
ကေကေစိုး
လစ်ဗျားနိုင်ငံသည် ဆယ်စုနှစ်တစ်စုစာအတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားခရီးသွားအုပ်စုကို ပြန်လည် ကြိုဆိုလက်ခံနိုင်ပြီဖြစ်သည်။
ခရီးသွားများဝင်ရောက်နိုင်ပြီဖြစ်
နှစ်ပေါင်းများစွာကြာ စစ်ပွဲကြောင့် ခရီးသွား များ လစ်ဗျားနိုင်ငံအတွင်းသို့ လာရောက်မလည်ပတ် နိုင်သည်မှာ ကြာနေပြီဖြစ်သော်လည်း ယခုအခါ လေ့လာရေးထွက်လာသည့် ခရီးသွားတစ်စုသည် အိုအေစစ်မြို့လေးသို့ လာရောက်လည်ပတ်နေပြီဖြစ် သည်။ ပြင်သစ်ခရီးသွား Jean-Paul မှာ ဆယ်စုနှစ် တစ်စုစာ ကြာမြင့်ပြီးနောက် ပထမဆုံးအကြိမ် အဖြစ် လစ်ဗျားနိုင်ငံသို့ လာရောက်နိုင်ခဲ့သည်။ ခရီးစဉ်အတွင်း ဥရောပခရီးသွားအများစု ပါဝင်သည့် ခရီးသွား ၁၀၀ လည်း ပါဝင်ခဲ့သည်။
လာရောက်လည်ပတ်နိုင်ပြီဖြစ်
ထူးခြားသောရှုခင်းများနှင့် နွေးထွေးစွာ ကြိုဆို တတ်သောပြည်သူများရှိရာ နိုင်ငံသို့ လာရောက် လည်ပတ်လိုသည်မှာ ကာလရှည်ကြာမြင့်နေပြီဟု ၎င်းကပြောသည်။ လွန်ခဲ့သည့် ၁၀ နှစ်တာ ကာလ အတွင်း လစ်ဗျားနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိတ်ကူးမှာ မဖြစ်နိုင်ခဲ့ပေ။ ထို့နောက်တွင် လုံခြုံရေး ကအစ သေချာပြုလုပ်ပေးထားသော ကြီးကြပ်မှု ကောင်းသည့် ခရီးစဉ်တစ်ခုဖြင့် လာရောက် လည်ပတ်နိုင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။ အဆိုပါဒေသရှိလူများမှာ နွေးထွေးစွာကြိုဆိုကြပြီး လစ်ဗျားနိုင်ငံမှာ ခရီးသွားများကို ပြန်လည် ကြိုဆိုလိုကြောင်း သိသာလှသည်ဟုလည်း ပြောကြားခဲ့သည်။
ခရီးသွားများကို ဆွဲဆောင်လျက်ရှိ
လစ်ဗျားနိုင်ငံ၏ အိုအေစစ်မြို့ကလေးဖြစ်သော ဂတ်ဒိမ်းစ်တွင် ရဲတပ်ဖွဲ့ယာဉ်တန်းမှ လုံခြုံရေး သတိပေးသံများလည်း ကြားနေသည်။ စွန်ပလွံပင် များကြား ဆောက်လုပ်ထားသည့် အဖြူရောင် အဆောက်အအုံဟောင်းများက ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ လုံခြုံရေးတင်းကျပ်ထား သည့် ယာဉ်တန်းက ပြင်သစ်၊ အီတလီနှင့် ဆွစ်ဇာလန်နိုင်ငံတို့မှ ခရီးသွားများကို တင်ဆောင် လာသည်။ လစ်ဗျားနိုင်ငံသည် နိုင်ငံကို ဆယ်စုနှစ် လေးစုကြာအုပ်ချုပ်ခဲ့သော မိုအာမာ ကဒါဖီ လက်ထက် တစ်လျှောက်လုံးတွင် ခရီးသွားများကို အကန့်အသတ်မရှိ လက်ခံခဲ့သည်။
လာရောက်လည်ပတ်နိုင်ခြင်းမရှိတော့
၂၀၁၁ ခုနှစ်တွင် ကဒါဖီပြုတ်ကျသွားပြီးနောက် တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခများ ကျရောက် ခဲ့ပြီး နိုင်ငံခြားခရီးသွားများမှာလည်း လစ်ဗျားနိုင်ငံ သို့ လာရောက်လည်ပတ်နိုင်ခြင်း မရှိတော့ချေ။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလအတွင်း အပစ် အခတ်ရပ်စဲရေးနှင့် ကုလသမဂ္ဂဦးဆောင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကြောင့် အခြေအနေများ အတော်အတန်တည်ငြိမ်လာသည်ကို ကျေးဇူးတင် ရမည်ဖြစ်သည်။ ယင်းသို့ အခြေအနေများ အတန်အသင့် တည်ငြိမ်လာမှုကြောင့် ခရီးသွား များ ပြန်လည် လည်ပတ်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ကြောက်စိတ်နံရံကြီးကိုဖြိုဖျက်လို
၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် ခရီးသွားများ လာရောက်လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ကျယ်ပြန့်လှသော လစ်ဗျားဆာဟာရ ကန္တာရကြီးဆီ လာရောက်လည်ပတ်လိုကြသော ခရီးသွားများ၏ ရင်ထဲမှ ကြောက်စိတ်နံရံကြီးကို ဖြိုဖျက်လိုသည်ဟု ခရီးသွားလမ်းညွှန်တစ်ဦးဖြစ်သူ အလီအယ်ခူဘာက ပြောသည်။
