ကောင်းကင်ဘုံ တောင်ဘက်တံခါးပေါက်မှ ဖွံ့ဖြိုးရေးပန်းခင်းများ

Type
1

(ယမန်နေ့မှအဆက်)
(၆)


မြောင်ဇီးအမျိုးသမီးများ၏ ခေါင်းတွင်  အနက်စအရှည်  ဆယ်ကိုက်ကျော်ခန့် အား    အထပ်ထပ်ဖြင့်     လှပစွာ ခေါင်းပေါင်းပြုလုပ်၍  ဆင်မြန်းထားကြ ၏။   ကော်လံအပြားကြီးပါသော  အင်္ကျီ လက်ရှည်ဆင်မြန်း၏။ ထိုအင်္ကျီလက် တွင် အဖြူ၊ အနီ၊ အပြာ၊   အဝါ၊   အစိမ်း၊ ခရမ်း၊  လိမ္မော်အစရှိသော  အရောင် တန်းများဖြင့်    အလှဆင်ထားပြန်၏။ ထို့နောက်    အပေါ်တွင်        လက်ပြတ် ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာ စကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက် တွင် အမြတ်တနိုးဖြင့်  ပန်းဖွားပါသော      အဝတ်ကြိုးရှည်ကို    ဆင်မြန်းကြလေ သည်။ 


ရှေ့တွင်   ရှေ့ဖုံးအဖြစ်    တစ်ထပ် ထပ်ဆင့်၍  ဆင်မြန်းကြသည်။   လက် တွင် ဆင်မြန်းထားသော   အရောင်တန်း များအလိုက်  ခါးတွင်လည်း  ရောင်စုံ ကြိုးများကို   အလှဆင်ချည်နှောင်ကြ သည်။      ခြေပတ်အဖြူကိုလည်း    ဆင်မြန်းထားပါသေးသည်။ 
မြောင်ဇီးလူမျိုး၏      ထူးခြားသည့် ဓလေ့များနှင့်အတူ မျက်နှာများ၏ နုပျို မှုများဖြင့်     ဖူးပွင့်ဝေဆာနေကြသည်။ ကြည်လင်ရှင်းသန့်နေကြပါသည်။ ရိုးရိုး သားသား      ပွင့်ပွင့်လင်းလင်းလှသည့် တိုင်းရင်းသူ တိုင်းရင်းသားများ ဖြစ်ကြ ပါသည်။


စာရေးသူတို့အဖွဲ့သည် လောက် ကိုင်မှကွမ်းလုံသို့   ဆက်သွယ်သည့်  လမ်းကြောင်း         နှစ်ကြောင်းအား စစ်ဆေးပြီးချိန်တွင်တော့    ညနေနေဝင်   ရီရီအချိန်ဖြစ်နေပေပြီ။   ကောင်းကင် ကြီးက လိမ္မော်‌ရောင်ရင့်ရင့်မှ အနီဘက် သို့ ကူးလုကူးခင် အလင်းတန်းများကတိမ်စိုင်များကြားမှ       ဖောက်ပြီး တောင်တန်းများ    သစ်တောများပေါ် ကျရောက်နေကြ၏။


