လူသားတို့၏ဘဝကို မွေးဖွားချိန်မှစ၍ သေဆုံးသည့်အချိန်အထိ တရားဥပဒေက စောင့်ရှောက်ပေးထားသည်။ လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်၊ အေးချမ်းစွာ နေထိုင်ခွင့်၊ ပရိယေသန ဝမ်းစာ ရှာဖွေနိုင်ခွင့်၊ ဓနဥစ္စာပိုင်ဆိုင်ခွင့် အစရှိသည့် အခွင့်အရေးများမှ သည် လူ့အဖွဲ့အစည်းများ၊ မြို့ပြရပ်ရွာများ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အထိ တရားဥပဒေက ထိန်းသိမ်းစောင့်ရှောက်ပေးထားခြင်းဖြစ်သည်။ တရားဥပဒေ သည် စာအုပ်ထဲမှာသာရှိနေသည့် ပြဋ္ဌာန်းချက်ပုဒ်မများသာ ဖြစ်မနေစေဘဲ ရှင်သန်နေစေရန်၊ လူ့အဖွဲ့အစည်းကို ကောင်းစွာ စိုးမိုးစေပြီး အေးချမ်းသာယာမှု ရှိနေစေရန်အတွက် အထောက် အကူပြုအဖွဲ့အစည်းများဖြစ်သည့် ရဲတပ်ဖွဲ့နှင့် တရားရုံးကဲ့သို့ သော ဥပဒေအဖွဲ့အစည်းများသည်လည်း ခိုင်ခိုင်မာမာရှိနေကြ ရသည်။
အကယ်၍သာ မြို့တစ်မြို့၊ ဒေသတစ်ခုတွင် ရဲတပ်ဖွဲ့၊ တရားရုံး စသည်တို့ မရှိတော့ဘဲ တရားဥပဒေစိုးမိုးမှုလည်း ပျက်ပြားပြီဆိုပါက ထိုမြို့ တစ်နည်းအားဖြင့် တရားဥပဒေမဲ့ ထိုလူ့အဖွဲ့အစည်းမှာလည်း ပျက်စီးသွားပြီဖြစ်သည်။ ရာဇသတ် ကြီး ခေါ် နိုင်ငံသားများ ကျူးလွန်သည့် ပြစ်မှုများနှင့် ပြစ်ဒဏ် များသည် လူ့အဖွဲ့အစည်းများထဲမှ ရာဇဝတ်မှု၊ ပြစ်မှုများအတွက် ပြဋ္ဌာန်းထားခြင်းဖြစ်ရာ တရားဥပဒေစိုးမိုးမှုသာ ပျက်ပြားပါက ရာဇဝတ်မှုများ ထူပြောလာပေတော့မည်။ လူသတ်၊ မုဒိမ်းကျင့်၊ လုယက်၊ ခိုးဝှက်၊ လိမ်လည်၊ အနိုင်ကျင့်ကြသူ ဒုစရိုက်သမားများက ကြီးစိုးလာကာ လူမှုအနိဋ္ဌာရုံများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင် ကြုံတွေ့နေကြရတော့မည်။
ယခုအခါ မိမိတို့နိုင်ငံသည် အရေးပေါ်ကာလ အခြေအနေ တစ်ရပ်ကို ဖြတ်သန်းနေရချိန်ဖြစ်သည်။ ရွေးကောက်ပွဲ မဲမသမာမှု နှင့်စပ်လျဉ်း၍ တာဝန်ယူမှု၊ ဖြေရှင်းမှုပြုလုပ်ရန် ပျက်ကွက်ခဲ့ သည်ကို အကြောင်းပြုကာ ဖြစ်ပေါ်လာရသည့် ယနေ့ နိုင်ငံရေး ဖြစ်စဉ်များအပေါ် သွေးထိုးလှုံ့ဆော်မှုများကြောင့် ပြည်တွင်း မြို့ရွာများတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဆူပူ လှုပ်ရှားအုံကြွမှုများက တရားဥပဒေစိုးမိုးမှု ပျက်ပြားရေးဆီသို့ ဦးတည်လျက်ရှိသည်။ အတွေးအခေါ် အယူအဆအမှားများ၊ သတင်းအချက်အလက်အတုအယောင်များ၊ မြှောက်ပင့်သွေးထိုး လှုံ့ဆော်မှုများ၊ ဆူပူအုံကြွမှု၊ ဖျက်ဆီးရမ်းကားမှုများ ပြုလုပ်ကြရန် နှပ်ကြောင်းပေးရေးသားမှုများကို ဖေ့စ်ဘုတ်ကဲ့သို့သော လူမှု ကွန်ရက်စာမျက်နှာများတွင် နေ့စဉ်နှင့်အမျှ ဖောဖောသီသီ တွေ့မြင်နေရပြီး တရားဥပဒေစိုးမိုးမှု ပျက်ပြားရေးနှင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားရေးကိုသာ ဦးတည်နေသည်ကို တွေ့ရသည်။
