
ရုပ်ရှင်တစ်ခေတ်မဆန်းမီက မြန်မာ့ဇာတ်သဘင်ရဲ့ ဖျော်ဖြေမှုတွေဟာ ပြည်သူတွေရဲ့စိတ်နှလုံးကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၁၂ လရာသီပွဲတော်တွေ၊ ဘုရားပွဲတွေမှာ ဇာတ်ပွဲတွေပါဝင်လေ့ရှိရာ ပြည်သူတို့အသည်းစွဲ ဇာတ်မင်းသား၊ မင်းသမီးတွေရဲ့အဆို၊ အငို၊ အပြော၊ ခေတ်နဲ့အညီ တီထွင်ဆန်းသစ်ထားတဲ့ ကဟန်တို့ကလည်း ပြည်သူတို့ရဲ့စိတ်ကိုညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ မွေးဖွား လာသူ စာရေးသူရဲ့အဘွားကတော့ ရွှေမန်း တင်မောင်က သူ့အကြိုက်ဆုံး ဇာတ်မင်းသား ဖြစ်ကြောင်း ပြောလေ့ရှိပါတယ်။ ရွှေမန်းတင်မောင် က မြန်မာ့ဇာတ်သဘင်လောကကို ထူးသည်ထက် ဆန်းလာအောင် တီထွင်ဆန်းသစ်နိုင်ခဲ့တဲ့ ဇာတ် သဘင်ပညာရှင်တစ်ဦး၊ လွတ်လပ်ရေးရပြီးစ မြန်မာ့ ဇာတ်သဘင်လောကမှာ နာမည်ကျော်လူကြိုက် များခဲ့ပြီး အလင်္ကာကျော်စွာဘွဲ့ရ ဇာတ်မင်းသား တစ်ဦးဖြစ်ပါတယ်။
ဂန္ထဝင်မြောက်ပြဇာတ်
ရွှေမန်းတင်မောင်ရဲ့ မြတ်ဗုဒ္ဓဖွားတော်မူခန်း၊ လေးတင်ခန်း၊ တောထွက်ခန်းတွေအပြင် ၅၅၀ ဇာတ်နိပါတ်တော်တွေကလည်း ပရိသတ်တို့အကြား မှာ ရေပန်းစားခဲ့ရတဲ့ ဇာတ်တော်ကြီးတွေပဲဖြစ်ပါ တယ်။ အဆို၊ အပြော ဇာတ်သဘင်ပညာကို ပိုင်နိုင် လေတော့ ရွှေပွဲလာပရိသတ်တို့မှာ ထိုဇာတ်တော် ကြီးတွေကို တစ်ထိုင်တည်းမှတ်မိလောက်အောင် စိတ်ထဲစွဲမြဲခဲ့ရပါတယ်။ ဂန္ထဝင်မြောက်ပြဇာတ် တွေအပြင် ဇာတ်စင်ရဲ့အပြင်အဆင်၊ အခင်းအကျင်း၊ ဆလိုက်မီးတွေကလည်း အမှောင်ထဲမှာ တလက် လက်၊ တဖိတ်ဖိတ်တောက်နေပြီး အသက်ဝင်တယ် လို့ပြောကြပါတယ်။
ရွှေမန်းတင်မောင်က ဇာတ်ခုံအပြင်အဆင်တွေ ကအစ ဆလိုက်မီးတွေကို စတင်ဆန်းသစ်လိုက် တဲ့အတွက် “မီးရောင်ခြည်အစ ရွှေမန်းက” လို့ ဆိုစမှတ်ရှိသလို အပြော၊ အဟောကောင်းတဲ့ အတွက် အပြောကတော့ရွှေမန်းလို့ ဆိုကြပါတယ်။ ယနေ့ခေတ်တိုင် အပြောကောင်းသူကို အပြောက တော့ ရွှေမန်းပဲဟု တင်စားပြောဆိုနေကြဆဲလည်း ဖြစ်ပါတယ်။
ဇာတ်သဘင်ပညာက ဖျော်ဖြေမှုကို အသိ ပညာပေးမှုနဲ့ပေါင်းစပ်ပြီး ပြည်သူတို့ရဲ့ စိတ်နှလုံး ကို ဆွဲဆောင်စည်းရုံးနိုင်တဲ့ အနုသုခုမအတတ်ပညာ ဖြစ်ပါတယ်။ မရှိသည်ကို အရှိထင်၊ မဟုတ်သည်ကို အဟုတ်ထင်၊ ငိုအောင်၊ ရယ်အောင်၊ စိတ်အား တက်ကြွအောင်၊ ဝမ်းသာ၊ ဝမ်းနည်းအောင် ပရိသတ် တွေကို လှည့်စားဆွဲဆောင်နိုင်တဲ့ အလွန်သိမ်မွေ့ နက်နဲတဲ့ပညာရပ်ပဲဖြစ်ပါတယ်။