မြန်မာနိုင်ငံ၏      ရှုခင်းများကတော့ ဘယ်နေရာရောက်ရောက်၊  ဘယ်အချိန် ရောက်ရောက် သူ့အချိန်နှင့်သူ  လှပမှုများ ဖြင့် တန်ဖိုးမဖြတ်နိုင်ပေ။
လောက်ကိုင်ကို   ပြန်ရောက်တော့ ညမှောင်နေပေပြီ။ 
ရောင်စုံမီးများကြားမှာ   လောက်ကိုင် မြို့ကြီးက လှပလို့နေပေပြီ‌။
လောက်ကိုင်မြို့သည် ၁၈၃၉ ခုနှစ် က စတင်ခဲ့ပြီး ယနေ့တိုင် နှစ်ပေါင်း ၁၈၂ နှစ်ခန့် သမိုင်းရှိသော   မြို့တစ်မြို့ဖြစ်ပါ သည်။
မာလီရှုပင်များ ပေါက်ရောက်နေသော ဒေသဖြစ်၍  “မာလီပါး”ဟု  စတင်အမည် တွင်ခဲ့ပြီး နောက်နောင်တွင်မှ   ဆင့်ကိုင်- လောက်ကိုင်ဟု    အမျိုးမျိုးပြောင်းလဲ ခေါ်ဆိုခဲ့ကြကြောင်း သိရပါသည်။
(၇)
“လောက်” မှာ “ဟောင်းနွမ်းသော” ဟု အဓိပ္ပာယ်ရပြီး “ကိုင်” မှာ “ဈေး”ကို ဆိုလိုပါသည်။   ပေါင်းစပ်လိုက်ပါက “ဈေးဟောင်း”ဟု  အဓိပ္ပာယ်ရလေသည်။ ကိုးကန့်ဒေသကို  ကိုးကန့်စော်ဘွားများ အုပ်ချုပ်ခဲ့စဉ်က  “လောက်ကိုင်မြို့”မှာ အိမ်ခြေ   ၂၀   ခန့်သာရှိသော    “ကျင်ယွီ ထန်”ဟု အမည်ရသည့် “ကိုးကန့်ရွာငယ် လေး”ဟု ဆို၏။    ကိုးကန့်စော်ဘွား “ယန်ကျင့်ဆွင်” က     လောက်ကိုင်တွင် ငါးရက်တစ်ပတ်ဈေးနေ့ သတ်မှတ်ပေးခဲ့ သဖြင့် စည်ကားမှု စတင်ဖြစ်ပေါ်ခဲ့သည် ဟု မှတ်တမ်းများက ဆိုခဲ့ကြပါသည်။


အနှီ “ဈေးဟောင်း”မှ  စတင်ခဲ့သော “လောက်ကိုင်”သည်  ယနေ့အချိန်တွင် အဆောက်အအုံများ၊  ကတ္တရာလမ်းမကြီး များ၊     စက်ရုံအလုပ်ရုံများ၊   အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ၊      ဟိုတယ်၊ မိုတယ်များ၊ အပန်းဖြေနေရာများ၊ ဘဏ် များ၊  အရောင်းဆိုင်များ၊   ဈေးများဖြင့် ခေတ်မီဒေသတစ်ခုအဖြစ်    တိုးတက် ဖွံ့ဖြိုးခဲ့ပေပြီ။


ဤသို့သော  ဖွံ့ဖြိုးတိုးတက်မှုများ သည် “ငြိမ်းချမ်းရေးမျက်နှာစာ” များက စတင်သန္ဓေတည်ခဲ့ခြင်း ဖြစ်ပါသည်။
ဖွံ့ဖြိုးမှုပန်းခင်း၏       မြစ်ဖျားသည် ငြိမ်းချမ်းခြင်း   မြေဆီမြေနှစ်စီးဆင်းမှုမှ  အခြေခံခဲ့သည်မှာ      ငြင်း၍မရနိုင်သော အမှန်တရားဖြစ်ပါသည်။ 
ဤမည်သော    ကိုးကန့်ဒေသသည် ဗကပလက်အောက်သို့     အစောဆုံး ကျရောက်ခဲ့ရသောဒေသ    ဖြစ်သကဲ့သို့ ဗကပကို အစောဆုံး  ပြန်လည်တွန်းလှန် တိုက်ထုတ်ခဲ့သော     ဒေသလည်းဖြစ်ပါ သည်။  စင်စစ်   ကိုးကန့်အဖွဲ့သည် ၁၉၈၂ ခုနှစ်ခန့်မှစ၍   ဗကပအောက်မှ ခွဲထွက် ရန် တင်ကူးကြံရွယ်ချက် ရှိခဲ့ပြီးဖြစ်သည်။ ဗကပတို့သည်   တိုက်ပွဲကြီးများ   ဆင်နွှဲ တိုင်း ကိုးကန့်၊ “ဝ”တိုင်းရင်းသားများကို ရှေ့တန်းမှတင်၍ အသေခံတိုက်ခိုင်းခဲ့ကြ သည်။ ပွိုင့်- ၆၀၄၁ တောင်ကုန်းတိုက်ပွဲ ကြီးမှအစပြု၍ ကိုးကန့်တိုင်းရင်းသားတို့ အသက်ပေါင်းများစွာ စတေးခံခဲ့ကြရသည်။ 


