safe Services Beta Version VI ထုတ်ပြန်ရန်နှင့် Guidelines နှင့်အညီ အစစ်ဆေးခံပြီး လုပ်ငန်းများ ပြန်လည် စတင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူလာရန် ၂၀၂၃-၂၀၂၄ တွင် မူလအခြေအနေပြန်ရောက် ရန် Myanmar Tourism Strategic Recovery Roadmap (2021-2025) ကိုလည်း ရေးဆွဲအကောင်အထည် ဖော်သွားမည် ဖြစ်ပါကြောင်း။
ခရီးသွားလုပ်ငန်းများ ဘေးကင်း လုံခြုံစွာ ပြန်လည်စတင်နိုင်ရန် ခရီးသွားများကို ၀န်ဆောင်မှုပေးသည့် သူများလည်း social distancing guidelines များကို လိုက်နာရန် အင်မတန် အရေးကြီးပါကြောင်း၊ ခရီးစဉ်ဒေသများ ဘေးကင်းကင်း နှင့် ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ ရုံးခွဲတာဝန်ခံများက အတွင်း ရေးမှူးအဖြစ် ဆောင်ရွက်သည့် Destination Management Orga-nization (DMO) များက အဓိက တာ၀န်ယူရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော်တို့က အမှာစကားပြောကြားသည်။
ယင်းနောက် ဆုရဝန်ထမ်း များကို ဆုများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်းများ ကျေပွန်စွာ ဆောင်ရွက်ခဲ့သူ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ပြု လက်မှတ်ရရှိသူ၊ ကယားပြည်နယ် အစိုးရအဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူ တို့ သုံးဦး၏ကိုယ်စား ကိုယ်စားလှယ် တစ်ဦးကို လည်းကောင်း၊ ဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်ရှိ အရာထမ်း ဝန်ထမ်းစွမ်းဆောင်ရည်ဆု ရရှိသူ ၁၁ ဦးကိုယ်စား ကိုယ်စားလှယ် တစ်ဦး ကို လည်းကောင်း၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်ရရှိသူ ဝန်ထမ်း ၁၇ ဦး ကိုယ်စား ကိုယ်စားလှယ် တစ်ဦးကို လည်းကောင်း ဆုများနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ် သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က နယ်ရုံးခွဲများရှိ အရာ ထမ်းဝန်ထမ်း စွမ်းဆောင်ရည်ဆု ရရှိသူ ၁၄ ဦးကိုယ်စား ကိုယ်စားလှယ် တစ်ဦးကို လည်းကောင်း၊ ဝန်ကြီးဌာန ရုံးချုပ်နှင့် နယ်ရုံးအားလုံးရှိ အမှုထမ်း ဝန်ထမ်း စွမ်းဆောင်ရည်ဆုရရှိသူ ၂၅ ဦးကိုယ်စား ကိုယ်စားလှယ် တစ်ဦး ကို လည်းကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်၊ အောက်မြန်မာပြည်) သင်တန်းများ တွင် သင်တန်းသားထူးချွန်ဆု ရရှိသူ ၁၀ ဦးကိုယ်စား ကိုယ်စားလှယ် တစ်ဦးကို လည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်သည်။
ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် ကျော်က ဆောင်းပါးပြိုင်ပွဲဝင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ သုံးဦး နှင့် နှစ်သိမ့်ဆုရရှိသူ ၁၀ ဦး ကိုယ်စား ကိုယ်စားလှယ် တစ်ဦးကို လည်း ကောင်း၊ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ထူးချွန်စွာအောင်မြင် သူများနှင့် အောင်မြင်ခဲ့ကြသူ ဝန်ထမ်း မိသားစုဝင် ရှစ်ဦးကိုယ်စား ကိုယ်စား လှယ် တစ်ဦးကိုလည်းကောင်း ဆုများ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့် ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်