ဖေ့စ်ဘုတ်မှတစ်ဆင့် လှုံ့ဆော်မှုများနှင့် သတင်းတု သတင်း မှားများ၏ အကျိုးဆက်များအဖြစ် သက်ကြီးဝါကြီးဆရာတော် ကြီးများကိုပင်လျှင် ဆဲရေးတိုင်းထွာခြင်း၊ စွပ်စွဲပုတ်ခတ်ခြင်း၊ အချို့ဘုန်းတော်ကြီးများ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရခြင်း နှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ လူအုပ်စုဖွဲ့ အနိုင်အထက်ပြုကျင့် ခြင်း၊ လူ့ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အနိုင်ကျင့်မှုများ ပြုလုပ် ခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ၊ အများပြည်သူပိုင်ပစ္စည်းများသာမက လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့၏ ပုဂ္ဂလိကပိုင်ပစ္စည်းများကို အကြမ်း ဖက်ဖျက်ဆီးခြင်းတို့ကို အေးချမ်းစွာ ဆန္ဒပြခြင်းအမည်ခံ၍ ပြုလုပ်မှုများရှိနေသည်။ ဒေသတစ်ခုနှင့် တစ်ခု ဒေသအမည်ဖော်၍ အပြိုင်အဆိုင်ပြုလုပ်ကြပြီး ဓာတ်ပုံများနှင့် ဗီဒီယိုများကို အပြိုင် အဆိုင်ပင် ဖေ့စ်ဘုတ်တွင် တင်ပြကြရာ ဆန္ဒပြမှုမှသည် အဓိကရုဏ်းအဆင့်နှင့် ပြည်သူအချင်းချင်း အနိုင်ကျင့်၊ အကြမ်း ဖက်သည့် အဆင့်များသို့ ကူးပြောင်းနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရသည်။
ယခုအခါ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားတပ်များ ဝင်ရောက်လာရန်၊ လိုအပ်ပါက ရွှေတိဂုံဘုရားနှင့် ပုဂံဘုရားပုထိုးများကိုပင် ဗုံးကြဲတိုက်ခိုက်ရန်၊ ရပ်ကွက် ကျေးရွာများတွင် မည်သူ၏အုပ်ချုပ်ရေးကိုမှ လက်မခံ ဘဲ ကိုယ်တိုင်အုပ်ချုပ်ကြရန် စသည်တို့ အပါအဝင် အလွန်အကျွံ လှုံ့ဆော်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖော်ပြလျက်ရှိသည်ကို နေ့စဉ်တွေ့မြင်နေရသည်။ လူထုအတွင်း ကောလာဟလများ ကြောင့် ချောက်ချားနေစဉ် ဆန်ကောတစ်ချပ် လေလွင့်သည်ကို လိုက်ဖမ်းရာမှ သရေခေတ္တရာပျူမြို့ ပျက်ခဲ့ရသည့် ရာဇဝင်ကို သင်ခန်းစာယူနိုင်ကြရန်နှင့် မိမိတို့ ရပ်ရွာဒေသများအတွင်း မည်သည့်အကြောင်းနှင့်မျှ တရားဥပဒေစိုးမိုးမှု ပျက်ယွင်းမသွား စေရေးအတွက် ဒေသနေပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရပါမည့်အကြောင်း။ ။