International Army Games-2020 Tank Biathlon ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိသဖြင့် ဗိုလ်လုပွဲ ဆက်လက်တက်ရောက်

International Army Games-2020 Tank Biathlon ပစ်ခတ်ခြင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ အကြိုဗိုလ်လုပွဲ၌ ပထမရရှိသဖြင့် ဗိုလ်လုပွဲ ဆက်လက်တက်ရောက်

============================================================

 

နေပြည်တော် စက်တင်ဘာ ၂

 

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၃ ရက်မှ စတင်၍ ကျင်းပလျက်ရှိသည့် International Army Games-2020 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Tank Biathlon) ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာ ၁ ရက်တွင် အကြိုဗိုလ်လုပွဲဖြစ်သော လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ်(၁)ကို အာဆီယံ ဒေသတွင်းပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ်တင့်တပ်ဖွဲ့နှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့သဖြင့် ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင် ခဲ့ကြောင်း သိရသည်။

 

အသီးသီးပန်းဝင်ခဲ့

 

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အုပ်စုပွဲများအဖြစ် တစ်စီးချင်း မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Individual Race) တွင် ဗီယက်နမ်၊ ကာတာ၊ တောင်အော့စက်တီယာအသင်းများနှင့်အတူ ယှဉ်ပြိုင်ခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် တိုက်ယာဉ်အဖွဲ့(၁)က ပြိုင်ပွဲဝင်စံချိန် ၃၆:၂၇ မိနစ်ဖြင့် တတိယနေရာ၌လည်း ကောင်း၊ ဩဂုတ် ၂၈ ရက်တွင် တိုက်ယာဉ်အဖွဲ့(၂)က ပြိုင်ပွဲဝင်စံချိန် ၄၂:၄၃ မိနစ်ဖြင့် ဒုတိယနေရာ၌လည်းကောင်း၊ ဩဂုတ် ၂၉ ရက်တွင် တိုက်ယာဉ်အဖွဲ့(၃)က ပြိုင်ပွဲဝင်စံချိန် ၃၃:၃၉ မိနစ်ဖြင့် ပထမနေရာ၌လည်းကောင်း အသီးသီး ပန်းဝင်ခဲ့ပြီး တစ်စီးချင်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Individual Race) တွင် တိုက်ယာဉ်အဖွဲ့ သုံးဖွဲ့ပေါင်းစံချိန် ၁ နာရီ ၅၂ မိနစ် ၄၉ စက္ကန့်ဖြင့် အုပ်စု(၂) အသင်း ရှစ်သင်းတွင် အဆင့်လေးရရှိ၍ တာဂျစ်ကစ္စတန်၊ ဗီယက်နမ်၊ လာအို၊ ကွန်ဂိုအသင်းတို့နှင့်အတူ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

အကြိုဗိုလ်လုပွဲအဖြစ် လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ကို မိုင်ကုန်မောင်းနှင်၍ စံချိန်ယူခြင်း၊ ၁၂၅ မမ အမြောက်အား မောင်းလျက် ကျည်သုံးတောင့် ပစ်ခတ်ခြင်း၊ ၁၂ ဒသမ ၇ မမ လေယာဉ်ပစ် စက်သေနတ်ကျည်တောင့် ၂၀ နွံရပ်လျက်ပစ်ခတ်ခြင်း၊ ၇ ဒသမ ၆၂ မမ ယှဉ်တွဲ စက်သေနတ်ကျည်တောင့် ၃ဝ ရပ်လျက်ပစ်ခတ်ခြင်းတို့ကို မောင်းနှင်ယှဉ်ပြိုင် ရမည့် ပတ်လမ်းပုံစံ လေးခုအနက်မှ မဲနှိုက်၍ ကျရာပတ်လမ်းတွင် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၁ ရက် တွင် အာဆီယံဒေသအတွင်း ပြိုင်ဘက်အသင်းဖြစ်သည့် ဗီယက်နမ်တင့်တပ်ဖွဲ့ နှင့် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင် စံချိန် ၂ နာရီ ၁၈ မိနစ် ၄ စက္ကန့်ဖြင့်လည်းကောင်း၊ ဗီယက်နမ်တင့်တပ်ဖွဲ့က ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၃ မိနစ် ၁၆ စက္ကန့်ဖြင့်လည်းကောင်း ပန်းဝင်ခဲ့သည်။

အကြိုဗိုလ်လုပွဲ လက်ဆင့်ကမ်းမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ (Relay Race) ပွဲစဉ်(၂)ကို တာဂျစ်ကစ္စတန်၊ လာအို၊ ကွန်ဂို နိုင်ငံအသင်းများက စက်တင်ဘာ ၂ ရက်တွင် ယှဉ်ပြိုင်ကြပြီး မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည့် ဗိုလ်လုပွဲကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။

 

သတင်းစဉ်

ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး