ကာလဝမ်းရောဂါ ဖြစ်ပွားကြောင်း ဆူဒန် တရားဝင်ကြေညာ

ခါတွန်   ဩဂုတ် ၁၇
ဆူဒန်နိုင်ငံအတွင်း   ကာလဝမ်းရောဂါဖြစ်ပွားနေကြောင်း  ဆူဒန် ကျန်းမာရေးဝန်ကြီး ဟိုင်သမ် မိုဟာမက် အီဗရာဟင်က ဩဂုတ် ၁၇ ရက်တွင် တရားဝင်ကြေညာသည်။
ကာလဝမ်းရောဂါကြောင့် လူပေါင်း ၃၁၆ ဦးခန့် သေဆုံး
ဆူဒန်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်းစမ်းသပ်မှု ရလဒ်အရ       ပြင်းထန်ကာလဝမ်းရောဂါ      ဖြစ်ပွားနေကြောင်း အီဗရာဟင်က  ထုတ်ပြန်ချက်တွင်   ပြောကြားထားသည်။   ယင်း ထုတ်ပြန်ချက်သည် ဆူဒန်တွင် ကာလဝမ်းရောဂါကြောင့် လူပေါင်း ၃၁၆ ဦးခန့် သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြား ပြီးနောက် မကြာမီ ထွက်ပေါ်လာခြင်းဖြစ်သည်။
ဦးနှောက်အမြှေးရောင်ရောဂါကူးစက်မှုများ မြင့်တက်လာ
ဆူဒန်နိုင်ငံတွင်   ကာလဝမ်းရောဂါဖြစ်ပွားသူ  ၁၁၃၂၇ ဦးနှင့် သေဆုံးသူ ၃၁၆ ဦးရှိခဲ့ကြောင်း၊ သွေးလွန်တုပ်ကွေးနှင့် ဦးနှောက် အမြှေးရောင်ရောဂါကူးစက်မှုများလည်း မြင့်တက်လာကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မာဂရက်ဟာရစ်က ဩဂုတ် ၁၆ ရက်တွင် ပြောကြားခဲ့သည်။  ကာလဝမ်းရောဂါကူးစက်ခံရသူ အရေအတွက်သည် ဖော်ပြထားသည့် ပမာဏထက်ပင် ပိုများနိုင်သည် ဟု ၎င်းက  ထပ်လောင်းပြောကြားသည်။
၂၀၂၃ ခုနှစ် ဧပြီလလယ်တွင် ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆူဒန်နိုင်ငံ၏ အရန်တပ်ဖွဲ့ဖြစ်သည့် အမြန်ထောက်ပံ့ရေး တပ်ဖွဲ့တို့ ကြား စစ်ပွဲဖြစ်ပွားပြီးကတည်းက ကာလဝမ်း၊ ငှက်ဖျား၊ ဝက်သက်နှင့် သွေးလွန်တုပ်ကွေးကဲ့သို့သော ကပ်ရောဂါများ ပျံ့နှံ့ခဲ့ပြီး လူရာပေါင်း များစွာ သေဆုံးခဲ့သည်။                                               ဆင်ဟွာ