
နေပြည်တော် ဩဂုတ် ၂၀
ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးနည်းပညာ ပံ့ပိုးမှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုအခါ တစ်ပြည်လုံးတွင် အခြေခံ ပညာ အထက်တန်းကျောင်းများ တစ်ဆင့်ပြီးတစ်ဆင့် ပြန်လည်ဖွင့်လှစ် လျက်ရှိပြီး တစ်လတာကာလအတွင်း၌ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု မတွေ့ရှိရသေးသော်လည်း ဝန်ကြီး ဌာန နှစ်ခု ပူးပေါင်းပြုစုထားသည့် ဆန်းစစ်အကဲဖြတ်မှုပုံစံကို အသုံးပြု၍ စောင့်ကြည့် ဆန်းစစ်ခြင်းကို အရှိန်အဟုန်မပျက် ဆက်လက်၍ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စောင့်ကြည့်ဆန်းစစ်ခြင်းကို ပိုင်နိုင် သေချာစွာ ဆောင်ရွက်နိုင်မှသာလျှင် ရောဂါလက္ခဏာရှိ ကျောင်းသား ကျောင်းသူများကို စောစီးစွာ ရှာဖွေ ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ကာကွယ် ထိန်းချုပ်မှုလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ် သဖြင့် ယခုအချိန်တွင် စောင့်ကြည့် ဆန်းစစ်ခြင်းများသည် အဓိက လုပ်ငန်းဖြစ်ပါကြောင်း၊ ဆန်းစစ် အကဲဖြတ်မှုပုံစံများကို ဖြည့်စွက်၍ ကျန်းမာရေး၊ ပညာရေးနှင့် အထွေထွေ အုပ်ချုပ်ရေးတို့မှ တာဝန်ယူ လက်မှတ်ရေးထိုးကာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စုစည်းပြီး ဗဟိုအဆင့်သို့ ပေးပို့လျက်ရှိ သည်မှာ ကောင်းမွန်ပါကြောင်း၊ စောင့်ကြည့်ဆန်းစစ်အဖွဲ့များအနက် ကျောင်းတိုင်းရှိ ကျောင်းအုပ်၊ ကျောင်း ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ အဓိက ပါဝင်ဖွဲ့စည်း ထားသော စောင့်ကြည့်ဆန်းစစ်ရေး အဖွဲ့၏ ဆောင်ရွက်မှုသည် ယခုအချိန်၌ အရေးအကြီးဆုံး ဖြစ်ပါကြောင်း၊ ဤအဖွဲ့၏ ဆောင်ရွက်မှု ပီပြင်မှသာလျှင် ရောဂါတွေ့ရှိပါက စောစီးစွာ ထိန်းချုပ် နိုင်မည်ဖြစ်ပါကြောင်း။
လမ်းညွှန်ချက်များလိုက်နာ
ရန်ကုန်နှင့် မန္တလေးကဲ့သို့ လူဦးရေထူထပ်သော နေရာများရှိ ကျောင်းများတွင် ရောဂါကူးစက်မှု အန္တရာယ်ပိုများနိုင်သည် ဆိုသည့် အချက်ကို သတိပြုကြရမည်ဖြစ်ပါ ကြောင်း၊ အချက် ၈၀ ပါဝင်သော ဆန်းစစ်အကဲဖြတ်မှု ပုံစံများကို ပြန်လည်သုံးသပ်ပြီး အရေအတွက် လျှော့ချကာ အရေးကြီးသည့်အချက် များသာ ပါဝင်သည့် ပုံစံသစ်ကို ပြုပြင် စေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ကိုဗစ်- ၁၉ လူနာများ၏ ဗိုင်းရပ်စ်နမူနာများကို လေ့လာ ကြည့်ရာတွင် ၃၀ ရာခိုင်နှုန်းသည် D614G ဇီဝမျိုးဗီဇပြောင်းလဲမှုကို တွေ့ရှိရပြီး ၎င်းသည် ယခင်ကထက် ကူးစက်နိုင်စွမ်း (Infectiousness) သိသာစွာ ပိုမိုမြန်ဆန်ပါကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် အခြားနိုင်ငံများ တွင်လည်း ဗိုင်းရပ်စ်ပိုး၏ ဇီဝမျိုးဗီဇ ပြောင်းလဲနိုင်သည့်အတွက် မိမိတို့ သည် ကျောင်းသားများ စုစည်းရာ ကျောင်းများ၌ စည်းကမ်းလမ်းညွှန် ချက်များလိုက်နာရန် အထူးဂရုစိုက် ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ဆေးသုတေသနဦးစီးဌာနမှ ပညာရှင်များကို တာဝန်ပေး၍ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇခွဲခြမ်း စိတ်ဖြာမှု (Genomic Sequencing) ပြုလုပ်ခဲ့ရာ ဓာတ်ခွဲစစ်ဆေးသည့် နမူနာ ၁၀ ခု အနက် D614G ဗီဇ ပြောင်းလဲမှု ခြောက်ခုတွေ့ရှိရပါ ကြောင်း၊ ၎င်းတွေ့ရှိချက်အရ မိမိတို့နိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးသည် ဒုတိယ လှိုင်း အသွင်ဖြစ်ပွားရန် အလားအလာ ရှိသည့်အတွက် လုံးဝပေါ့ဆ၍ မရပါ ကြောင်း၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ကူးစက် ပျံ့နှံ့မှုများပြားနေသည့် အချိန်ဖြစ် သဖြင့် မိမိတို့အနေဖြင့် ၎င်းနိုင်ငံများ နှင့် နီးစပ်သော တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် အထူးပိုမိုဂရုစိုက်ရန် လိုအပ်ပါ ကြောင်း၊ ကျောင်းထဲမဝင်မီ တန်းစီ ချိန်တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ကာကွယ်ရေးလိုက်နာ ရမည့်အချက်များကို လက်ကိုင်အသံ ချဲ့စက်များ အသုံးပြု၍ တိုတိုနှင့်လိုရင်း မဖြစ်မနေ ကြေညာပေးရမည်ဖြစ် ကြောင်း၊ အတန်းတိုင်းတွင် စာမသင်မီ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ငါးမိနစ်ခန့် ပြောကြားခြင်းကိုလည်း ဆက်လက်ပြုလုပ်စေလိုပါကြောင်း။
