ဇာတိမာန်နှင့်လွတ်လပ်ရေး

Type

ကိုဇော်ဌေး(ယဉ်ကျေးမှု)
============

၂၀၂၂ ခုနှစ် ဇန်နဝါရီလ  ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်သည်။   လွတ်လပ်ရေးနေ့ကို  အမှတ်ရကြ၊ မမေ့ကြသည့်နည်းတူ မြန်မာတို့၏ ဇာတိသွေးဇာတိမာန်ကိုလည်း မမေ့ကြပါချေ။ မြန်မာ့လွတ်လပ်ရေးဆုံးရှုံး၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက်ရောက်နေချိန်ဝယ် မြန်မာတို့၏ မျိုးရိုးဇာတိမာန်ကို   အုပ်စိုးသူတို့က   နည်းအမျိုးမျိုးဖြင့်  ချိုးနှိမ်ခဲ့ကြသည်။ တစ်မျိုးသားလုံး သူ့ကျွန်ဖြစ်၍ နင်းပြားဘဝသို့ရောက်နေသော ထိုအချိန်ဝယ် လွတ်လပ်ရေးအတွက် မြန်မာတို့၏ဇာတိမာန်သည် ရှင်သန်မြဲဖြစ်သည်။

 

ဇာတိမာန်ဟူသည်  ပါဠိနှင့် ပါဠိသက်ဝေါဟာရ ကို   ပေါင်းစပ်ထားသည့်   စကားလုံးဝေါဟာရပင် ဖြစ်သည်။ ဇာတိသည် ပါဠိစကားဖြစ်၍ မာန်သည် ပါဠိစကား “မာန”မှ ဆင်းသက်လာသည်။ ဇာတိကို လေးမျိုးတွေ့နိုင်သည်-
၁။    ပဋိသန္ဓေနေခြင်း သို့မဟုတ် ပဋိသန္ဓ
၂။    အမျိုးအနွယ် သို့မဟုတ် မျိုးရိုး
၃။    မွေးဖွားရာအရပ်
၄။     မူလဖြစ်ခြင်း၊ အစစ်ဖြစ်ခြင်း သို့မဟုတ် 
        ပကတိ
(၁)  ပဋိသန္ဓေနေခြင်းသည်  ဇာတိ၏  အစပင် ဖြစ်သည်။ ဇာတိ၊   ဇရာ၊   ဗျာဓိ၊   မရဏဟူသည့် တရားအတိုင်းပင် ပဋိသန္ဓေနေခြင်းကို နားလည် ထားအပ်သည်။
(၂)  အမျိုးအနွယ် သို့မဟုတ် မျိုးရိုးသည် မိဘ နှစ်ပါးမှ မွေးဖွားသန့်စင်ပေးလိုက်သော မူလဇာတိ ပင်ဖြစ်သည်။ မြန်မာမိဘနှစ်ပါးမှ မွေးဖွားလာသူ သည် မြန်မာပင်ဖြစ်သည်။  မျိုးရိုးဇာတိမာန်သည် စွန့်လွှတ်ရန် ခက်ခဲသောအရာဖြစ်သည်။ သားသမီး ဝတ်ငါးပါးတွင် “စောင့်လေမျိုးနွယ်” ဟု ပါရှိသည်။ အမျိုးအနွယ်သည်  ရင်းမြစ်အစဖြစ်၍  မည်သည့် အခါကာလမျှ  မစွန့်လွှတ်သင့်။ စောင့်ထိန်းရမည့် တာဝန်သာဖြစ်သည်။ 
(၃)  မွေးဖွားရာအရပ်သည်   မိမိအားမွေးဖွား လိုက်သည့်ဇာတိပင်ဖြစ်တော့သည်။    အများအား ဖြင့်   “ကျွန်တော်က    ဘယ်ဇာတိလေ”   ဟူသည့် ချက်မြှုပ်ရာဒေသကို    ဂုဏ်ယူစွာပြောတတ်ကြ သည်။ အချို့သော စာရေးဆရာ၊ ပြဇာတ်ဆရာတို့က သူတို့မွေးဖွားရာဒေသကို   ညွှန်းဆိုဂုဏ်ယူတတ်ကြ သည်။
(၄)  မူလဖြစ်ခြင်း၊  အစစ်ဖြစ်ခြင်း သို့မဟုတ် ပကတိဆိုရာဝယ် “ကျွန်တော်မြန်မာလူမျိုးစစ်စစ် ပါ၊   ဘယ်သွေးမှ   မရောပါဘူးဗျာ”    ဟု ပြောလေ့ ပြောထရှိသည့်  စကားမျိုးနှယ်ဖြစ်သည်။   စစ်မှန် သောမိမိအမျိုးအနွယ်အတွက်      မြင့်မြတ်သော တည်ရှိမှု၊   ဆောင်ရွက်မှု၊    အနေအထားတို့ကို ဂုဏ်ယူတတ်ခြင်းမျိုးပင်ဖြစ်သည်။
မာနမှ သက်ဆင်းလာသော “မာန်”ကိုလည်း အောက်ပါအတိုင်း တွေ့နိုင်သည်။
(၁)  သေယျမာန် (ငါသည် သူတို့ထက် အမျိုး လည်းမြတ်သည်။     အကျင့်လည်းမြတ်သည်။   အတတ်ပညာလည်း          မြတ်သည်ဟူသည့် ထောင်လွှားသည့် မာန်မာနမျိုးဖြစ်သည်)။
(၂) သဒိသမာန်   (ငါသည် သူ့နည်းတူ  အမျိုး လည်း  မြတ်သည်။   အကျင့်လည်း    မြတ်သည်။ အတတ်ပညာအားဖြင့်လည်း    မြတ်သည်ဟူသည့် ထောင်လွှားသည့် မာန်မာနမျိုးဖြစ်သည်)။
(၃) ဟီနမာန် (ငါသည် အမျိုး၊ အကျင့်၊ အတတ် ပညာအရာ၌  နိမ့်ခြင်းမှန်၏၊   သို့ငြား   သူတို့သည် ငါ့အား  ဒီလိုမျိုးတော့  မဆိုသင့်၊   မပြောသင့်ဟူသည့် ထောင်လွှားသည့်မာန်မာနမျိုးဖြစ်သည်)။
ဇာတိနှင့်     မာန်ကို     ပေါင်းစပ်လိုက်သောအခါ “ဇာတိမာန်” ဖြစ်လာသည်။ ဇာတိမာန်ကို ကမ္ဘာ့ စာပေသမိုင်းတို့၌-
Nationalism (ခေါ် ) အမျိုးသားရေးဝါဒ။
Patriotism (ခေါ် ) တိုင်းချစ်ပြည်ချစ်ဝါဒ။
Chauvinism (ခေါ် ) ခေါင်းဆောင်ပုဂ္ဂိုလ်အား 
စွဲမြဲကြည်ညိုပြီး သစ္စာရှိသောဝါဒ။
Racism   (ခေါ် ) လူမျိုးရေးဝါဒ။
Superiority Complex (ခေါ်) မိမိအမျိုးအနွယ် သာ ကြီးမြင့်သည်၊ မြင့်မြတ်သည်၊ အခြားအမျိုးအနွယ် များကို နိမ့်ကျသည်ဟူသော ဇာတိပုည ဂုဏ်မာနအစွဲ။
Xenophobia (ခေါ်) တိုင်းတစ်ပါး၊   လူမျိုးခြားကို ရွံမုန်းကြောက်ရွံ့သည်အထိ    မိမိအမျိုးအနွယ်ကိုသာ ချစ်မြတ်နိုးလွန်းသောဝါဒ။ 
ဘာသာရေးအရ စွဲမြဲယုံကြည်ခဲ့သော  Caste System  (ခေါ်) ဇာတ်စနစ်ဝါဒနှင့် Jingoism (ခေါ်)  ရန်လိုသော တစ်ယူသန်မျိုးချစ်ဝါဒကြောင့်ဖြစ်သော စစ်လိုလားသောဝါဒ  စသည်ဖြင့်အမျိုးမျိုးဖွင့်ဆိုကြ သည်။


မြန်မာတို့၏ဇာတိမာန်


အမျိုးအနွယ်ကိုစွဲ၍၊ မျိုးရိုးဇာတ်ကို အကြောင်း ပြု၍ စိတ်နေစိတ်ထားမြင့်မားခြင်းသည် မြန်မာတို့၏ ဇာတိမာန်ပင်ဖြစ်သည်။    မြန်မာတို့သည်   သာကီ နွယ်ဝင်စစ်ဖြစ်သည်ဟူသော မျိုးရိုးဇာတိမာန်သည် လွတ်လပ်ရေးရရှိရန်အတွက် လှုံ့ဆော်မှုပင်ဖြစ်သည်။ ကိုလိုနီခေတ်တစ်လျှောက်လုံးဝယ်      ဇာတိမာန် ဟူသည့်ဝေါဟာရသည် နိုင်ငံရေးလှုပ်ရှားမှု လှိုင်းလုံး အောက်ဝယ်  ထကြွနိုးကြားခဲ့သည်။  ဇာတိမာန်ကို နှိုးဆွသော၊  နားမျက်စိဖွင့်ပေးသော  ရည်ရွယ်ချက်၊ ထမြောက်အောင်မြင်ခဲ့၍သာ    တိုင်းတစ်ပါးသား၏ လက်အောက်တွင်   နွံနစ်ကျွန်ဖြစ်နေရသည့်ဘဝမှ ရုန်းကန်လွတ်မြောက်ကာ လွတ်လပ်ရေးရရှိလာခြင်း ဖြစ်သည်။


လွတ်လပ်ရေးကြိုးပမ်းမှု    သမိုင်းနှင့်အတူ ဇာတိမာန်ဟူသည့် စကားလုံးဝေါဟာရသည် မြန်မာ ပြည်သူတို့၏ ရင်အတွင်း စွဲဝင်နစ်ခဲ့သည်။ ဇာတိမာန် ကို အခြေပြုကာ တိုင်းတစ်ပါးကို  အထင်မကြီးစေလို သောစိတ်၊  မြန်မာအစဉ်အလာရိုးရာယဉ်ကျေးမှုကို မတိမ်ကော မပျောက်ကွယ်လိုသောစိတ်၊ ရရှိပြီးသော လွတ်လပ်ရေးကို     တည်တံ့ခိုင်မြဲလိုစိတ်တို့သည် ပိုမိုဖြစ်ထွန်းလာကြသည်။ ထိုမှသည် ပြည်ထောင်စု မပြိုကွဲရေး၊       တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊  အချုပ်အခြာအာဏာ  တည်တံ့ခိုင်မြဲ ရေးဟူသည့် ဇာတိမာန်ကိုအခြေခံသည့် တောင်းဆို ချက်တို့သည်            ဆက်လက်ပေါ်ထွက်လာ  ကြသည်။
မာန်မမှန်ခြင်းကြောင့် ထီးသုဉ်းခဲ့ရ


စင်စစ် မြန်မာတို့သည် ဇာတိမှန်သော်လည်း မာန်မမှန်ခြင်းကြောင့်  ထီးသုဉ်းခဲ့ရခြင်းဖြစ်သည်။ ဟီနမာန်သာရှိခဲ့၍ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှစကာ   တုန်လှုပ်ချောက်ချား       နွံနစ် သွားရခြင်းဖြစ်သည်။             တွေ့နေမြင်နေကျ    မင်းပြောင်းမင်းလွဲမဟုတ်သည်ကို        နောင်မှသိလာ ရသည်။ တွေ့နေမြင်နေကျ ဖြစ်စဉ်မှန်သော်လည်း ကြုံတွေ့ရသည့်ဖြစ်စဉ်၏        အကြောင်းရင်းကို  ဆန်းစစ်နိုင်မှုအားသည်          ယနေ့တိုင်နည်းနေဆဲ ဖြစ်သည်။ 
သီပေါမင်းကို    လွယ်ကူစွာနန်းချနိုင်သည့် ဗြိတိသျှတို့သည်   တိုင်းရင်းသားတို့၏လက်နက် စွဲကိုင်တော်လှန်မှုကို ဆယ်နှစ်ကျော်မျှ  ပြင်းပြင်း ထန်ထန်နှိမ်နင်းခဲ့ရသည်။    တိုင်းရင်းသားတို့၏ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ   ကြီးမားပြင်းထန် ခဲ့သည်။ နယ်ချဲ့တို့ကို ထိတ်လန့်စေခဲ့သည်။ နယ်ချဲ့ ဆန့်ကျင်ရေးသည်    မန္တလေးကို     ဗဟိုပြု၍ တောင်ဘက်  ထားဝယ်၊ တနင်္သာရီအထိ၊ အရှေ့ ဘက်  ရှမ်းကုန်းပြင်မြင့်တစ်ပြင်၊  မြောက်ဘက် ကချင်တောင်တန်းများအထိ၊     အနောက်ဘက် ချင်းတောင်တန်းနှင့် ရခိုင်အထိ ကျယ်ပြန့်ခဲ့သည်။ အချို့တိုက်ပွဲများသည်  လူအင်အားလေးထောင် အထိပါဝင်၍   မြို့များကို ရက်အတော်ကြာသည် အထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ တောင်ပေါ်မြေပြန့် တိုင်းရင်းသားအားလုံး စုစည်းညီညွတ်ခဲ့ကြသည်။ ဗြိတိသျှတို့သည်   မန္တလေးကို    သိမ်းယူစဉ်က အင်အားတစ်သောင်းခန့်သာ  သုံးစွဲခဲ့သော်လည်း  လက်နက်ကိုင် ထကြွတော်လှန်မှုကိုမူ စစ်အင်အား ၃၂၀၀၀၊ ပုလိပ်အင်အား ၂၆၀၀၀ စုစုပေါင်းအင်အား ၅၀၀၀၀ ခန့်မျှသုံးစွဲခဲ့ရသည်။ မြန်မာတို့၏ ပြင်းပြ သော ဇာတိမာန်သည် နယ်ချဲ့တို့အား ဒူးမထောက်၊ လက်မမြှောက်ကြောင်း   ကောင်းကောင်းသိစေခဲ့ သည်။


မြန်မာတို့သည်  ကျွန်နိုင်ငံ၊ ကျွန်လူမျိုးဖြစ်ရ ခြင်းထက်   သေခြင်းက  မြတ်သည်ဟူသည့် ဇာတိ မာန်ဖြင့်   လွတ်လပ်ရေးအတွက်    အသက်ပေါင်း များစွာပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်စစ်ဆန့်ကျင်ရေးနှင့်အတူ အရေးတော်ပုံများ၊ တိုက်ပွဲများစွာကို အောင်မြင် 
ပြီးမြောက်ခဲ့သော်လည်း လွတ်လပ်ရေးကမရသေး။ ဗြိတိသျှစစ်ပြေး အစိုးရက         မြန်မာပြည်သို့ ဆင်မလားစီမံကိန်းကို    ယူလာပြန်သည်။   ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံအက်ဥပဒေအရ ပေးအပ်သည့် ၉၁ ဌာန အုပ်ချုပ်ရေးနှယ် ဒိုမီနီယံအဆင့်အတန်းကို တဖြည်းဖြည်းပေးရန် စက္ကူဖြူစာတမ်းများ  ပါလာသည်။   မြန်မာပြည်သူတို့က  လုံးဝ လွတ်လပ်ရေးမှတစ်ပါး အခြားမည်သည့်အဆင့်အတန်းကိုမျှ လက်မခံ ကြချေ။    လူထုအုံကြွမှုဖြင့်     ဆန္ဒပြကြ သည်။    ဖက်စစ်ဆန့်ကျင်ရေး၊    ပြည်သူ့လွတ်မြောက်ရေး   အဖွဲ့ချုပ်ကြီး၏  စည်းရုံးမှုအောက်တွင်  သွေးစည်းညီညွတ်စွာဖြင့်  ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြသည်။  ဤသည်ပင်   မြန်မာဟူသည့်ဇာတိကို ပြသခြင်းမည်တော့သည်။ နယ်ချဲ့တို့ထက် သေယျမာန်သာကြောင်း ဖော်ကျူးခြင်းပင်ဖြစ်သည်။


လွတ်လပ်ရေးပန်းကြီးကို ဆင်မြန်းနိုင်ခဲ့


မြန်မာတို့သည်   လွတ်လပ်ရေးအတွက်   တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် တိုက်ပွဲဆင်နွှဲခဲ့ကြခြင်း မဟုတ်သည်ကိုလည်း သာဓကပြခဲ့သည်။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို  ကိုးကွယ်ဆည်းကပ် ခြင်းမဟုတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ အရင်းခံသည် ဇာတိမာန်ပင် ဖြစ်သည်။  ဇာတိမာန်ကိုအခြေခံ၍ အောင်မြင်ခဲ့ရသော အောင်မြင်မှု များသည်    ပန်းမွေ့ရာလမ်းမဟုတ်ဘဲ   ခယောင်းတောလမ်းသာ ဖြစ်သည်။   အရင်းအနှီးကြီးမားသည်။  တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊  အေးအတူ ပူအမျှ   နေထိုင်လက်တွဲစွန့်စားမှုတို့ ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အထွတ်အမြတ်ပန်း ပမာ လန်းဖြာသည့်   လွတ်လပ်ရေးပန်းကြီးကို  မြန်မာပြည်တစ်ဝန်း ဆင်မြန်းနိုင်ခဲ့ကြသည်။


