ကျွဲ၊ နွားတိရစ္ဆာန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်တားဆီးမှု အရေးပါ

 

မိမိတို့နိုင်ငံ၏  စီးပွားရေးမှာ  မြေယာအခြေပြုသည့်   စိုက်ပျိုး မွေးမြူရေးအပေါ်တွင် အဓိကတည်မှီလျက်ရှိသည်။ စိုက်ပျိုးရေး နှင့် မွေးမြူရေးတို့မှာ အပြန်အလှန် အမှီသဟဲပြုနေသော လုပ်ငန်း များဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏  လူဦးရေ ၇၀ ရာခိုင်နှုန်း မှီတင်းနေထိုင်ရာ  ကျေးလက်ဒေသ၏  လုပ်ငန်းများဖြစ်သည့် အလျောက်  ခေတ်မီနည်းစနစ်များဖြင့် စီးပွားဖြစ်လုပ်ကိုင်ခြင်းအားဖြင့် တောင်သူများ ဝင်ငွေတိုးကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး လာမည်ဖြစ်သည်။ ကျေးလက်စီးပွားရေးတွင် အရေးကြီးသည့် တိရစ္ဆာန်များ(အထူးသဖြင့် ကျွဲ၊ နွား) တို့ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတစ်ဝန်းရှိ မြို့နယ်အသီးသီး တို့တွင်    မွေးမြူရေးခြံပိုင်ရှင်များအား    အသိပညာပေးခြင်း၊ တိရစ္ဆာန်ကာကွယ်ဆေး      ထိုးနှံပေးခြင်းတို့ကို      သက်ဆိုင်ရာ ဌာနဝန်ထမ်းများက      ကွင်းဆင်းဆောင်ရွက်ပေးလျက်       ရှိကြသည်။

 


မြန်မာနိုင်ငံတွင် ခိုင်းနွား ၉ ဒသမ ၅ သန်း၊ နို့စားနွား ၀ ဒသမ ၁၁ သန်းနှင့် ကျွဲ ၁ ဒသမ ၈ သန်းတို့  မွေးမြူထားရှိကြောင်း ၂၀၁၉ ခုနှစ်က ထုတ်ပြန်သည့်စာရင်းဇယားတစ်ခုတွင် တွေ့ရှိရ သည်။ ကျွဲ၊ နွား တိရစ္ဆာန်များကို ပြည်ပသို့ အရှင်တင်ပို့ခွင့်ပြုထားရာ စနစ်တကျ တွင်တွင်ကျယ်ကျယ် အင်တိုက်အားတိုက် ဆောင်ရွက် နိုင်သည်နှင့်အမျှ နိုင်ငံအတွက် အားထားရသည့် ဝင်ငွေတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။   မွေးမြူရေးလုပ်ငန်းများအတွက်   ဇီဝ လုံခြုံမှုနှင့် တိရစ္ဆာန်ကူးစက်ရောဂါများ  ကြိုတင်ကာကွယ်ရေး တို့မှာ လွန်စွာအရေးကြီးသည်။

 


မြန်မာနိုင်ငံတွင်  ကျွဲ၊ နွားများ  အဓိကဖြစ်ပွားလေ့ရှိသော ရောဂါများမှာ     ခွာနာလျှာနာ၊   ထောင့်သန်း၊  လည်ချောင်းကွဲ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများဖြစ်ပြီး ပြင်းထန်သည့်ကူးစက်ရောဂါ များလည်းဖြစ်သည်။ အဆိုပါ ရောဂါတစ်မျိုးမျိုး ကူးစက်ဝင်ရောက် လာပါက အနည်းနှင့်အများဆိုသလို စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှု များ  ဖြစ်ပေါ်လာမည်ဖြစ်သည်။  သို့ဖြစ်ရာ   ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလေ့ရှိသည့် ရာသီများမတိုင်မီ တိရစ္ဆာန်ကာကွယ်ဆေးများ ထိုးနှံထားခြင်း၊ ရောဂါကူးစက်ဝင်ရောက်လာပါက တိရစ္ဆာန်များ အကြား ကူးစက်ပျံ့နှံ့မှု မြန်ဆန်ပြီး သားလျှောမှု၊ သေဆုံးမှုတို့ မြင့်မားနိုင်သည့်အတွက် အချိန်နှင့်တစ်ပြေးညီ အရေးပေါ်တုံ့ပြန်မှု များ ဆောင်ရွက်နိုင်ရန် အသိသုတများ မွေးမြူရေးလုပ်ငန်းရှင် တောင်သူတိုင်းက  သိရှိနားလည်ခြင်းတို့  လိုအပ်သည်။ ကျွဲ၊ နွား ကူးစက်ရောဂါကာကွယ်ဆေးများမှာ စတင်ထိုးသည့် အရွယ်မှ စကာ   ပုံမှန်ခြောက်လတစ်ကြိမ်၊   တစ်နှစ်တစ်ကြိမ်  စသည်ဖြင့်   သက်ဆိုင်ရာ  ကာကွယ်ဆေးအမျိုးအစားအလိုက် မပျက်မကွက် ထိုးနှံသွားကြရမည်ဖြစ်သည်။ 

 


ကျွဲ၊ နွားများ အပါအဝင် မွေးမြူရေးတိရစ္ဆာန်များ ကာကွယ် ဆေး ပုံမှန်ထိုးပေးခြင်းအားဖြင့် ကူးစက်ရောဂါကြောင့် သေဆုံးမှု လျော့ကျစေမည်ဖြစ်သကဲ့သို့ လယ်ယာသုံးတိရစ္ဆာန်များအနေဖြင့် လည်း  လယ်ယာလုပ်ငန်းခွင်၌ အင်အားအပြည့် လုပ်ငန်းခွင်မပျက် လုပ်ငန်းများ  ဆောင်ရွက်နိုင်မည်ဖြစ်သည်။  ဈေးကွက်များသို့  တင်ပို့ ရောင်းချမည်ဆိုပါကလည်း ရောဂါကင်းစင်သော၊ ကျန်းမာ သန်စွမ်းသော တိရစ္ဆာန်များအဖြစ် တန်ဖိုးပိုမိုမြင့်မားစွာရရှိနိုင် သည့် ကောင်းကျိုးရလဒ်များ ဖြစ်ထွန်းနိုင်သည်ဟု အကျိုးမျှော်၍ နှိုးဆော်အပ်ပါကြောင်း။          ။