နိုးနိုးကြားကြားရှိနေရမည်
ကျောင်းများတွင် ဆရာ ဆရာမ အချင်းချင်း၊ ကျောင်းသား ကျောင်းသူ အချင်းချင်း သတိပေး/ အသိပေးသည့် အစီအစဉ်များ ဆောင်ရွက်နိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနမှ ဆက်လက် ညွှန်ကြားပေးစေလိုပါ ကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ကို အမြဲအဆင်သင့် အနေအထားဖြင့် အမြဲနိုးနိုးကြားကြား ရှိနေရမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြား သည်။
လိုအပ်ချက်များ ဖြည့်ဆည်းပေး
ယင်းနောက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ကျောင်းသား ကျောင်းသူများ ပညာသင်ကြားခွင့် မဆုံးရှုံးစေရန်အတွက် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပံ့ပိုး ကူညီဆောင်ရွက်မှုများကို အထူး အသိအမှတ်ပြု ကျေးဇူးတင်ပါ ကြောင်း၊ ဇူလိုင် ၂၁ ရက်မှစ၍ အခြေခံပညာ အထက်တန်းကျောင်း များ ပြန်လည်ဖွင့်လှစ်ခဲ့ရာ မနက်ဖြန် ဆိုလျှင် တစ်လ ပြည့်မြောက်ပြီဖြစ်ပါ ကြောင်း၊ မိမိတို့ ပညာရေးဝန်ကြီးဌာန အနေဖြင့် ကလေးများ၏ ပညာရေးနှင့် ပညာသင်ယူခွင့်သည် အရေးကြီးဆုံး ဖြစ်သော်လည်း ယခုကဲ့သို့ ကမ္ဘာလုံး ဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်တွင် ကျန်းမာရေးရှုထောင့် မှ လုံခြုံဘေးကင်းစေရန်လည်း အလေးထား စဉ်းစားဆောင်ရွက်နေ ပါကြောင်း၊ ယခုအချိန်အထိ တစ်နိုင်ငံ လုံးတွင် ဖွင့်လှစ်ရန် ကျန်ရှိနေသော အခြေခံပညာအထက်တန်းကျောင်း ၆၁၀ အား Checklist နှင့်စစ်ဆေး လျက်ရှိပါကြောင်း၊ ၎င်း Checklist များကို ဗဟိုသို့ အမြန်ဆုံးပေးပို့၍ သတ်မှတ်ချက်နှင့်အညီ "A" အဆင့်ရ ကျောင်းများကို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကြီးကြပ်ဆန်းစစ် တွေ့ရှိချက်များအရ လိုအပ်ချက်များကို ပညာရေးဝန်ကြီး ဌာနမှ အမြန်ဖြည့်ဆည်းပေးမည် ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကကျောင်းများ တွင် ဘော်ဒါဆောင် တွဲဖက်ထားခြင်း ရှိ/ မရှိ မြေပြင် အခြေအနေကို သိရှိနိုင် ရန် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ များထံ သဘောထားတောင်းခံထားပါ ကြောင်း၊ ရောဂါကူးစက်မှု အခြေအနေ ပေါ်မူတည်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု အတိုင်း အချို့ကျောင်းများဖွင့်လှစ်မှုကို ခေတ္တဆိုင်းငံ့သွားမည်ဖြစ်ပါ ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော အဖွဲ့သုံးဖွဲ့ဖြင့် တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ ကျောင်းများတွင် နေ့စဉ် စောင့်ကြည့်စစ်ဆေးမှုများ ဆောင်ရွက်နေသကဲ့သို့ ရန်ကုန်နှင့် နေပြည်တော်ရှိ ကျောင်းများတွင် ရိုက်ကူးရေးအဖွဲ့များဖြင့် နေ့စဉ် မှတ်တမ်းတင် ထားပါကြောင်း ဆွေးနွေးပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ကျောင်းများ ပြန်လည် ဖွင့်လှစ်ချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နည်းပညာပံ့ပိုး မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက "A" အခြေအနေရှိ အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ် နိုင်ရန်အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျောင်းများတွင် ကိုဗစ်- ၁၉ ရောဂါ သံသယလက္ခဏာ ခံစားရသူ ရှိ/မရှိ နေ့စဉ် အစီရင်ခံမှု အခြေအနေ၊ စောင့်ကြည့်ဆန်းစစ်ခြင်း ဆောင်ရွက်မှုအခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အထက်တန်းအဆင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် နိုင်မှုအခြေအနေ၊ ကျောင်းများတွင် ရိုက်ကူးထားသည့် ဗီဒီယိုမှတ်တမ်း များနှင့် စောင့်ကြည့်ဆန်းစစ်မှုပုံစံဖြင့် စစ်ဆေးထားရှိမှုတို့ကို ရှင်းလင်း တင်ပြသည်။
ယင်းနောက် တက်ရောက်လာ ကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုကြပြီး ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးတို့က နိဂုံး ချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်