၁၉၈၆     ခုနှစ်တွင်    ဖြစ်ပွားခဲ့သော စီစီဝမ်- တာပန်တိုက်ပွဲသည်  ဗကပတို့ ဦးကျိုးခဲ့သော  တိုက်ပွဲဖြစ်သည်။ မရှုမလှ ရှုံးနိမ့်ခဲ့ရပြီး   စိတ်ဓာတ်အင်အား၊    လူ အင်အားများစွာ ချည့်နဲ့ယိမ်းယိုင်သွားစေ ခဲ့သည်။ ကိုးကန့် တိုင်းရင်းသားခေါင်းဆောင် များအနေဖြင့်လည်း ဗကပနှင့်ဆက်လက် ၍ လက်တွဲနေလျှင် မိမိတိုင်းရင်းသားများ ယခုထက်   ပိုမိုနစ်နာဆုံးရှုံးပြီး  အကျိုးမဲ့ မည်ကို သုံးသပ်လာခဲ့ကြသည်။
(၈)
ကိုးကန့်အဖွဲ့သည်   ငြိမ်းချမ်းရေး အကျိုးဆောင်များ၏   ဆက်သွယ်ပေးမှု ကြောင့်   ၁၉၈၇ ခုနှစ်မှ    စတင်ပြီး တပ်မတော်က       တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။       ထိုသို့ ဆွေးနွေးပြီးနောက်  ကိုးကန့်တိုင်းရင်းသားခေါင်းဆောင်များသည်    မိမိတို့ အောက်ခြေတပ်ဖွဲ့များ၏  သဘောတူညီ ချက်ဖြင့်   ၁၂- ၃- ၈၉   ရက်နေ့တွင် ဗကပမှခွဲထွက်ကြောင်း       ကြေညာခဲ့ပါ သည်။ နိုင်ငံတော်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး လက်နက်နှင့် ငြိမ်းချမ်းရေးရယူခဲ့ သည်။ အမှောင်မှအလင်းသို့  ကူးပြောင်း ခဲ့ပေပြီ။ 


နိုင်ငံတော်က  သံလွင်မြစ်အရှေ့ခြမ်း လောက်ကိုင်ဒေသကို    ကိုးကန့်အထူး ဒေသ(၁)ကိုးကန့်ဒေသအဖြစ်  သတ်မှတ် ပေးခဲ့ပြီး  ပံ့ပိုးကူညီမှုများနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို     အမြန်ဝင်ရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
ရာနှုန်းပြည့်   ငြိမ်းချမ်းရေးရရှိသည့် အခြေအနေတွင်     ဆောင်ရွက်ခဲ့ခြင်း မဟုတ်ဘဲ    လက်နက်ကိုင်ပဋိပက္ခများ ကြားမှ     ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ဒေသအတွင်း ပြဿနာများ   ရှိခဲ့ပါသည်။ သို့သော် ၂၀၀၈ ခုနှစ်    ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ “ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့” ကို ၃၀-၃-၂၀၁၁ ရက်နေ့တွင်   ဖွဲ့စည်းခဲ့ပြီး     ဒေသ၏ အုပ်ချုပ်ရေး၊   လူမှုရေးနှင့်   စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊       ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို  ဆက်လက် ဆောင်ရွက်နိုင်ခဲ့ပေပြီ။


