ကြာစွယ်ကြာရိုး ဘယ်လိုပင်ချိုးချိုး အမျှင်က တန်းတန်း

Type
၂

နိုင်ငံတကာသတင်းသုံးသပ်ချက်

================

 

 

ကြာစွယ်ကြာရိုး ဘယ်လိုပင်ချိုးချိုး အမျှင်က တန်းတန်း

=============================

 

ကိုရင်ဩ

=====

 

နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပလတ္တံ့သော အမေရိကန် ရွေးကောက်ပွဲကြီး၌ အကယ်၍ ဂျိုးဘိုင်ဒင် အောင်ပွဲခံ မည်ဆိုလျှင် မဟာဗျူဟာအရ အချက်အချာကျလှသော အရှေ့တောင်အာရှဒေသအပေါ် မည်ကဲ့သို့သော အကျိုး ရလဒ်များ ဖြစ်ပေါ်လာနိုင်အံ့နည်းဟူ၍ ဆန်းစစ်လေ့လာ ထားသည့် ‘အတွေးအမြင်’ ဆောင်းပါးတစ်ပုဒ်ကို ကျွန်ုပ် ဖတ်ရှုရသောအခါ တိမ်မယောင်နှင့်နက်၊ လွယ်မယောင် နှင့်ခက်သော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ နောက်ခံ အကြောင်းခြင်းရာများကို လက်လှမ်းမီသရွေ့ စေ့ငု လေ့လာမိလေ၏။

ထိုဆောင်းပါးကို မွှေနှောက်ရေးသားသူသည်ကား ဒေးဗစ်ဟတ်ဆိုသူ သတင်းစာဆရာကြီးတစ်ဦး ဖြစ်ပြီး လျှင် သူသည် ဝါရှင်တန်ဒီစီအခြေစိုက် အာရှ-ပစိဖိတ် ဒေသရေးရာ သတင်းမဂ္ဂဇင်းကြီးဖြစ်သော ‘သံတမန်’ (ဝါ) ‘ဒီပလိုမက်’၏ အရှေ့တောင်အာရှရေးရာ ပင်တိုင် ဆောင်းပါးရှင်ဖြစ်၏။

ထိုဆောင်းပါးပါ ဖော်ပြချက်များအနက်မှ အဓိက အချက်အလက်များကို ချက်စေ့လက်စေ့ စိစစ်စူးစမ်း ကြည့်လေသော် ဦးစွာတွေ့မြင်ရသည်မှာကား-

ရည်ညွှန်းပြောဆို

အရှေ့တောင်အာရှဒေသအပေါ်ထားရှိသော သမ္မတ ဒေါ်နယ်ထရမ့်၏ မူဝါဒများတွင် အလွဲအမှားများရှိသည် ဟု ယူဆကြသူများသည် သူတို့၏ ‘အလွဲအမှား’ ဟုဆို သော ထောက်ကွက်များအဖြစ် အဆီအငေါ်မတည့်မှု တစ်ပုံတစ်ပင်ကို တသီတတန်း ထောက်ပြရာ၌ ပစိဖိတ် သမုဒ္ဒရာ တစ်ဖက်ကမ်းနိုင်ငံများနှင့် မိတ်ဖက်ပြု ဆောင်ရွက်ရေး ကုန်သွယ်ရေးသဘောတူညီချက် (တီပီပီစာချုပ်)မှ အမေရိကန် နုတ်ထွက်ခဲ့မှုမှသည် ၂၀၁၉ ခုနှစ်တွင် ဗန်ကောက်မြို့၌ ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)နှင့် ဆွေးနွေးဖက်နိုင်ငံ များ၏ ထိပ်သီးဆွေးနွေးပွဲသို့ သမ္မတကိုယ်တိုင် မတက် ရောက်ဘဲ အကြီးတန်းအရာရှိ တစ်ဦးကိုသာ စေလွှတ်ခဲ့မှု အထိ ဖြစ်စဉ်များကို ရည်ညွှန်းပြောဆိုကြသည်ဆို၏။

သမ္မတထရမ့်သည် ယင်းသို့ ပြုမူလင့်ကစား တစ်ဖက် တွင် ထိုင်းနိုင်ငံနှင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံနှင့် လည်းကောင်း ယခင်က ဆက်ဆံရေးဆိုးရွားခဲ့မှုကို ပြည်ဖုံး ကားချကာ ပြန်လည်သင့်မြတ်ရေးဘက်သို့ ဦးတည်ခဲ့ သည်။ ယင်းမှာ အဆိုပါ နှစ်နိုင်ငံအနေဖြင့် တန်ခိုးဩဇာ တက်လာသော တရုတ်နိုင်ငံဘက်သို့ မယိမ်းရလေအောင် သူကြံဆောင်ခြင်းဖြစ်သည်ဟု ဆောင်းပါးရှင်က ဆိုသည်။

အကယ်၍ ဂျိုးဘိုင်ဒင် အာဏာရရှိလာပါက သူ၏ အစိုးရအဖွဲ့သည် အရှေ့တောင်အာရှဒေသဆိုင်ရာ မူဝါဒ နှင့်ပတ်သက်၍ ယခင်အစိုးရ၏ လမ်းစဉ်မှ သွေဖည်ခြင်းရှိ၊ မရှိဆိုသောအချက်မှာ ထင်ကြေးသက်သက်သာ ဖြစ်လိမ့် မည်။ သို့တစေ ရွေးကောက်ပွဲတွင် ဘိုင်ဒင် အောင်ပွဲခံမည် ဆိုလျှင် မူဝါဒရေးရာ ပြောင်းလဲချက်ကို တွေ့မြင်လာကြရ လိမ့်မည်ဟု ဆန်းစစ်လေ့လာသူများနှင့် လေ့လာစောင့် ကြည့်ကြသူများက ယုံကြည်ယူဆကြသည်ဆို၏။

အမေရိကန်သည် အရှေ့တောင်အာရှဒေသနှင့် ကုန်သွယ်ရာတွင် ကုန်သွယ်မှုပမာဏမှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတထရမ့်၏ အစိုးရအဖွဲ့တာဝန် စတင်ယူခြင်းမရှိမီကာလကထက် ပိုမိုတိုးတက်လာ နေသည်။ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကို စီးပွားရေအရ ဒဏ်ခတ်မည်တကဲကဲ ပြောဆိုနေသည့်ကြားမှ ကုန်သွယ် မှု တိုးတက်လာခြင်းဖြစ်ကြောင်း၊ ငွေကြေးကစားသည့် နိုင်ငံများအဖြစ် ထရမ့်က ရှုတ်ချပြောဆိုခဲ့သော်လည်း အရှေ့တောင်အာရှဒေသ၏ ထိပ်သီးစီးပွားရေးအင်အားရှင် နိုင်ငံများအနက် ယင်းနှစ်နိုင်ငံသည် အမေရိကန်နှင့် ကုန်သွယ်ရာတွင် ကုန်သွယ်ရေးပိုငွေပြမှုများရှိကြောင်း ဆောင်းပါးတွင် ဖော်ပြထားသည်။

ထရမ့်၏အစိုးရအဖွဲ့သည် လွန်ခဲ့သည့်နှစ်မှစ၍ အစီအစဉ်သစ်နှစ်ရပ်ကို အစပြုခဲ့ရာ အရှေ့တောင်အာရှ ဒေသတွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှုအသစ်များအဖြစ် ဒေါ်လာငွေ ကုဋေပေါင်းများစွာ စီးဝင်လာခဲ့သည်။ “ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်း” အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံက ပုံအောရင်းနှီးမြှုပ်နှံလာနေချိန်တွင် အမေရိကန်က အရှေ့ တောင်အာရှနိုင်ငံများအတွက် အခြားသော ရွေးလမ်းတစ်ခု အဖြစ် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်လာခဲ့ခြင်းဖြစ်သည်ဆို၏။

ထရမ့်အပေါ်ထားရှိသော ဒေသဆိုင်ရာ နိုင်ငံများ၏ အမြင်များမှာမူ အကောင်းမြင်သည်လည်းရှိ၊ အဆိုးမြင်သည် လည်းရှိ ထွေထွေရာရာဖြစ်၏။ ရေစီးတစ်ခါ၊ ရေသာတစ်လှည့် ဖြစ်၏။ ထရမ့်ကို စိတ်အပြောင်းအလဲမြန်သူ၊ စိတ်ကြွပ်သူ၊ စိတ်အချဉ်ပေါက်တတ်သူ သမ္မတကြီးအဖြစ်လည်း ရှုမြင် ကြသည်သာ။

ဟောကိန်းမှားယွင်းခဲ့

သမ္မတ အိုဘားမား၏ လက်ထက်ကလောက် အရှေ့ တောင်အာရှဒေသသို့ အမေရိကန် အကြီးတန်းတာဝန်ရှိသူ များ အရောက်အပေါက် မများနိုင်ပါဟူ၍ ကျွမ်းကျင်သူ ပညာရှင်များက ၂၀၁၇ ခုနှစ်တွင် ဟောကိန်းထုတ်ခဲ့ကြသော် လည်း လက်တွေ့တွင် ယင်းဟောကိန်းမှားယွင်းခဲ့ပြီး ရှေးနည်းတူစွာပင် အာရှဒေသသို့ အမေရိကန်အစိုးရ အထက်တန်းပုဂ္ဂိုလ်များ သံတမန်ရေးခရီးနှင်မှုများရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထရမ့်၏ ပြိုင်ဘက်ဖြစ်ခဲ့သူ (အိုဘားမားလက်ထက် နိုင်ငံခြားရေး ဝန်ကြီး) ဟီလာရီကလင်တန်၏ သံတမန်ရေးလှုပ်ရှားမှုမှာ ပြောစမှတ်ပြုခဲ့ကြပြီး ထရမ့်၏ အစိုးရအဖွဲ့လက်ထက်တွင် လည်း အားကျမခံ သူ၏အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အာရှဒေသနှင့် သံတမန်ရေးအရ နွေးထွေးမှုကို ဆက်လက်ပြသနေဆဲဖြစ်ကြောင်း ဆောင်းပါးရှင်က နှိုင်းယှဉ်ဖော်ပြထားလေသည်။

သမ္မတထရမ့်၏ လက်ထောက် ဒုတိယသမ္မတ မိုက်ပန့်စ်သည် အရှေ့တောင်အာရှဒေသတွင် ၂၀၁၇ ခုနှစ်က ပြုလုပ်သော ထိပ်သီးညီလာခံများသို့ တက်ရောက်ခဲ့သည်။ သမ္မတထရမ့်ကိုယ်တိုင်သည်ပင် ၂၀၁၈ ခုနှစ်တွင် ကိုယ်ထင် ပြခဲ့သည်မဟုတ်ပါလော။ အရှေ့တောင်အာရှဒေသအပေါ် ယုံမှတ်ပုံအပ်မှုကို ပြသသည့်အနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပ မည့်နေရာအဖြစ် စင်ကာပူ သို့မဟုတ် ဗီယက်နမ်ကို သတ်မှတ်ခဲ့သည်။

စိတ်ခံစားမှုဖြစ်ပေါ်ခဲ့

အရှေ့တောင်အာရှဒေသသည် သမ္မတထရမ့်၏ အစိုးရအဖွဲ့အတွက် မူဝါဒရေးရာ ဦးစားပေးအဆင့်အတန်း တွင် ရှိသည်၊ မရှိသည်အပထား ၂၀၁၈ ခုနှစ် နှောင်းပိုင်းအထိ မိတ်ဝတ်မပျက်ဆက်ဆံရေးကို ကျင့်သုံးခဲ့သည်ဟု ဒေသ ဆိုင်ရာ ခေါင်းဆောင်များက အခိုင်အမာရှုမြင်ခဲ့ကြသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ်ရောက်သည်တွင် ယင်းနှစ်၏ အာဆီယံထိပ်သီးညီလာခံသို့ အကြီးတန်းအဆင့် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ထရမ့်က စေလွှတ်ပေးခြင်း မရှိသဖြင့် ဒေသဆိုင်ရာခေါင်းဆောင်များမှာ သမ္မတထရမ့် မိမိတို့ကို မတူမတန် ပမာမခန့် ပြုမူဆက်ဆံလေခြင်းဟူ၍ စိတ်ခံစားမှု ဖြစ်ပေါ်ခဲ့ကြရသည်။ အကျိုးဆက်အရ အမေရိကန်- အာဆီယံ ထိပ်သီးညီလာခံသို့ မတက်ရောက် ဘဲ သပိတ်မှောက်ရန် အရှေ့တောင်အာရှခေါင်းဆောင် အချို့က လှုံ့ဆော်ခဲ့ကြလေသည်။

မည်သို့ပင်ဆိုစေ တီပီပီစာချုပ်မှ အမေရိကန် နုတ်ထွက်ရန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သမ္မတထရမ့် ဆုံးဖြတ်ခဲ့ပြီးသော် သူ့အပေါ် ဒေသဆိုင်ရာ ခေါင်းဆောင် များ၏ ယုံကြည်မှု ပျက်ပြားသွားခဲ့ပုံကို ရည်ညွှန်းနိုင်ပေ သည်။ သမ္မတ အိုဘားမားလက်ထက်က အစပြုခဲ့သော အဆိုပါကုန်သွယ်ရေးသဘောတူညီချက်တွင် အရှေ့အာရှမှ ဂျပန်နိုင်ငံအပါအဝင် ပါဝင်လက်မှတ်ရေးထိုးကြသော နိုင်ငံများတွင် ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်ရန်ရှိနေခဲ့ပေသည်။ အဆိုပါ လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တွင် တရုတ်နိုင်ငံကို ဖယ်ထုတ်ထားရန် သမ္မတအိုဘားမား၏ အစိုးရအဖွဲ့က ပေါ်ပေါ်ထင်ထင် ပြသခဲ့လေသည်။

လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး မြှင့်တင်အားပေး ခြင်းကို ထရမ့်က စွန့်လွှတ်ခဲ့ပုံရခြင်းနှင့်ပတ်သက်၍မူ ဒေသ ဆိုင်ရာ အစိုးရအဖွဲ့များအတွင်း အမြင်အမျိုးမျိုး တုံ့ပြန်ချက် အဖုံဖုံ ရှိခဲ့သည်။

အမေရိကန် ဒီမိုကရက်တို့က ကမ္ဘာတစ်လွှား လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေးတို့ကို တွန်းတွန်း တိုက်တိုက် အလေးပေးခဲ့ရာမှ ထရမ့်လက်ထက်တွင် အစဉ် အလာ သံတမန်ချင်း ကူးလူးဖလှယ်မှုထက် တပ်မတော်ချင်း ကူးလူးဖလှယ်မှု(စစ်ရေးဆက်ဆံမှု)ကို ပိုမိုအလေးပေးခဲ့ ကြောင်း ထင်ရှားခဲ့ပေသည်။

‘အာရှမဏ္ဍိုင်ပြု မူဝါဒ’ကို သမ္မတ အိုဘားမားက နိုင်ငံခြားရေးမူဝါဒ၏ အမွေအနှစ်သဖွယ် ချန်ထားရစ်ခဲ့မှုကို ဥပက္ခာပြုနိုင်ရန် သမ္မတထရမ့်က အချိန်ယူခဲ့သည်ဟူ၍ ဆောင်းပါးရှင်က ရည်ညွှန်းပြောကြားခဲ့သည်။ တရုတ်နိုင်ငံ က အာရှဒေသတွင် ယင်း၏ ဘဏ္ဍာရေးအရင်းအမြစ်များနှင့် သံတမန်ရေး အရင်းအမြစ်များကို ပုံအောသွတ်သွင်းလာချိန် တွင် အိုဘားမားအစိုးရအဖွဲ့က ‘အာရှမဏ္ဍိုင်ပြုမူဝါဒ’ကို ချမှတ်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲအကြိုကာလ တွင် ထရမ့်ထက် ပိုမိုရေပန်းစားလာသူ ဘိုင်ဒင်သည် အကယ်၍ ရွေးကောက်တင်မြှောက်ခံရပါက ထရမ့်၏ အစိုးရအဖွဲ့ ကျင့်သုံးခဲ့သော အရှေ့တောင်အာရှဒေသ ဆိုင်ရာ မူဝါဒများနှင့် လုပ်ငန်းအစီအစဉ်များကို ပြန်လည် ချေဖျက်ခြင်း ရှိ၊ မရှိ အတိအကျ မသိရှိနိုင်ပေ။

ပိုမိုသိမ်မွေ့သော မူဝါဒ

အကယ်၍ ဘိုင်ဒင် အာဏာရရှိလာပါက သူ့အနေ ဖြင့် ပိုမိုသိမ်မွေ့သော ကွဲပြားချက်ရှိသည့် မူဝါဒကို ချမှတ် ကျင့်သုံးလာမည့် လက္ခဏာများကို အထင်အရှား ပြသနေ ပေပြီ။

တရုတ်နိုင်ငံအပေါ် ဆန့်ကျင်ရေးအယူအဆမှာ အမေရိကန်၏ ပါတီကြီး နှစ်ပါတီစလုံးက ကိုင်စွဲသော သဘောထား ရပ်တည်ချက်အဖြစ် ယခုအခါ တွေ့မြင်နေ ကြရသော်လည်း ဘိုင်ဒင်အနေဖြင့် ထရမ့်၏ ပြုမူဆက်ဆံ ပုံအတိုင်း၊ သူ၏ ပြောပုံဟောပုံအတိုင်း လိုက်လုပ်မည် မဟုတ်မူ၍ ပညာရှင်ဆန်ဆန် သိမ်မွေ့ညင်သာစွာဖြင့် တုံ့ပြန်သွားဖွယ်ရှိသည်ဟု ဆောင်းပါးရှင်က တင်ပြထား သည်ကို ကျွန်ုပ် ဆက်လက်ဖတ်ရှုရ၏။ ထရမ့်၏ လုပ်ပုံမှာ သူ၏ မဟာမိတ်နိုင်ငံများကိုပင် စိမ်းကားရာရောက်ခဲ့ သည်ဆို၏။

ဘိုင်ဒင်သမ္မတဖြစ်လာလျှင် ထရမ့်စတင်ခဲ့သော နိုင်ငံခြားရေးမူဝါဒ အစီအစဉ်အချို့ကို ဆက်လက်ကျင့်သုံး မည်ဟု ဆောင်းပါးရှင်က ဆက်လက်တင်ပြသည်။

ဘူမိ-စီးပွားရေး အရွေ့

ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးအကူအညီပေးမှုတို့အရ တရုတ်နိုင်ငံကို ယှဉ်ပြိုင်နိုင်ရန်ရည်ရွယ်လျက် အမေရိကန် အစိုးရအဖွဲ့က လွန်ခဲ့သောနှစ်တွင် ထူထောင်ခဲ့သော နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း သည် မဟာဗျူဟာအရ အရေးပါသော အရှေ့တောင်အာရှ ဒေသတွင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလာမည်ဆိုပါက မိမိတို့ဒေသ၏ ‘ဘူမိ-စီးပွားရေး’(Geo-economic) အင်အားကြီးထွားလာမှုအရွေ့ကို သိသိသာသာ ဖြစ်ပေါ် လာစေနိုင်ကြောင်း ဆောင်းပါးရှင်က တင်ပြထားသည်။

အိမ်ဖြူတော်သို့ ဘိုင်ဒင် ရောက်ရှိလာမည်ဆိုလျှင် သူနှင့် အရှေ့တောင်အာရှခေါင်းဆောင်များအကြား ကာလရှည် မူဝါဒရေးရာအစီအစဉ် ရေးဆွဲနိုင်ရေးအတွက် ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့် ပိုမိုတွေ့ထိဆက်ဆံ လာနိုင်ပုံ၊ အရေးကြီးအကြောင်းရပ်(ပြဿနာများ)နှင့်ပတ်သက်၍ အမေရိကန်နှင့် အာဆီယံအကြား တွေ့ထိ ဆက်ဆံမှုများပြားလာနိုင်ပုံ၊ အိုဘားမားလက်ထက် သံတမန်ရေးနှင့် ကာကွယ်ရေး အခင်းအကျင်းများကို ဘိုင်ဒင်က အောက်ခြေသိမ်း ပြင်ဆင်ပြောင်းလဲလာနိုင်ပုံ၊ အိုဘားမားလက်ထက်နှင့် မတူကွဲပြားစွာ “အာရှမဏ္ဍိုင်ပြု မူဝါဒ” ကို တစ်ကျော့ပြန် အသက်သွင်းလာဖွယ်ရှိပုံ စသည့် အချက်အလက်များနှင့်ပတ်သက်၍ ဆောင်းပါးရှင်က အိုဘားမားလက်ထက် အစိုးရအထက်တန်း တာဝန်ရှိသူ များအဖြစ် တာဝန်ယူခဲ့သူများနှင့် အထင်ကရ သတင်းစာ ဆရာကြီးများ၏ ရေးသားဟောပြောချက်များကို ကိုးကား လျက် ဆက်လက်တင်ပြထားသည်။

မဟာဗျူဟာအရ အရေးပါ

‘အမေရိကန်က ပထမ’ မူဝါဒကို စွဲကိုင်ခဲ့သူ သမ္မတ ထရမ့်သည် အရှေ့တောင်အာရှခေါင်းဆောင်များနှင့် အခါအားလျော်စွာ ပွတ်တိုက်မှုများရှိခဲ့လင့်ကစား ပြောင်းလဲလာသော ဒေသဆိုင်ရာ အနေအထားအရ ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဒေသအပေါ် လုံးလုံး လျားလျား ပစ်ပယ်နိုင်ခြင်း မရှိခဲ့ပါချေ။ လာမည့် ရွေးကောက်ပွဲတွင် သူပြန်လည်ရွေးချယ်မြှောက်ခံရသည် ဖြစ်စေ၊ ဂျိုးဘိုင်ဒင် အိမ်ဖြူတော်သို့ ရောက်လာသည် ဖြစ်စေ အမေရိကန်ပြည်ထောင်စုသည် အာရှတိုက်တွင် မဟာဗျူဟာအရ အရေးပါသော အခန်းကဏ္ဍမှ ရပ်တည် နေသော ကျွန်ုပ်တို့၏ အရှေ့တောင်အာရှဒေသနှင့် ဆက်ဆံရေးခိုင်မာအားကောင်းနေစေရန် ဆက်လက် ကြိုးပမ်းနေလိမ့်မည်ဟု ကျွန်ုပ်ယူဆပါသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ရည်မှန်းချက်နှင့်အညီ ထာဝစဉ် လက်တွဲနေကြရသော ကမ္ဘာ့မိသားစုဝင်နိုင်ငံများအကြား ကာလ၊ ဒေသ၊ အခြေအနေအရ ရံဖန်ရံခါ ပွတ်တိုက်မှုများ ရှိတတ်သော်လည်း မေတ္တာနှောင်ကြိုး (သံယောဇဉ်ကြိုး) အခိုင်အမာရှိနေပုံကို ကျွန်ုပ်အလေးမူမိရင်း “ကြာစွယ် ကြာရိုး ဘယ်လိုပင် ချိုးချိုး အမျှင်ကတန်းတန်း” ဟု ကျူးရင့်မိပါသတည်း။

Source: What Biden Win Would Mean For

Southeast Asia. (Asia Times)