ဇာတ်လမ်းဇာတ်ကွက်ကို အာရုံစူးစိုက် လာအောင် ဇာတ်ခုံကို အမှောင်ချထားပြီး ပွဲကြည့် ပရိသတ်တွေ မသိစေချင်တာကို အမှောင်ထဲမှာ ကွယ်ထား၊ ပြသလိုတာကို မီးမောင်းထိုးပြသ သရုပ်ဆောင်ခြင်းအတတ်ပညာနဲ့ အနုပညာကို သဘာဝကျကျ ပေါင်းစပ်ခြင်းဖြစ်ပါတယ်။ ညအမှောင်မှာ ဆလိုက်မီးတွေရဲ့ အံ့မခန်းစေစား ချက်တွေကြောင့်လည်း ဇာတ်ခုံထက်မှ လျှပ်စီး လက်ဟန်၊ မိုးရွာဟန်၊ လျှပ်စီးလက်လိုက်တဲ့ ရောင်ခြည်တန်းကြီးတွေနဲ့ မိုးကြိုးထစ်သံတို့မှာ တကယ်အလား ထင်မှတ်မှားကြရပါတယ်။
အလင်းရောင်ဝါ ထိန်ထိန်သာနေရင် မမြင် တွေ့စေလိုတာတွေကို ဖုံးကွယ်လို့ရမှာ မဟုတ် ပါဘူး။ စာရေးသူကြည့်ခဲ့ဖူးတဲ့ ပြဇာတ်တစ်ခုကို ကွင်းကွင်းကွက်ကွက်မြင်လာအောင် ဥပမာတစ်ခု အနေနဲ့ ထုတ်နုတ်တင်ပြရရင် ကိန္နရီကိန္နရာ ပြဇာတ်မှာ ကိန္နရီကိန္နရာတို့ ကောင်းကင်မှာ ပျံတဲ့ ဇာတ်ဝင်ခန်း၊ ဇော်ဂျီကတဲ့အခါ ကောင်းကင်မှာ ပျံတဲ့ဇာတ်ဝင်ခန်းတွေမှာ မင်းသား မင်းသမီးတွေရဲ့ ကျောမှာ ကြိုးကိုချိတ်ထားပြီး ကောင်းကင်မှာ တကယ်ပျံနေသယောင် သရုပ်ဖော်ကြရပါတယ်။ ကြိုးချိတ်ထားတာကို အမှောင်ထဲမှာမှ မမြင်ရမှာ ဖြစ်ပါတယ်။ အားလုံးကို မြင်တွေ့နေရရင် အာရုံ ဝင်စားဖို့၊ သူတို့ရဲ့ အဆို၊ အငို၊ လွမ်းခန်းမှာ လိုက်ပါ စီးမျောဖို့ဆိုတာ ခက်ခဲမှာဖြစ်ပါတယ်။
ပရိသတ်ရဲ့စိတ်အာရုံကိုလွှမ်းမိုး
ဒါကြောင့်လည်း ဇာတ်ပွဲတွေကို ညအချိန်မှာ ကပြကြတာဖြစ်ပါတယ်။ ညအမှောင်ရဲ့ လွှမ်းမိုးမှု၊ အမှောင်ရဲ့သဘာဝကို အားပြု၊ အနုပညာပရိယာယ် နဲ့ ဖန်တီးပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ရုပ်တွေက ရုပ်လုံးကြွသက်ဝင်လာပြီး ပရိသတ်ရဲ့ စိတ်အာရုံကို လွှမ်းမိုးချုပ်ကိုင်နိုင်လာ၊ ပျော်စေ၊ လွမ်းစေ၊ စိတ်အားတက်ကြွစေလာတော့တာ ဖြစ်ပါတယ်။
အနုပညာပြောင်မြောက်
ပြည်သူတို့ လေးစားအားကျအတုယူရမယ့် အပြုအပြောတွေ၊ အံ့မခန်းအနုပညာမြောက် စွမ်းဆောင်ချက်ကြောင့် နာမည်ကျော်ကြား ထင်ရှားခဲ့တဲ့ ဇာတ်သဘင်ပညာရှင်တွေ အမြောက် အမြားပေါ်ထွန်းခဲ့ပါတယ်။ နိုင်ငံတော်ကလည်း အလင်္ကာကျော်စွာဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ စသဖြင့် ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်ဂုဏ်ပြုခဲ့ရတဲ့အထိ ထိုသူတို့ရဲ့အနုပညာဟာ တကယ်ကို ပြောင်မြောက် ပြီး ပြည်သူအတွက် စေတနာစစ်မှန်ခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။