နယ်စပ်ရေးရာ    ဝန်ကြီးဌာနသည် မူဝါဒ (၄)  ရပ်၊  ရည်မှန်းချက်    (၇)ရပ် ချမှတ်၍      တိုင်းဒေသကြီးနှစ်ခု၊   ပြည်နယ်ခုနစ်ခု၊     ပြည်နယ်ခွဲနှစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/    ဒေသ ခြောက်ခုတို့တွင်     နယ်စပ်ဒေသနှင့်    တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးနှင့်     လူ့စွမ်းအားအရင်းအမြစ်        ဖွံ့ဖြိုးတိုးတက်ရေး         လုပ်ငန်းများအား    အကောင်အထည်ဖော်       ဆောင်ရွက် ပေးလျက်ရှိရာ            ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည်လည်း       အပါအဝင်ဖြစ်ပါသည်။


နယ်စပ်ရေးရာ   ဝန်ကြီးဌာနမှာ ယနေ့အထိ    ကိုးကန့်ဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများအား ငြိမ်းချမ်းရေး ယူချိန်မှစတင်၍ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာ နှစ်အထိ လမ်းပန်းဆက်သွယ်ရေးနှင့်  ဆက်သွယ်ရေး    ကောင်းမွန်စေရေး အတွက် မြေလမ်း ၄၆၄ မိုင် ၁ ဖာလုံ၊    ဖြုန်းလမ်း နှစ်မိုင်၊ ကျောက်လမ်း ၃၆၆ မိုင် ၂ ဖာလုံ၊ ကတ္တရာ လမ်း ၁၁၈ မိုင် ၇ ဒသမ ၁၇၄ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာ လမ်း ၄ မိုင် ၅ ဖာလုံ၊ လမ်းပြင်/ထိန်း လုပ်ငန်း ၅၄၀ မိုင် ၂ ဒသမ  ၁၅ ဖာလုံ တို့ကိုလည်းကောင်း၊ ကွန်ကရစ်တံတား (ကြီး/ငယ်) ၁၂၆ စင်း၊ Box Culvert ၁၁၃ စင်း၊ ‌ရေပြွန် ၇၁ စင်း တို့ကိုလည်းကောင်း၊ ရေရရှိရေးလုပ်ငန်းအတွက် ရေရရှိရေး လုပ်ငန်း   ၂၅    ခုကိုလည်းကောင်း၊ စွမ်းအင်လုပ်ငန်းအတွက်  မီးသွယ်တန်း ခြင်း   လုပ်ငန်းသုံးခု၊   လျှပ်စစ်မီးရရှိရေး ငါးခုနှင့် ရေအားလျှပ်စစ်လုပ်ငန်းနှစ်ခု တို့ကိုလည်းကောင်း၊  
(၉)
 သာသနာရေး၊      ပညာရေးနှင့် အိမ်ရာလုပ်ငန်းများအတွက်  ဘုန်းကြီး ကျောင်း ၁၃ ကျောင်း၊      အခြားသာသနိက အဆောက်အအုံသုံးခုနှင့်    ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းနှစ်ခု၊         အခြေခံပညာ ကျောင်း ၄၆ ‌ကျောင်းနှင့် မြို့တည်ဆောက် ရေး လုပ်ငန်းခုနစ်ခု၊ တန်ဖိုးနည်းအိမ်ရာ ၁၂၇ လုံး၊  ဝန်ထမ်းအိမ်ရာ   (လုံးချင်း)လုပ်ငန်းတစ်ခု၊   နှစ်ခန်းတွဲဝန်ထမ်း အိမ်ရာခြောက်လုံးတို့ကို လည်းကောင်း၊ ကျန်းမာရေးလုပ်ငန်းအတွက် ဆေးပေး ခန်းခုနစ်ခန်း၊        ဆေးရုံခြောက်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနလေးခုနှင့် ကျေးလက်ကျန်းမာ‌ရေးဌာနခွဲ  တစ်ခု တို့ကိုလည်းကောင်း၊     စိုက်ပျိုးရေး    လုပ်ငန်းအတွက်  စိုက်ပျိုးမြေဖော်ထုတ် ခြင်း  ဧက ၂၀၀ နှင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းငါးခုတို့ကို       လည်းကောင်း၊  ပြည်သူ့ဆက်ဆံရေးနှင့်    မွေးမြူ‌ရေး လုပ်ငန်းအတွက်     ရုပ်သံထပ်ဆင့်လွှင့်  စက်ရုံကိုးရုံ၊ စာတိုက်လေးခု၊     ကြေးနန်း လုပ်ငန်းသုံးခု၊     တယ်လီဖုန်းလုပ်ငန်း ၁၂ ခု၊ စာကြည့်တိုက်နှစ်ခုနှင့်     မွေးမြူ ရေးခြံနှစ်ခြံတို့ကို     လည်းကောင်း     နယ်စပ်ဒေသဖွံ့ဖြိုးရေး    ရန်ပုံငွေကျပ် သန်းပေါင်း ၂၀၅၇၃ ဒသမ ၅၁၀ ဖြင့်     အကောင်အထည်ဖော်ဆောင်ရွက်ပေး ခဲ့ပြီးဖြစ်ပါသည်။  