လှုံ့ဆော်ဖော်ဆောင်သည့်  ဇာတိမာန်ဟူသည့်  ဝေါဟာရကို တိုင်းပြည်ချစ်စိတ်၊  မျိုးချစ်စိတ်ရှိသူတို့က ဆက်လက်သယ်ဆောင် လာကြသည်။  ၁၉၄၈ ခုနှစ်   လွတ်လပ်ရေးရပြီးသည့်နောက်တွင် ပြည်တွင်းသောင်းကျန်းမှုများ  ပေါ်ပေါက်ခဲ့သည်။    ပြည်တွင်း သောင်းကျန်းမှုမျိုးစုံကို  ဇာတိမာန်စိတ်ဖြင့်  ကြံ့ကြံ့ခံနိုင်ခဲ့သည်။  ၁၉၆၂  - ၁၉၈၈  ခုနှစ်  ကာလများတွင် ဇာတိမာန်သည် နိုင်ငံသားတို့ ရင်၌ ခိုင်မြဲဆဲရှိသည်။    ရှိပြီးသားဇာတိမာန်ကို    ထိန်းသိမ်းကြသည်။ လက်ဆင့်ကမ်းပေးဝေနိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်လွန်ကာလများတွင်မူ   ဇာတိမာန်၏    အခန်းကဏ္ဍသည်     လွန်စွာအရေးပါကြောင်း        နှောင်းလူငယ်တို့အား   မျှဝေပေးသည့်ကာလဖြစ်သည်။ မျှဝေသည့် လုပ်ငန်းစဉ်သည်   စတင်ခက်ခဲလာသည်။    ဒီမိုကရက်တစ်တို့ အားကောင်းလာသော  ၂၀၁၁- ၂၀၂၁  ခုနှစ်ကာလများတွင်မူ ဇာတိမာန်ဆိုသည့်ဝေါဟာရသည်  စိန်ခေါ်မှုများနှင့် ရင်ဆိုင်လိုက် ရတော့သည်။ 


ရရှိပြီးဖြစ်သော  လွတ်လပ်ရေးကြီး  ရေရှည်တည်တံ့ခိုင်မြဲရန် အတွက်  ယနေ့လူငယ်လူရွယ်တိုင်း ၏စိတ်တွင်   ဇာတိမာန်စိတ်   ကိန်းအောင်းနေရန် လိုအပ်သည်။   ဇာတိမာန်စိတ်    မပျောက်ပျက်ရန် လိုအပ်သည်။ ဇာတိမာန်စိတ် ပျောက်ကွယ်သွားပါက လူမျိုးပျောက် မည့်အန္တရာယ်သည်     ခြိမ်းခြောက်လာမည်ဖြစ်သည်။    လွတ်လပ်ရေး ရရှိရန်အတွက် ကြီးမားသော စွန့်လွှတ်မှု၊  အနစ်နာခံမှု၊  ပေးဆပ်မှု တို့ကို ယနေ့လူငယ်တို့ နားလည်သဘောပေါက်မှသာ ဇာတိမာန်စိတ် သည်   ကိန်းအောင်းခိုင်မြဲမည်ဖြစ်သည်။  ရရှိပြီးလွတ်လပ်ရေးကို တစ်ဖန်ပြန်လည် ထိပါးနှောင့်ယှက်လာသည့်ရန်ကို    အသက်တမျှ စိုးရိမ်ကြောင့်ကြစိတ်တို့ရှိသင့်သည်။   ထို့အတူ  တစ်ယောက်ကောင်းဖြင့် မစွမ်းသာ၊   အများပေါင်း၍    ညီညာကြသည်ကိုလည်း    နားလည်ရ မည်ဖြစ်သည်။ တိုင်းရင်းသားပေါင်းစုံ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူတည်ဆောက်ခဲ့ရသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ကြောင်း    ဂုဏ်ယူတတ်နေခြင်းသည်  ဇာတိမာန်ပင်ဖြစ်သည်။   ထို့ကြောင့် လွတ်လပ်ရေး  အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲရေးအလို့ငှာ   နိုင်ငံသူ နိုင်ငံသား လူငယ်လူရွယ်များအားလုံး  ဇာတိမာန်စိတ် ကိန်းအောင်းနိုင် ကြပါစေကြောင်း  တိုက်တွန်းအပ်ပါသည်။        ။
n