ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုဖြင့် သဘာဝဘေးကို ရင်ဆိုင်ကျော်လွှား

 

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ် များ ကျရောက်နိုင်မှုအခြေအနေ မြင့်မားသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်နေမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ မြင့်မားရေးတို့ကို ကြီးမား စွာ ထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်စေမည်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်ဟူသည်မှာ ဖြစ်မလာအောင် တားဆီး၍မရသော် လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင် မှုများ ပြုလုပ်ခြင်းဖြင့်သာ ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်သည်။

 


နိုင်ငံတော်အတွင်း အချိန်အခါအလိုက် ဖြစ်ပေါ်လာနိုင် သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ်စောင့်ရှောက်ရေးအစီအမံများ စနစ်တကျပြုလုပ် ထားနိုင်ရေး၊  သဘာဝဘေးအန္တရာယ် ကျရောက်လာသည့် အခြေအနေတွင် ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးလုပ်ငန်း များကို    ထိရောက်လျင်မြန်စွာ    ဆောင်ရွက်ပေးနိုင်ရေးတို့ အတွက် “အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ”ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက (၂၅-၂-၂၀၂၃)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၂၃)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။   စီမံခန့်ခွဲမှုကော်မတီအောက်တွင် သတင်းနှင့်    ပြန်ကြားရေးလုပ်ငန်းကော်မတီ၊  အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ  ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၊  သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊    ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ    လုပ်ငန်း ကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းကော်မတီ၊   နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊     အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ် ရေးလုပ်ငန်းကော်မတီ၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူ ရေး၊   ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့်   လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး   လုပ်ငန်းကော်မတီဟူ၍   လုပ်ငန်း ကော်မတီ(၁၂)ရပ်ကို ဖွဲ့စည်းထားပြီး ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်နေကြသည်။

 


ထို့အပြင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု   တည်မြဲအမိန့် (၂၀၂၂) ခုနှစ်ကို  ထုတ်ပြန်ထားပြီး အရေးပေါ်စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအဖွဲ့များ၊ တပ်မတော်သားများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ များ ပေါင်းစပ်ညှိနှိုင်း၍ သဘာဝဘေးအန္တရာယ် ကျရောက်လာ မည့်အပေါ် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်း၊ ပြန်လည် ထူထောင်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။

 


ဘင်္ဂလားပင်လယ်အော်မှသည် ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တစ်စိတ်တစ်ပိုင်း၊   စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ဆီသို့ ဦးတည်နေသော အားအလွန်ကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကို မြန်မာ တို့၏ စုစည်းညီညွတ်မှု၊ ဟန်ချက်ညီညီ  ပူးပေါင်းဆောင်ရွက် မှု၊  ပရဟိတစိတ်ဓာတ်ထက်သန်မှုတို့ဖြင့် ဘေးမသီရန်မခ အောင်အောင်မြင်မြင်     ကျော်လွှားနိုင်ပါစေကြောင်းနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များ ကို ရင်ဆိုင်ကြရာတွင်လည်း စံနမူနာယူဖွယ် သမိုင်းမှတ်တမ်း တစ်ရပ်အဖြစ် ကမ္ပည်းတင်နိုင်ပါစေကြောင်း။           ။