နောက်ပိုင်းခေတ်မှာတော့ ဇာတ်စာ၊ ဇာတ် ပညာ၊ ဇာတ်အနုအလှ တစ်ခုမှမကျေညက်၊ အဖော် အချွတ် အညှီအဟောက်ဖျော်ဖြေမှုတွေနဲ့ ပရိသတ် ကို ဆွဲဆောင်တဲ့ဇာတ်သဘင်အချို့ကိုလည်း တွေ့မြင်လာရပါတယ်။ လေးစားအတုယူဖွယ် အနုပညာရသ မပါ၊ အသိပညာမရနိုင်တဲ့ ဖျော်ဖြေမှု သက်သက်ကတော့ ပရိသတ်အပေါ် စေတနာမဲ့ လွန်းရာကျပါတယ်။
အသက်ငယ်သည်ဖြစ်စေ၊ ရုပ်ချောသည်ဖြစ်စေ ပရိသတ်ကို ဇာတ်သဘင်ရဲ့အနှစ်သာရအနုပညာနဲ့ လောကကြောင်း၊ ဓမ္မကြောင်း၊ ရာဇကြောင်း လမ်းကောင်းလမ်းမှန် မညွှန်ပြနိုင်တဲ့ဇာတ်မျိုးကို စင်တင်မပေးသင့်ပါဘူး။ သဘင်ဆိုတာ ပုဗ္ဗနိမိတ်ကို ဆောင်တဲ့အထဲမှာ ပါဝင်ပါတယ်။ မင်္ဂလာရှိတဲ့ သီချင်း၊ မင်္ဂလာရှိတဲ့စကား၊ ကျက်သရေရှိတဲ့အသံ၊ ကျက်သရေရှိတဲ့အကြောင်းအရာ၊ အပြအသ၊ အတီး အမှုတ်၊ အဆိုအကတွေနဲ့ ပြည်သူလူထုကို တင်ဆက်ရတာဖြစ်ပါတယ်။
လေ့လာဆည်းပူးမှု၊ အလေ့အကျင့်၊ သင်ယူ မှတ်သားခဲ့တဲ့အတွေ့အကြုံ သမ္ဘာလည်း လိုပါ တယ်။ ရွှေပွဲလာပရိသတ်တွေကို ရိုသေလေးစားတဲ့ ဂါရဝတရားလည်း လိုပါတယ်။ ပျော်စေချင်၊ ကြည်နူးစေချင်သလို သံဝေဂရသင့်တာကို ရကြ စေချင်တဲ့ ကောင်းမွန်မြင့်မြတ်တဲ့ စိတ်စေတနာ အရင်းခံပြီး မေတ္တာနဲ့ညွှန်ပြကြရတာဖြစ်ပါတယ်။
‘ဇမ္ဗူဒိပ်နိမိတ်’ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း ဩဘာနိမိတ်ထွန်းပါတယ်။ မင်္ဂလာရှိတဲ့စကား၊ မင်္ဂလာရှိတဲ့အပြုအမူ၊ မင်္ဂလာရှိတဲ့အတွေးအမြင်၊ အကြံအစည်တွေနဲ့ပြည့်စုံမှ ပရိသတ်၊ လူအများ လည်း ကောင်းကျိုးဝေဖြာကျက်သရေမင်္ဂလာရှိစေ ပါတယ်။ ကလေးငယ်၊ သဘင်သည်၊ သူရူးတွေရဲ့ စကားဟာ မှန်တတ်တယ်လို့ ရှေးလူကြီးတွေ ယုံကြည်ကြတာကိုလည်း မှတ်သားဖူးပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ ကနေ ယနေ့အထိ ထင်ရှားကျော်ကြားနာမည်ကြီးတဲ့ မိမိကိုယ်ကို မြှင့်တင်ပျိုးထောင်နည်းတက်ကျမ်း (Self Help) စာအုပ်တွေကို ဖတ်ကြည့်ရင် မိမိရဲ့ ကာယကံ၊ ဝစီကံ၊ မနောကံသုံးပါးစလုံးက အပြုသဘော (Positive Thinking) ဘက်က တွေးခေါ်ရမယ်လို့ ဖော်ပြထားကြပါတယ်။ လူဆိုတာ ကိုယ်တွေးထင် မျှော်မှန်းထားတဲ့၊ ရောက်ရှိတတ်တဲ့ သဘောရှိပါ တယ်။ အတွေးအကြံဟာ အကျင့်ဖြစ်သွားပြီး ထိုသူရဲ့ဘဝကို ဖန်တီးတာဖြစ်ပါတယ်။