သဘာဝတရားကြီးက ပျော်ရွှင်ခြင်း အလင်္ကာများ တသီတတန်း   ပေးအပ်ထားသော်လည်း လောက၌ ဆန့်ကျင်ဘက်တို့ ဒွန်တွဲလျက် တည်ရှိနေကြဆဲဖြစ်၏။ အနိမ့်အမြင့်၊ အတက်အဆင်း၊  အလင်း အမှောင်၊ အပူအအေး၊      အဖြူအမည်း၊ ပန်းပွင့်နှင့်   မုန်တိုင်း၊  အနိုင်အရှုံး၊ ကိုးကွယ်ယုံကြည်မှုနှင့်  သိပ္ပံပညာ၊  ငြိမ်းချမ်းခြင်း   မငြိမ်းချမ်းခြင်း၊    ဖွံ့ဖြိုးခြင်း  မဖွံ့ဖြိုးခြင်း၊ ဒုက္ခနှင့်သုခ စသည် တို့သည် တစ်ခုနှင့်တစ်ခု ခံစားချက်ချင်း  မတူညီကြသလို  အဓိပ္ပာယ် ချင်းလည်း  ခြားနားနေကြသည်။
အမှန်တွေကို      မမြင်နိုင်အောင် တားဆီးနေသည့်အရာများက   နေရာတိုင်းမှာ ရှိနေကြပါသည်။
မတူသည်များကို တူအောင်ညှိနှိုင်းကြပြီး   ခြားနားမှုများကို   ပေါင်းစည်းအောင်  လုပ်နိုင်ကြလျှင်ဖြင့်  စစ်မှန်သည့် ချမ်းမြေ့ ပျော်ရွှင်သော   လောကကြီးကို         ပြောင်းလဲ    တည်ဆောက်နိုင်မည်ဟု     ယုံကြည်မိပါသည်။
ငြိမ်းချမ်းခြင်းနှင့်    ဖွံ့ဖြိုးခြင်းသည် တိုက်ရိုက်အချိုးကျ၏။  
(၁၀)
 ဒေသများ  ငြိမ်းချမ်းမှုရှိမှသာ    ဖွံ့ဖြိုးတိုးတက်ခြင်းများ       ရှင်သန်လာမည် ဖြစ်ပါ၏။
ကိုးကန့်ဒေသကား  ငြိမ်းချမ်းရေးပန်းခင်းကြီးမှသည် ဖွံ့ဖြိုး ရေးပန်းခင်းကြီးအဖြစ်       ဆင့်ကဲဖြစ်စဉ်များကို ဖြတ်သန်းလျက်           အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပေပြီ...။      ။