“မိမိတို့မြန်မာလူမျိုးများသည် မျိုးရိုးဗီဇအားဖြင့် အမျိုးသားရေးလက္ခဏာများကို အစဉ်လေးစားတန်ဖိုးထားကြသူများဖြစ်သဖြင့် အမျိုးသားရေးလက္ခဏာများကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြရန် လိုအပ်ကြောင်း၊ အမျိုးသားရေးလက္ခဏာ နှင့် အမျိုးသားယဉ်ကျေးမှုများ လျော့နည်းလာမည်ဆိုပါက မျိုးချစ်စိတ်ဓာတ်သည် လည်း တိမ်ကောပျောက်ကွယ်သွားမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ကင်းမဲ့ခြင်း သည် တိုင်းပြည်နှင့်လူမျိုးအတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်သည်”ဟု စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က မိန့်ကြားခဲ့သည်။
အမျိုးသားရေးလက္ခဏာဆိုသည်မှာ နိုင်ငံနှင့်လူမျိုးတို့၏ တန်ဖိုးထားသည့် အစဉ်အလာမပျက် ရှိရင်းစွဲလက္ခဏာများဖြစ်သည်။ ၎င်းတို့ကို နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ကြရသည်။ အမျိုးသားရေးလက္ခဏာများ အားကောင်း ခိုင်မာပါက နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ်ထက်သန်အားကောင်းသည်။ အမျိုး သားရေးလက္ခဏာများ ပျက်ပြယ်လာပါက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်လည်း လျော့ပါးလာပြီး တိုင်းပြည်ပျက်စီးခြင်းသို့ပင် ရောက်ရှိနိုင်သည်။ အားနည်းနေသော တိုင်းပြည်ကို ပြန်လည်တည်ဆောက်ရာ၌ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြန်လည် တည်ဆောက်ရသည်။ အမျိုးသားရေးသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံအတွက် မရမဖြစ်၊ မရှိမဖြစ်သော အရေးကြီးသောအချက်ဖြစ်သည်။
အမျိုးသားရေးသည် ခေတ်ကာလအချိန်အခါပေါ်မူတည်၍ ခံယူရမည့်အချက် ဖြစ်သည်။ မြန်မာနိုင်ငံ တိုင်းတစ်ပါးကျွန်ဘဝကျရောက်စဉ်က လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဟူသည့် အမျိုးသားရေးစိတ်ဓာတ်များ ထားရှိခဲ့ကြသည်။ လွတ်လပ်ရေးရပြီးသောအခါ၌ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူ အားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အမျိုးသားရေးကိစ္စဖြစ်သည်။ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်စေရေးအတွက် ငြိမ်းချမ်း ရေး၊ စည်းလုံးညီညွတ်ရေး၊ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် ရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၂၂ တွင်လည်း နိုင်ငံတော်သည် တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရေး ကူညီဆောင်ရွက်မည်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည် လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက် မည်ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်ရာတွင် လူမှုရေးဦးတည်ချက်တွင် “စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက် ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက် အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” စသည့်အချက်များကို သတ်မှတ်ပြီးဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက်ကာလများကတည်းက အမျိုးသားရေး လက္ခဏာများအား လေးစားတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်လာခဲ့သော နိုင်ငံဖြစ်သည်။ အမျိုးသားရေးလက္ခဏာ ခိုင်ကျည်မြဲမြံလာခဲ့၍ ဒေသတွင်းအလယ်၌ အခြေတင့်ဂုဏ်မြင့်ခဲ့သည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကို ထိပါက မချိအောင်နာတတ်သည့်စိတ်၊ ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားမည်ဆိုသည့်စိတ်ဓာတ်ပင်ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုကို တန်ဖိုးထားသဖြင့် မျိုးချစ်စိတ်ထက်သန်ကြပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို ကာကွယ်စောင့်ရှောက်မြှင့်တင်နိုင်ကြသည်။ နိုင်ငံ တစ်နိုင်ငံတွင် နိုင်ငံသူ နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေးသည် အထူး လိုအပ်သည်။ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်းရေးသည် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်အရေးဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံတွင် အမျိုး သားရေးစရိုက်လက္ခဏာများအား တန်ဖိုးထားထိန်းသိမ်းနိုင်ခြင်း မရှိပါက မျိုးချစ်စိတ်ဓာတ်များလျော့ပါးလာပြီး ပြည်ထောင်စုစိတ်ဓာတ်များလည်း ပျက်ပြယ်လာမည်ဖြစ်သည်။ ထိုအခါ ပြည်ထောင်စုသားအချင်းချင်း စည်းလုံး ညီညွတ်မှုပျက်ယွင်းပြီး တိုင်းပြည်အတွက် အန္တရာယ်ကြီးမားလာနိုင်သည်။
သို့ဖြစ်ရာ မျိုးချစ်စိတ်ဓာတ် ထက်သန်ရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန် ရေး၊ စစ်မှန်သောဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သည်။ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ကျစ်လျစ်ခိုင်မာသည့် စည်းလုံးညီညွတ်ရေး ကို စုပေါင်းအားဖြင့် ဆက်လက်ကြိုးပမ်းသွားကြရမည်ဖြစ်ပါကြောင်း။ ။