ပရဟိတအများကောင်းကျိုးအတွက် အနစ် နာခံပြီး ဆော်ဩ၊ လှူဒါန်း၊ ပေးဝေ၊ ဦးဆောင်ကူညီ၊ သီလစောင့်၊ ကောင်းမှုကုသိုလ်အမျိုးမျိုးကို ပြုလုပ် လေ့ရှိသူတွေကို ရပ်ထဲရွာထဲမှာ တွေ့မြင်ဖူးကြပါ လိမ့်မယ်။ ရှားပေမယ့် ရှိပါတယ်။ ဘာကောင်းမှု ကုသိုလ်တွေ လုပ်ဆောင်ရမလဲလို့ အမြဲတွေးတော စဉ်းစားနေတတ်သူတွေ ဖြစ်ပါတယ်။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို ဘယ်လို ပွားများအောင် လုပ်ဆောင်ဆည်းပူးရမလဲလို့ ကြံစည်နေတတ်သူအဖို့ တစ်ခုမဟုတ်တစ်ခု ကောင်းမှုကုသိုလ်တွေက အထမြောက်နေပါတော့ တယ်။
ကံသုံးပါးမှာ မနောကံက ရှေ့ကဦးဆောင် ပါတယ်။ ဒါကြောင့် ကောင်းတဲ့အတွေးအကြံတွေ ရှိဖို့ လိုပါတယ်။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ မြတ်စွာဘုရား မိန့်တော်မူခဲ့ပါတယ်။ စေတနာ ဟာ ကံလို့ဆိုတာကြောင့် စိတ်စေတနာမှန်ဖို့ လိုပါတယ်။ ဒါ့အပြင် မြတ်ဗုဒ္ဓဟောတော်မူတဲ့ ပိဋကတ်သုံးပုံကို တစ်လုံးတည်းပြောပါဆိုရင် ‘စိတ်’ လို့ အချို့ဆရာ တော်ကြီးတွေ ဟောကြားထားတာကို ကြားနာဖူးပါတယ်။
စေတနာကောင်း၊ စိတ်ကောင်း ဦးဆောင် နိုင်အောင်၊ မကောင်းတဲ့စိတ်၊ မကောင်းတဲ့ အတွေး အကြံတွေ မဝင်နိုင်အောင် စိတ်ကို သတိနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ စိတ်ပုပ်၊ နှုတ်ပုပ်၊ အလုပ်ပုပ်တဲ့သူတွေက အနှေးနဲ့အမြန် ပြိုလဲ ပျက်စီးကျရှုံးကြတာကို တွေ့မြင်ဖူးပါတယ်။
ပရိသတ်အတွက် အကျိုးမရှိနိုင်
ဒါကြောင့် စေတနာမမှန်တဲ့ ဇာတ်သဘင်၊ စေတနာမမှန်တဲ့ အနုပညာရှင်တွေကတော့ ဖရိုဖရဲ ဇာတ်ခေါင်းကွဲပြီး ပြိုလဲကျရှုံးကြရပါတယ်။ ပရိသတ်အားမပေးလို့ဆိုပေမယ့် သူတို့ရဲ့ ကြမ်းတမ်းတဲ့စကားတွေ၊ ရမ်းကားတဲ့ ကပြ၊ ဖျော်ဖြေတင်ဆက်ပုံတွေကြောင့် ပရိသတ်က လက်မခံတာဖြစ်ပါတယ်။ ဘယ်သူမပြုမိမိမှုလို့ ဆိုရ မှာပဲဖြစ်ပါတယ်။ စည်းလွတ်ဝါးလွတ်၊ အဖော် အချွတ်တွေနဲ့ ဒိုးဒိုးဒန့်ဒန့်လုပ်ပြတိုင်း ပွဲဆူရုံက လွဲလို့ ပရိသတ်အတွက် အကျိုးမရှိနိုင်ပါဘူး။ အကျိုးရှိအောင် တင်ဆက်နိုင်ဖို့သာ အရေးကြီးပါ တယ်။
ဇာတ်သဘင်ပညာ၊ အနုပညာဇာတ်ရည် လည်အောင် ကပြနိုင်ရင် ပရိသတ်က ကြိုက်ကြတာ ပါပဲ။ ပါးစပ်က အနုပညာသည် ပြည်သူအတွက်လို့ အော်နေပေမယ့် ‘ကောင်းကျိုးပါမှ ပညာရ’ ဆိုတဲ့ အတိုင်း ပြည်သူအတွက် အကျိုးရှိတာ၊ အကျိုး ပြုတာတွေလည်းပါဖို့ လိုပါတယ်။ ဇာတ်သမား ပြန်ရင် မှတ်သားစရာတော့ကျန်ခဲ့ရမှာ မဟုတ် ပါလား။ ။
ကိုထွန်းခင်
- Log in to post comments