ခရီးသွားများသည် စက်တင်ဘာလအတွင်းကနယ်စပ်စတင်ဖွင့်ပေးခဲ့သော တူနီးရှားနိုင်ငံ နယ်စပ် ကို ဖြတ်ကျော်ကာ လစ်ဗျားသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။ တူနီးရှားနယ်စပ်မှာလည်း ကိုဗစ် - ၁၉ ကူးစက်မှု အခြေအနေများကြောင့် လပေါင်း များစွာကြာ ပိတ်ထားခဲ့ရသည်။
အိုအေစစ်မြို့အဖြစ်စာရင်းသွင်းထား
လစ်ဗျားနိုင်ငံတောင်ပိုင်းရှိ သဲခုံများနှင့် ကျောက်ဆောင်များသို့ မရောက်မီ ခရီးသွားများ သည် ကြယ်တာရာများအောက်တွင် တစ်ညတာ အချိန်ဖြုန်းခဲ့ကြသည်။ နောက်ဆုံးတွင် ကန္တာရ၏ ပုလဲရတနာဟု တင်စားရသော ဂတ်ဒိမ်းစ်သို့ ရောက် ရှိခဲ့ကြသည်။ အဆိုပါဒေသမှာ လစ်ဗျားနိုင်ငံ မြို့တော်ထရီပိုလီ တောင်ဘက် ကီလိုမီတာ ၆၅၀ အကွာတွင်ရှိသည်။ အဆိုပါဒေသကို ယူနက်စကိုက အိုအေစစ်မြို့အဖြစ် စာရင်းသွင်းထားသည်။ ရိုးရာ အိမ်များ၊ အခြားသော လည်ပတ်စရာနေရာများ တွင် ခရီးသွားများ လှည့်ပတ်သွားလာကာ ဓာတ်ပုံ များ ရိုက်ယူကြသည်။
အဓိကနေရာတွင်ရပ်တည်ခြင်းမရှိ
အသက် ၆၇ နှစ်အရွယ် ပြင်သစ်ခရီးသွားကြီးကမူ ၎င်းအနေဖြင့် လစ်ဗျားနိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင် ရောက်ဖူးကြောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် တစ်ကြိမ် ရောက်ဖူးကြောင်း ပြောသည်။ လစ်ဗျားနိုင်ငံသို့ သွားရောက်လည်ပတ်ရန် အုပ်စုတစ်စုနှင့်တွေ့သည့် အခါ တွန့်ဆုတ်နေခြင်းမရှိဘဲ လာရောက်လည်ပတ် ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ ခရီးသွား လုပ်ငန်းမှာ လစ်ဗျားနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အဓိကနေရာ၌ ရပ်တည်နေခြင်းမရှိပေ။
အမေရိကန်ဒေါ်လာသန်း ၄၀ ဝင်ငွေရ
၂၀ ရာစုအလယ်ပိုင်းမှစတင်ကာ လစ်ဗျားနိုင်ငံ ၏ အဓိက စီးပွားရေးလုပ်ငန်းမှာ ရေနံနှင့်ဓာတ်ငွေ့ လုပ်ငန်းပင်ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်များ က ကဒါဖီသည် ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးကို ပြင်ဆင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ကုလသမဂ္ဂ ၏ တိုက်တွန်းချက်ဖြင့် လေယာဉ်ပျံသန်းမှုပိတ်ဆို့ထားချက်များအပါအဝင် အခြားသောပိတ်ဆို့မှု များကို ဖြေလျှော့ပေးခဲ့သည်။ လစ်ဗျားနိုင်ငံတွင် ခရီးသွားကဏ္ဍအတွက် ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးဌာန ပေါ်ပေါက်လာသည်။ ၂၀၁၀ ပြည့်နှစ် တွင် နိုင်ငံခြားခရီးသွား ၁၁၀၀၀၀ ကို ဝင်ရောက်ခွင့် ပြုပေးခဲ့သည်။ ခရီးသွားလုပ်ငန်းမှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၄၀ ရရှိခဲ့သည်။
သွားရောက်လည်ပတ်ခြင်းမပြုရန် အကြံပေးထား
သို့သော်လည်း ၂၀၁၁ခုနှစ်တွင် လက်နက်ကိုင် ပဋိပက္ခပေါ်ပေါက်ခဲ့ပြီး ခရီးသွားလုပ်ငန်းအခြေအနေ များအားလုံး ရပ်တန့်ခဲ့ရသည်။ တစ်နှစ်ခန့်နီးပါး အတော်အတန်တည်ငြိမ်မှုကို တွေ့လာရသော်လည်း နိုင်ငံအတွင်း ဒေသအလိုက် တိုက်ခိုက်မှုများကို တွေ့နေရဆဲဖြစ်သည့်အတွက် နိုင်ငံအများအပြားမှာ ၎င်းတို့၏နိုင်ငံသားများ လစ်ဗျားနိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်ခြင်းမပြုကြရန် အကြံပေးထားသည်။
ပြောင်းလဲလို
ခရီးသွားလုပ်ငန်းကို ဦးစီးနေသည့် ခါလစ် ဒါဒီရာက လစ်ဗျားနိုင်ငံသည် ကျရှုံးနေသော နိုင်ငံဖြစ်သည်ဟူသော အယူအဆကို ပြောင်းလဲလို သည်ဟု ပြောကြားခဲ့သည်။ ဥရောပခရီးသွားများကို ပြန်လည်ဆွဲဆောင်နိုင်ရေးအတွက် စိတ်ကူးရှိခဲ့ပြီး ယနေ့အချိန်တွင် ခရီးသွားများပြန်လည်ဝင်ရောက် လာပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကိုးကား -အေအက်ဖ်ပီ